ကဗျာအကြောင်းပြောပါတယ် (၂၀)

စကားပြေကဗျာဆိုတာ ဘာလဲ။ အင်္ဂလိပ်လို Prose poem လို့ခေါ်ပြီး poem prose လို့မခေါ်သလို မြန်မာမှာလည်း ကဗျာစကားပြေ လို့မခေါ်ပါဘူး။ ဆိုလိုတာက ‘ကဗျာ’ ဆိုတဲ့နာမ်ကို ‘စကားပြေ’ ဆိုတဲ့နာမဝိသေသနနဲ့အထူးပြုထားတာပါ။ ကဗျာအမျိုးမျိုးအစားစားထဲကအမျိုးအစားတစ်ခုပေါ့။ ‘ကဗျာဟာကဗျာပဲ၊ ခေါင်းစဉ်တွေမတပ်ပါနဲ့’ လို့ပြောတတ်တဲ့သူတွေကတော့ ဘာပြောမလဲမသိဘူးပေါ့။ တီ အက်စ် အဲလိယစ်တ်ဆို စကားပြေကဗျာကို ခါးခါးသီးသီး ဆန့်ကျင်ခဲ့သူပါ။

စကားပြေကဗျာကို တောင်မရောက် မြောက်မရောက်၊ ကြွက်လည်းမဟုတ်၊လင်းနို့လည်းမဟုတ်၊ အူကြောင်ကြားအရေးအသားလို့ဝေဖန်ကြတာတွေရှိပါတယ်။ ဒါကို ရသစာပေအမျိုးအစား ၂ခု ဖြစ်တဲ့ ကဗျာ နဲ့ စကားပြေတို့ကို ပေါင်းစပ်ထားတဲ့ hybrid သို့မဟုတ် fusion ဖြစ်တယ်လို့ ဆိုကြပါတယ်။ ကဗျာဆရာတွေရေးတဲ့စကားပြေ Poet’s Prose လို့လည်းခေါ်တာရှိပါသေးတယ်။ ကဗျာဆရာလုပ်ပြီး ကဗျာကို မနိုင်နင်းလို့ စကားပြေအဖြစ်လျှောကျသွားတာကိုဝန်မခံပဲ ရှက်ရမ်းရမ်းပြီး စကားပြေကဗျာ ဘာညာလို့ လျှောက်ပြောတာ ဖြစ်တယ်လို့လည်း သမုတ်ကြပါတယ်။ ကဗျာဆရာဆို ကဗျာပဲရေးပေါ့၊ဘာလို့ စကားပြေထဲ ဝင်ရှုပ်နေရတာလဲပေါ့။

ဒီနိုင်ငံမှာ စကားပြေကဗျာဟာ ဘယ်လိုအနေအထားရှိသလဲ။ တစ်ခါကပေါ်ထွက်ဘူးတဲ့ ‘စာညွန့်’ ဆိုတာ စကားပြေကဗျာလား၊ ကဗျာပစ္စည်းတွေပဲသုံးထားတဲ့စကားပြေလား။ သူ့ကိုသူ ဘယ်ဘက်ပိုယိမ်းတယ်လို့သဘောထားခဲ့သလဲ။ ကဗျာလား၊ စကားပြေလား။ စကားပြေကဗျာဟာ နိုင်ငံခြားကနေ ဘာသာပြန်နဲ့ ဝင်လာတာလား။ ဘယ်တုန်းက စသတိပြုမိကြသလဲ။

အနောက်တိုင်းမှာတော့ စကားပြေကဗျာဟာ သမိုင်းနဲ့အတူ တဆင့်ပြီးတဆင့်ဖွံ့ဖြိုးလာမှု၊အမျိုးအစားကွဲလာမှုတွေရှိပါတယ်။ ၁၉၉၀ တုန်းက အမေရိကန် ရသစာပေပူလစ်တ်ဇာဆုကို ချားလ်ဆီမစ်ခ်ျရဲ့ The World Doesn’t End စကားပြေကဗျာ ပေါင်းချုပ်ကိုပေးခဲ့လို့ ဟိုးလေးတကျော်တွေဖြစ်ခဲ့ရပါတယ်။ မျိုးမစစ်အရေးအသားကို အဖက်လုပ်ပေးရသလားပေါ့။

