ZLKontempo

ကဗျာအကြောင်းပြောပါတယ် (၁၇)

ကဗျာရေးသူဟာ ဖတ်သူကို ဘာပေးချင်တာလဲဆိုတာကို အကြိမ်ကြိမ် စဉ်းစားခဲ့ဘူးပါတယ်။သူ့အတွေ့အကြုံလား၊သူ့အဖြစ်အပျက်လား၊သူ့ခံစားမှုလား၊သူ့အတွေးလား၊ဘာလားပေါ့။ တစ်ချိန်မှာသိသွားတယ်။(သိသွားပြီလို့ပဲယူဆထားလိုက်မယ်။)

ကဗျာဆရာဟာဖတ်သူကိုကဗျာပေးတာဖြစ်တယ်။ အခြားဘာပဲပေးပေး၊ အဦးဆုံးနဲ အဓိကက ကဗျာပဲဖြစ်တယ်။

အကြောင်းအရာကတော့ရှိမှာပါ။အကြောင်းအရာတစ်ခုကိုအထိုင်ချပြီးကဗျာပစ္စည်းတွေသုံးရေးတာမျိုး။ အကြောင်းအရာတစ်ခုမကကိုလိမ်ယှက်ထားတာမျိုး။
အကြောင်းအရာဟုတ်တိပတ်တိမရှိသယောင် (ဝါ) အကြောင်းအရာ ကိုဝှက်ရေးတာမျိုး။ အကြောင်းအရာကိုမည်မည်ရရမပြောလိုပဲကဗျာရဲ့အလုပ်ကိုပဲလုပ်စေတာမျိုး။

အကြောင်းအရာဟာရေးသူရဲ့ပကတိတွေ့ကြုံဖြစ်ပျက်မှုပေါ်အခြေပြုနိုင်သလို ရေးသူရဲ့စိတ်ကူးဥဏ်ပေါ်လည်းအခြေပြုနိုင်ပါတယ်။ ပကတိတွေ့ကြုံဖြစ်ပျက်ခံစားမှုနဲ့စိတ်ကူးဥာဏ်ပါင်းစပ်မှုလည်းဖြစ်နိုင်ပါတယ်။

ရေးသားဖွဲ့နွဲ့တင်ပြပုံမှာအကြောင်းအရာပေါ်လွင်ရေးအဓိကထားတာမျိုး၊အကြောင်းအရာနဲ့အတူတင်ပြပုံပါသတိပြုမြင်မိစေတာမျိုး၊တင်ပြဖွဲ့နွဲ့မှုဆန်းကြယ်ပုံကိုပြသတာမျိုးတို့တွေ့ရပါတယ်။

‘ဆန်းကြယ်မှု’ဟာ ကဗျာမှာ အရေးကြီးတယ်လို့ ထင်ပါတယ်။ အသက်သွေးကြောလို့တောင်ပြောနိုင်မလားပဲ။ ရုရှပုံသဏ္ဍာန်ဝါဒမှာ ostranenie (အင်္ဂလိပ်လို defamiliarization / making strange)၊ မြန်မာလို ‘ဆန်းအောင်လုပ်ြခင်း’။ သူများထက်ဆန်းအောင်၊ မဆန်းဆန်းအောင် ဇွတ်လုပ်တာမဟုတ်ပဲ ရိုးစင်းခြင်းထဲမှာပင်လျှင် ဆန်းကြယ်တာကိုမြင်တတ်ခြင်း၊မြင်အောင်ဖွဲ့ပြခြင်းဖြစ်ပါတယ်။ ဘာသာစကားကို အထူးပြုသုံးစွဲခြင်းအားဖြင့်လည်းအဲဒီဆန်းကြယ်မှုကို ခံစားရရှိနိုင်ပါတယ်။

ကျွန်တော့်အတ္တနောမတိမှာတော့ အဲဒီဆန်းကြယ်မှုဆီသွားတဲ့၊ဆန်းကြယ်မှုနဲ့အံ့ဩမှုရသကိုရရှိစေတဲ့ကဗျာတွေဟာ အကြောင်းအရာဦးစားပေး ကဗျာအရေးအသားတွေထက် ‘ကဗျာဆန်’ ‘ကဗျာမြောက်’တယ်လို့ ထင်မိပါတယ်။

ကွယ်လွန်သူ တိုမာ့ရှ် ဆားလမန်း ယုံယုံကြည်ကြည် ရဲရဲဝင့်ဝင့်နဲ့ သာမန်ပြောရိုးပြောစဉ်လိုပြောလိုက်တာမျိုးဟာ ကျွန်တော့်အတွက် (တစ်ကြောင်းတည်းပင်ဖြစ်စေ) ကဗျာဓာတ်ကြွနေပါတယ်။

“I come from tonite.”
“မိမိဟာ ဒီညကလာတာ ဖြစ်တယ်။”

စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>