ခြေသလုံးအိမ်တိုင်လှည့်လည်သွားနေသူဟာ
သူတစ်ယောက်တည်းပါပဲ။ သူမ ဝမ်းနည်းတဲ့အခါ
လမ်းပေါ်ထွက်သွားတယ်၊လူတွေနဲ့တွေ့ဖို့။
အတွဲကလေးရှိရင်တော့ တစ်နေရာမဟုတ်တစ်နေရာ
မုချသွားကြမှာပါပဲ။ ဆိုက်ပရပ်စ်ပင်ခြေရင်းမှာ
သူတို့လှဲအိပ်လိုက်ကြတယ်၊ငှက်တစ်ကောင်ရဲ့နံဘေးမှာ။
မိမိဟာမိုးကောင်းကင်ကိုစိတ်ကူးကြည့်လိုက်တယ်။
ယင်းဟာသူမရဲ့တောင်းတွေအပြင်လှိုင်းတွေကိုပါ
ဖြန့်ထွက်စေတယ်။မော်တော်ကားတာယာလုပ်တဲ့
မြို့လေးကနေ သူမ ထွက်လာခဲ့လိုက်တာဖြစ်တယ်။
ပုံပြင်ဇာတ်လမ်းတွေလုပ်ဖို့ဘာတွေသုံးသလဲ၊
လှေခါးထစ်တွေ၊ကြိုးတွေပေါ့။ သူများစကားထဲ
မိမိဟာ နှစ်ပေါင်းများစွာ ဖြတ်ဖြတ်ပြောနေခဲ့တာ
မိမိကိုယ်တိုင်တောင်သတိမထားမိခဲ့ဘူး။
ဟောဒီရှေးဟောင်းဥယျာဉ်။
မှောင်မည်းတဲ့ငါးသားဖောက်ကန်။
အင်္ကျီနဲ့ဘောင်းဘီတစ်ဆက်တည်းဝတ်ထားကြတဲ့
အလုပ်သမားတွေဟာ အာရုဏ်ဦးမှာ
သူတို့ရဲ့အဆိပ်တွေကိုပစ်ချကြတယ်။
အားလုံးကိုသရုပ်ဖော်ပြလို့မရဘူး။ ဒါဟာလုံးဝ
သဘာဝကျတဲ့ကိစ္စ။ အကယ်၍သူမ,ဟာ
အချစ်အကြောင်းစဉ်းစားနေခဲ့ရင် အိပ်ခန်းရဲ့
တံခါးကိုသူမ ချိုးဖျက်ဝင်သလား။
ဘယ်လုပ်ပါ့မလဲလေ။ လူပုံလည်မှာဒါမျိုးတွေ
ဘယ်သူထုတ်ပြောမှာလဲလေ။ ဘယ်ဘက်မှာ
ဆိုဖာထိုင်ခုံတစ်လုံးချထားတယ်။ မိမိတို့ဟာ
ကိုယ်ပိုင်အိမ်ရာတွေမရှိကြတဲ့အိမ်ငှားတွေပဲဖြစ်တယ်။
အကြောင်းအရာနဲ့ပတ်သက်လို့တော့ဒါပါပဲ။
အုံးထန်းပင်တွေကြားမျောလွင့်နေကြတာ
ဘေးတိုက်ပုံပဲမြင်ရတဲ့ဝတ်လစ်စလစ်တွေ။
အယူအဆဟာ ပို့စ်ကဒ်တစ်ကဒ်လို
တိုးရစ္စဆန်လိုက်တာ။ ဇာတ်ရုံမှာ မိမိရဲ့
ထိုင်ခုံဟာတကယ့်ကျဉ်းကျဉ်းကြပ်ကြပ်လေး။
လူတွေအထူးများပြားတဲ့ ရုံးတက်ရုံးဆင်းချိန်တွေကို
မိမိအထူးစိတ်ဝင်တစားစောင့်ကြည့်တယ်။
ရေးနေရင်းမှာပဲမေ့ပျောက်သွားတဲ့အရာတွေကို
မိမိအားလုံးချရေးတယ်။အထူးသဖြင့် ညဘက်တွေမှာ။
အခန်းတံခါးကိုအတွင်းထဲကနေ
မိမိဂျက်ချထားလိုက်တယ်။ ။
(Ralph Angel ရဲ့ Vertigo)
(AMERICAN HYBRID POETRY ကဗျာပေါင်းချုပ်မှ)
မှတ်ချက်။ Mainstream Lyric ကဗျာကို Experimental ရှုထောင့်ကနေ ကဗျာကို ‘ဖွဲ့စည်း’ ပြီး ပုဂ္ဂလိက လစ်ရစ်က် ကဗျာ ရဲ့ ပါဝင်ပစ္စည်းတွေကို ‘စူးစမ်း” ထားတာဖြစ်ပါတယ်။ ပင်မရေစီး လစ်ရစ်က် (“ခံစားမှု” ကဗျာ) နဲ့ LP/ Experimental တို့ရဲ့ဆုံစည်းမှု လို့ လည်း ဆိုပါတယ်။ -ဇေ။