ဒါပေမယ့်၊ဒီနေ့မှာတော့၊ အမေရိကန်မှာစကားပြေကဗျာဟာ ရာနှုံးပြည့်ရသစာပေအမျိုးအစားထဲဝင်လာပြီး အထင်ကရ ပေါင်းချုပ်တွေဖြစ်ကြတဲ့ Michael Benedikt ရဲ့ The Prose Poem: An International Anthology၊ Michael Delville ရဲ့ The American ProsePoem စသည်တို့အပြင် စာပေပညာရှင် တို့ရဲ့ဖွဲ့တည်ရှင်းလင်းချက်စာအုပ်တွေဖြစ်ကြတဲ့ An Introduction to the Prose Poem၊ The American Prose Poem: Poetic Form and the Boundaries of Genre စတာတွေဟာ သမိုင်းမှတ်တိုင်ထူခဲ့ပြီလို့ဆိုနိုင်ပါတယ်။

အဲဒီတော့၊ဒီကဗျာအမျိုးအစားသစ်ကို စကားပြေကဗျာလို့ ခေါ်လိုက်တာကိုက စကတည်းကနားမလည်ခဲ့သူတွေအတွက် ပိုရှုပ်ထွေးစရာဖြစ်ပြီးဆဲစရာပိုဖြစ်ခဲ့ရတာပါ။ ကဗျာပုဒ်ကို လိုင်းနဲ့ မစီပဲ စကားပြေလိုစာရွက် မာဂျင်လိုင်း ဒီဘက်ဟိုဘက်အပြည့် စီတာ၊ စကားပြေရဲ့ကြောင်းကျိုးပြဆင်ခြင်ယုတ္တိထက် ကဗျာရဲ့ဂယက်အနက်များတွဲချိတ်မှုယုတ္တိ associative logic ကိုအခြေပြုတာ၊ စကားပြေလိုဝါကျပြည့်တွေသုံးခြင်းထက် ကဗျာမှာလို ဝါကျအပိုင်းအစ fragments တွေသုံးခြင်း၊ စကားပြေရဲ့ခွန်အားကို ကဗျာမှာယူငင်သုံးစွဲခြင်း၊ ရည်ရွယ်ချက် ကိုက စကားပြေအကျိုးသက်ရောက်မှုထက် ကဗျာအကျိုး
သက်ရောက်မှုကိုဦးတည်ခြင်း၊ စတာတွေဟာ ဒီကဗျာအမျိုးအစားရဲ့လက္ခဏာအချို့ဖြစ်ပါတယ်။

အမျိုးအစားကတော့ အစဉ်အလာ စကားပြေကဗျာ၊ ပုဂ္ဂိုလ်ရေးကိစ္စ/ပုဂ္ဂလိကကိစ္စအခြေပြု စကားပြေကဗျာ၊ နဲ့ အိပ်စ်ပယ်ရီမင်န်တလ်/စမ်းသပ်စကားပြေကဗျာ၊ လို့ခွဲခြားထားတာ ရှိပါတယ်။(တစ်မျိုးစီကို ဥပမာတွေနဲ့ပြလိုပါသေးတယ်)။

ကျွန်တော်ကတော့ ကဗျာတိုင်းကိုမကြိုက်သလို စကားပြေကဗျာတိုင်းကိုလည်းမကြိုက်ပါဘူး။ ကိုယ်စွဲမက်တဲ့စကားပြေကဗျာ ကိုလည်း လိုင်းတွေပြန်စီရေးချပြီးဖတ်တဲ့အကျင့်ရှိပါတယ်၊ ဥပမာ မက်တေးယား ဟာဗီ၊ ချားလ်ဆီမစ်ခ်ျ၊နဲ့ ရို့ဇ်မရီ ဝေါလ်ဒရောပ့်။

ကျွန်တော်ကိုယ်တိုင် စကားပြေကဗျာတွေရေးဘူးပေမယ့် ကဗျာကိုပဲ ပိုစွဲမက်ပါတယ်။ကျွန်တော့်ကဗျာတစ်ပုဒ်ပုဒ်ကို စကားပြေလို စီလိုက်ရင် စကားပြေကဗျာ ဖြစ်မလားဆို၊ ကို့်ကိုကိုယ်ပဲ ပြောရရင်၊ မထင်။

စကားပြေကဗျာဟာ ဒီထက်မက ပြောရ ဆိုရ ရှင်းပြရမှာဖြစ်ပြီး ဒီလိုပဲ ကောက်ခြစ်လိုလို ဘာလိုလို ရေးတာဟာ အပြစ်များဖြစ်လေမလား။

စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>