Kabyar Law Ka #1

ကိုချောရဲ့ ပုံးနေတဲ့မျက်မှန်

မနေချင်လည်းနေရ၊မပြန်ချင်လည်းပြန်ရဆိုတာ
မပျော်ချင်လည်းပျော်ရ၊ပျော်ချင်လည်းပျော်မရဆိုတာ
မိုးရွာအပြီးမျောရင်မျောပါသွား၊မဟုတ်ရင်
ဒဏ်တွေလိုစကားတွေလာပိကြတယ်ဆိုတာ
သည်းကြီးမည်းကြီးချိမ်းပြီးပတ်ကြားအက်တွေ
ခြောက်သယောင်းထဲကိုယ်ဟာ အခါလွန် သီးပွင့်ရမလို
ပေါက်မယ့်အညှောင့်ဟာကိုယ့်လက်ဖဝါးပေါ်
လည်ကလေးမလိမ်ရှာသွားခင်
ခွင့်လွှတ်ပါလို့မျက်ရည်စက်ကြီးဖြစ်သွားခဲ့ရှာတယ်
ရာဇဝင်မှာကမ္ဘာကျော်အကြားအမြင်ဆရာမ
ဖဲချပ်ကိုကြည့်ပြီးပြောတယ်၊ဒီမှာတွေ့လား
စုန်းတိုက်ခံထားရတဲ့တိုင်းပြည်
ယောက်ျားကောင်း၊မြင်းကောင်း၊စပါးကောင်း၊
ပညာရှင်ကောင်းမထွက်မယ့်အရပ်၊ တစ်ညနေသား
ကိုချောဟာ အင်းမ က ဗေဒင်ဆရာမဆီ
ဗေဒင်မေးဖို့ရောက်သွားတယ် ‘ယုံလို့တော့
မဟုတ်ပါဘူး ပညာသွားစမ်းတာ။ကိုယ်တောင်သူ့ကို
စိတ်အလွတ်ကြီးနဲ့ပြန်ဟောလိုက်ဦးမယ်’ အဲဒီည
ပြည်မြို့အဝင်စစ်ဌာနချုပ်ကိုဖြတ်သွားတော့

အချိန်မတော် စစ်သားတွေရဲ့ ခေါ်စစ်ခြင်းကိုခံရတယ်
၁၉၈၉ ကာဖြူးမရုပ်သိမ်းသေးမီ
မင်းကြီးတောင်ခြေသား
စကားအရာဒေဝတာကြောင့်
ကြမ္မာညှောင့်မခံလိုက်ရတာ
‘မြစ်ထဲကကြယ်တွေကိုမဆယ်ရဘူးကွဲ့’
အရှိတရားရဲ့မျက်ကွယ်မှာသူတို့အမြဲရှိကြတယ်
ဘဝဆိုတာသူတို့လည်းပါဝင်ရက်လုပ်ကြတဲ့အထည်
ဖြစ်ပုံကတော့၊နေ့ကောင်းရက်မြတ်တွေဟာ
ဇယ်ခုံတစ်ချက် မှန်ကင်းတစ်ချက်
ဇစ်ဇက်သွားနေတာကိုလည်းဓာတ်နှိုးလို့မရ
ကမ္မဝါဒရဲ့ဇလဗေဒမိုးကြီးလေကြီးတွေထဲ
မူလီပြုတ်ရ ပလပ်ကျွတ်ရနဲ့မပျော်ပျာ်ရွှင်ရ
သတိတော့ပေးတာပဲ ဖြစ်သွားပြီးခါမှ
မရှိတဲ့အစီအစဉ်ထဲကိုယ်ဟာအစီအစဉ်ဖြစ်သွားရ
ငါဟာယောက်ျားကောင်းလား၊မြင်းကောင်းလား
မင်းကြီးတောင်ခြေရဲ့မြေနီတွေဟာ
ငါ့ကိုသွေဖည်သွားပြီလား
အဲဒီအရာကိုငါဆုပ်ကိုင်လိုက်တယ်
ဘဝမှာသေချာတာဟာမသိရတာတွေ
ကိုယ့်လက်ဖဝါးပေါ်အမြစ်တွယ်ပြီး
မမြင်ရပဲပေါက်လာတယ်
စပါးကောင်း၊ပညာရှင်ကောင်း၊ခွင့်လွှတ်ပါ
စားသောက်ဆိုင်ကဧည့်ကြိုကောင်မလေး
လူမဝင်လို့တံခါးဝမှာကိုယ်လုံးလှလှလေးနဲ့
လမ်းပေါ်ရပ်ငေးတယ်
အနာဂတ်ကိုတော့ရောက်ချင်မှရောက်မှာ
အတိတ်ကတော့ ဂိတ်မရှိ၊တိုးမရှိ
တံတားမသိဓားနဲ့ညှိ
ခါလီမပြန်တဲ့စိတ်ရဲ့အမြန်ခရီးစဉ်
ဘဝဟာဘယ်တော့မှအဆင်သင့်မဖြစ်သေးဘူးဆိုတာ
မြစ်ပေါ်မျောတဲ့ခွေးသေပုပ်ရဲ့သစ္စာတရားဆိုတာ
ကမ်းနဘေးသူ့ထက်ငါအလုအယက်
ထိုးပွင့်ကြတဲ့ပန်းဝါလေးတွေ
အမည်ရှိကောင်းရှိပေမယ့် (ကိုယ်အပါအဝင်)
လူတွေမသိကြပဲ
ကြယ်တွေပဲသိကြတယ်ဆိုတာ။ ။

[‘ကဗျာလောက’#၁ မျက်နှာဖုံးပ်ါက
ကိုချောရဲ့ပုံ(မ)တူကိုကြည့်နေရင်း
ကိုချောကနှုတ်တိုက်ပေးလို့]

ဇယလ
၃၁ မတ် ‘၁ရ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>