‘အသစ်’အကြောင်းပြောပါတယ်။ အသစ်ရေးချင်တယ်လို့ လာပြောရင် ဘာလို့သစ်ချင်ရတာလဲလို့ပဲ ပြန်မေးပါတယ်။ ဟုတ်တယ်လေ။ ရှိရင်းစွဲ ကဗျာက ဟောင်းသွားလို့လား။ ရှိရင်းစွဲ ကဗျာအဆောက်အအုံ အင်စတီကျူးရှင်းတွေ ဟောင်းသွားလို့လား။ ရှိရင်းစွဲ ကဗျာဗေဒတွေ ဟောင်းသွားလို့လား။ ဘာမှမဟောင်းရင် ဘာလို့’သစ်’ချင်ရတာလဲ။
‘အသစ်’ လို့ပြောရင် ဒွိစနစ်ခေါင်းထဲစွဲပြီး ဆန့်ကျင်ဘက်ကို ‘အဟောင်း’ လို့မြင်တတ်တာဟာ အနုပညာမှာတော့မမှန်ပါဘူး။ အနုပညာမှာ ‘ရှိရင်းစွဲ’ နဲ့ ‘အသစ်’ပဲရှိပါတယ်။ ‘အသစ်’ဟာလည်း ကာလတစ်ခုမှာ’ရှိရင်းစွဲ’ရဲ့ အမြိုခံရတဲ့အတွက် နောက်ထပ် ‘အသစ်’ကို ထပ်လုပ်ရတာ ဖြစ်ပါတယ်။ ‘အသစ်’နဲ့ ‘ရှိရင်းစွဲ’ရဲ့ ဆက်ဆံရေးဟာ အမြဲ မူလ — ပဋိ — သမူဟ သဘောပါပဲ။’အသစ်’ရဲ့ မူလအယူအဆတွေ အတွေးအခေါ်တွေဟာ ‘အစွန်းရောက်’ အဆင့်ကနေ လက်ခံနိုင်တဲ့အဆင့် ရောက်သွားရင် ဒါဟာ ‘အသစ်’ရဲ့ နိဂုံးချုပ်ခြင်းပါပဲ။
ပေါင်းန်ဒ်ရဲ့ Make it new ကို ကိုးကားတတ်ကြပါတယ်။ ဒါပေမယ့် ပေါင်းန်ဒ်ပြောခဲ့တဲ့ စကားလုံး(၃)လုံး make ၊ it ၊ နဲ့ new ဟာ ဘာတွေကို ဆိုလိုတာလဲ။ ‘ယင်း’ ကို ‘အသစ် ဖြစ်အောင်’ ‘ပြုလုပ်’ မှာ ‘ယင်း’ဟာ ဘာလဲ။ ကဗျာလား။ ကဗျာရေးနည်းလား။ ကဗျာဆိုင်ရာ အတွေးအမြင် အသိအတတ်ပညာဖြစ်တဲ့ ကဗျာဗေဒလား။ ပစ္စည်းလား။ နည်းလား။ အတွေးအမြင်လား။ ကဗျာအသစ် လုံးလုံးကြီး ဖြစ်ချင်တာလား။
‘အသစ်ဖြစ်အောင်’ ဆိုတာက ရှိရင်းစွဲမှာလည်း မရှိ၊ ရှေးယခင် အစဉ်အလာမှာလည်း မရှိခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ‘အသစ်’ပြုလုပ်ခြင်းမှာလည်း မိုးပေါ်ကကျလာတာ မဟုတ်ပဲ ‘ပြုလုပ်’ရတဲ့ကိစ္စ ရှိပါတယ်။ ‘အသစ်’ပြုလုပ်တဲ့ နေရာမှာလည်း ‘ဆန်းသစ်မှု’နဲ့ ‘တီထွင်မှု’ဆိုတာ ရှိပါတယ်။ ရှိပြီးသားထဲက ယူသုံးပြီး သစ်အောင်လုပ်တာ ဆန်းသစ်မှု၊ လုံးဝမရှိဘူးတဲ့ဟာကို ရှိလာအောင်လုပ်တာ တီထွင်မှု။ တီထွင်မှုနဲ့ တွဲလာတာက စမ်းသပ်မှု။ ၂၀ရာစု မြန်မာကဗျာမှာ ခေတ်စမ်းရဲ့ လေးလုံးစပ်ဟာ ဆန်းသစ်မှု။ မော်ဒန်/ခေတ်ပေါ်ရဲ့ ကာရံမဲ့ကဗျာဟာ တီထွင်မှု။ အဲဒီတော့ ‘အသစ်’လုပ်ချင်ရင် ဆန်းသစ်ချင်တာလား၊ တီထွင်ချင်တာလား ဆိုတာလည်း သိထားဖို့က လိုပါတယ်။
