မင်းငါ့ကို ခါးခဲ့ပြီးမှ
အဲဒီအခါးမှာပဲ မင်းဟာ
ငါ့ရဲ့အမှန်ကို မင်းရဲ့အမှားနဲ့
ဘေးတိုက်ကြီး စီရင်ချလိုက်တာ
တောင်ပေါ်တက်ရဖို့
လိမ့်ကျသွားတဲ့ ကိုယ့်ကိုကိုယ်ပဲ
လူသူမရှိ လေချွန်ရင်း
ဆင်းဆင်းကောက်ခဲ့ရ
ပြန်ပြန်တွန်းတင်ခဲ့ရလို့ ပခုံးတွေ နဲ့ရတာ
မေးခွန်းတစ်ခုဟာ
နောက်မေးခွန်းတစ်ခုကို
ကျောစမ်းဖို့ ပခုံးဖက်တာ
မင်းထိုးမယ့်နေရာကို ငါကိုယ်တိုင်
ထိုးကွင်းပြခဲ့တာ
လတ္တီကျု ဘယ်လောက် လောင်ဂျီကျု ဘယ်သစ္စာ
ရှေးဟောင်းပုထိုးတွေမှာလည်း
သွေးနံ့ ညှီခဲ့တာ
ဒီတစ်ကြောင်းဆွဲမျဉ်းကို ငါ
ကွေ့ချပစ်လိုက်တယ်
လေကုန်နေတဲ့ အရပ်မှာ
လေကို တဟုန်ထိုးစီးပါလေ
ခိုင်မာတဲ့လှေခါးထစ်တွေ ငါဆင်းလာနေတယ်
ပုရပိုက်ပေါ်က အက္ခရာအစ
ငါပြန်ရှာနေတာဖြစ်တယ်
ငါ့ချိုမြိန်မှုမှာ မင်းသကာလာတူးလည်း
မင်းအတွက် ဘာထူးမယ်မထင်ဘူး
မင်းမမြင်ဘူးတာ
မင်းမြင်ဘူးမှာမဟုတ်ဘူး
ရူးပြီးသေတဲ့အဆင်တွေထဲမှာ မင်းဟာ အစမဟုတ်ဘူး
ငါ့သံသရာကုန် ငါကူးရင်း
ငါ့အလင်းအမှောင်ကိုပဲ ငါဖောင်ဖွဲ့ရမယ်
ငါ့ရေလမ်းကြောင်းမှာ မင်းကောမြေဟာ
အက်ကြောင်းတွေ ပတ်ကြားက တစတစ
ငါ့ဆီမှာ ငါမရှိတော့တဲ့ သီးမှည့်ကြွေချိန်မှာ
မင်းဟာလည်း မင်းရှိသေးသလား အလန့်တကြား
အဖြေဟာ မေးခွန်းကို ဖွဲ့ထုံးပြန်စစ်နေချိန်မှာပဲ
မင်းဟာ ငါ့အလင်္ကာထဲ ပြီးသွားမယ်
ငါ့ရိုးရာ ငါ့ကိုယ်ပွား
— မင်းကိုမင်း ငါ လို့ မင်းထင်ခဲ့တာ —
မင်းလင်းရင် ငါဟာမင်းရဲ့အရိပ်ပေါ့
မင်းမှောင်ရင်တော့
ငါ့လက်ထဲပဲ မင်းပြန်သက်ဆင်းရလိမ့်မယ်
ငါဟာမင်းရဲ့
ခါးသီးတဲ့ စီရင်ချက်ပဲ ဖြစ်တယ်လို့
ငါမပြောဘူး
ပြောပြန်ရင်လည်း ပြောစရာလိုမှာ မဟုတ်တော့ဘူး
ဒီငုတ်တိုင်မှာ ငါလည်း ဘုရားစူး။ ။
ဇယလ
၁၈ ဖေ ‘၁၇