သင်တန်းသားတွေရဲ့ အက်ဆေးတွေကို တစ်ပုဒ်စီ ထိုင်စစ်နေရင်းက ရုတ်တရက် အမေ့ကို သတိရစိတ် ပေါ်လာတယ်။ ပူပူလောင်လာင်နေ့လည်ခင်းရဲ့တစ်နေရာက တွန်နေတဲ့ဥဩကြောင့်လား။ အိမ်ရှေ့ကဖြတ်သွားတဲ့ ထီသည်ဆောင်းဘောက်က ‘ကျေးဇူးရှင် ဖေဖေနဲ့မေမေ’ကြောင့်လား။
ကဗျာအတွေး၊ အရေး၊နဲ့အဖတ်မှာ ဒီကိစ္စဟာ အရေးပါတာ အရေးတယူပြောရမှာဖြစ်ပါတယ်။ association လို့ခေါ်တဲ့ အာရုံဖြစ်ပေါ်မှုတစ်ခုက နောက်တစ်ခုကို ချိတ်ဆက်နိုးထလာစေတာ ဖြစ်ပါတယ်။
ဥဩသံနဲ့ ဆောင်းဘောက်သံက တစ်ချိန်တည်းမှာ ဖြစ်ပြီး အမေ့ကိုသတိရမှုဟာ အကျိုးဆက်အားဖြင့် အာရုံနိုးကြားမှု ဖြစ်တယ်လို့ပြောလို့ရကောင်းရပေမယ့် မိမိရဲ့အာရုံစိုက်နေသော်လည်းသောကြာနေ့တိုင်း ပုံမှန်နေ့လည်ခင်းအိပ်ချိန်မှာ အက်ဆေးတွေထိုင်ခြစ်နေရတာလည်းပါမှာပါ။ ပြီး၊ အမေနဲ့ ဖုံးမပြောဖြစ်သေးတာရယ်၊ “သောကြာနေ့ဆို သားကို လာလည်ချင်ပေမယ့် သားဟာ ဒီတစ်ရက်လေးပဲအားပြီး ကျောင်းမသွားရပေမယ့် ကျောင်းအလုပ်တွေ လုပ်နေရတာ မေမေသိလို့ …” ဆိုတဲ့စကားဟာ စိတ်ထဲမှာ နာကျင်မှုတစ်ခုလို၊ အပြစ်စိတ်တစ်ခုလို စွဲနေတာရယ်။
ကဗျာဟာ စိတ်ကိုဖွဲ့တာ ဆိုတဲ့နေရာမှာ အရှိစိတ်၊ အသိစိတ်၊ သတိစိတ်နဲ့ မသိစိတ်တို့ရဲ့ ထွေပြားတဲ့ အပြန်အလှန်ဆက်ဆံနေမှုကို သတိပြုမိတာဖြစ်ပါတယ်။ အဲဒီထွေပြားစိတ်ဟာ တစ်ခုစီတစ်ခုပြီးတစ်ခုသွားတာမဟုတ်ပဲ နီးစပ်မြန်ဆန်လွန်းလို့ အပြိုင်လို ဖြစ်လာတာရယ်၊ မျဉ်းဖြောင့်သဘောမဆန်တာရယ်၊ အဲဒီ ထွေပြားတဲ့အာရုံခံစားမှုကို ပေးချင်လို့ အချိန်စီးကြောင်း၊ ဝါကျဖွဲ့ထုံး၊နဲ့ အာရုံရုပ်တို့ကို ‘ကစား’ လိုက်ခြင်းကိုယ်တိုင်က ‘ဖန်တီးမှု’ ကိုဖြစ်စေတာရယ်၊ သရုပ်မှန်ဖို့အတွက် ‘သရုပ်မှန်ရေးနည်း’ ကိုဖျက်လိုက်ရတာရယ်၊ ဒါတွေဟာ နည်းလည်းဖြစ်၊နည်းကိုယ်တိုင်ဟာ အကြောင်းအရာလည်းဖြစ်၊ တင်ပြလိုတဲ့အကြောင်းအရာကို (ကျွန်တော့အတွက်တော့) အစစ်မှန်ဆုံးတင်ပြတာလည်းဖြစ်ပါတယ်။
အဲသလို အာရုံရောစပ်ရေးနည်းကိုလည်း ကျွန်တော်ကြိုက်နှစ်သက် ပါတယ်။ အဲဒီမှာ ကြောင်းကျိုးဆင်ခြင်မှု၊ ယုတ္တိတန်မှု၊စတာတွေနဲ့ လာပြောရင် ဒါဟာ စိတ်ရဲ့သဘောကိုလည်းနားမလည်ခြင်း၊ ကဗျာ(အနုပညာ)ကိုလည်း နားမလည်ခြင်း၊ ကဗျာရေးခြင်းကိုလည်း နားမလည်ခြင်းလို့ပဲကျွန်တော်ထင်ပါတယ်။
စဉ်းစားမိတာပြာပါတယ်။
ကဗျာအကြောင်းပြောပါတယ်။ ။