ဒီနေ့မှာ ခေတ်ပေါ်ကဗျာဟာ ပျောက်သွားမှာ မဟုတ်ဘူး။
ခေတ်ပြိုင်ကဗျာထဲ မြစ်တစ်စင်းလို စီးဝင်လာလိမ့်မယ်။
ခေတ်ပြိုင်ကဗျာဟာလည်း အဲဒီတော့မှ မှန်တစ်ချပ်ကို ကောက်ရမယ်။
မှန်ထဲမှာ သူ့ကိုယ်သူမြင်သလို နောက်ခံမိုးသားတိမ်လိပ်တွေကအစ
မှန်ထဲ ပုံရိပ်များများ ဝင်နိုင်သလောက် နေရာပေးရင်
တောင်တန်းကြီးတွေ၊ ဒေသခံတောအုပ်ကြီးတွေပါ
မြင်လာလို့ရတယ်။ မြစ်ကြီးကိုပါ မလွဲမသွေ မြင်လာရလိမ့်မယ်။
အဲဒါဟာ ခေတ်ပြိုင်ကို ပြည့်စုံပြည့်ဖြိုးစေလိမ့်မယ်။
‘ပင်မရေစီး’ ဆိုတဲ့ စကားလုံးကိုပါ
ကောင်းသောအဓိပ္ပါယ် တစုံတရာ
ပြောင်းလဲသွားစေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။