နောက်တစ်ခုကကာလ၂ခုရဲ့စုံရပ်နဲ့ဆိုင်ပါတယ်။ သမိုင်းကြောင်းဖြစ်ပေါ်ဖွံ့ဖြိုးလာမှု (‘တိုးတက်’တာမဟုတ်ပါ။အနုပညာမှာပိုမိုဖွံ့ဖြိုးလာတာပဲရှိပြီး’တိုးတက်’လာတယ်ဆိုတာမရှိပါ) နဲ့ ပစ္စုပ္ပန်အနေအထားတို့ဖြစ်ပါတယ်။ ပစ္စုပ္ပန်အနေအထားဟာ မကြုံစဘူး တိုးတက်နေတာ ငြင်းလို့မရပါဘူး။သမိုင်းခေတ်၊ လူမှုစီးပွားယဉ်ကျေးမှုခေတ်၊ အဆင့်မြင့်နည်းပညာခေတ်၊ ပညာခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ကွန်ဆယူမာရစ်ဇင်မ် ခေတ်ကြီးဟာ မကြုံစဘူး အံ့ဩစရာပါပဲ။ လက်ထဲ ဟန်းဖုံးရောက်လာတာနဲ့ ကမ္ဘာကြီး ပြောင်းလဲသွားသလိုပါပဲ။ အသိသစ်၊ အမြင်သစ်၊ တွေ့ကြုံခံစားမှုသစ်တွေကနေ အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူတွေပါ လိုက်ပြောင်းကုန်ကြတာ အများကြိုက် ဖျော်ဖြေရေးနယ်ပယ်မှာဆို ကိုးရီးယားစီးရီးကနေ မြန်မာအိုင်ဒေါလ်အထိပါပဲ။မနောကလည်းဟော့တ်။ ဗိုလ်အောင်ဒင်ကလည်း ဒင်တာမှ ဘာဒင်သလဲမမေးနဲ့။ လူငယ်တွေရဲ့ နေထိုင်မှုဟန်ကြီးတစ်ခုလုံး ပြောင်းသွားတာ။
ဟုတ်ပါပြီတဲ့။ အကြောင်းအရာကို ပြန်သွားရရင် ခေတ်လူငယ်က ခေတ်ရဲ့ရိုက်ခတ်မှုကပေးလိုက်တဲ့ တွေ့ကြုံခံစားမှု အမျိုးအစားအရ၊ အလျဉ်အရ၊ လက်ငင်းအကျိုးသက်ရောက်လိုမှုအရ၊ နေ့ချင်းညချင်း ထင်ပေါ်ကျော်ကြားလိုမှုအရ၊ ‘ဘီးကြဲ’တွေနဲ့ မတူကွဲပြားလိုမှုအရ စတာတွေနဲ့နွယ်ပြီး သူတို့နဲ့ကိုက်ညီတဲ့၊ သူတို့ရင်ခုန်တဲ့၊ သူတို့ရဲ့တွေးခေါ်ဆင်ခြင်မှုနဲ့ သူတို့ရဲ့ ဘာသာစကားနဲ့ ရေးသားတဲ့ကဗျာ(‘သစ်’)တွေ လိုချင်လာတာ မဆန်းပါဘူး။ အထူးသဖြင့် လွတ်လပ်စွာ တွေးခေါ်ဖွင့်ဟပြောဆိုခွင့် တော်တော်လေးရလာတဲ့ ဒီနေ့ခေတ်။
ခေတ်ပြောင်းလို့ကဗျာပြောင်းတာမဟုတ်ပါဘူး။ကဗျာဆရာ(တွေ) ရဲ့ကဗျာကိုပြောင်းလိုက်မှုကြာင့်ကဗျာဟာပြောင်းလဲခဲ့တာ/ပြောင်းလဲတာဖြစ်ပါတယ်။ ကဗျာအကြောင်းဘာမှမသိသူတွေဟာ
ကဗျာကိုမပြောင်းနိုင်ပါဘူး။ ကဗျာအကြောင်းတီးမိခေါက်မိရုံမက ကိုယ်တိုင်လည်းကဗျာထဲစဉ်းစားတွေးခေါ်သွားလာနေထိုင်သူဖြစ်ဖို့လိုပါတယ်။ ကဗျာရဲ့သမိုင်းလမ်းကြောင်းကိုသိဖို့လိုပါတယ်။ လက်ရှိရောက်ရှိနေတဲ့ကဗျာကာလအနေအထားနဲ့လက်ရှိရေးနေကြတဲ့ကဗျာတွေကိုနှံ့စပ်ဖို့လိုပါတယ်။ ကိုယ်တိုင်ဟာကဗျာရေးသူဆို ကိုယ့်ဇစ်မြစ်ကိုယ်သိဖို့လိုပါတယ်။ကိုယ်ဘယ်ကလာတယ်ဆိုတာ ကိုယ်သိဖို့လိုပါတယ်။အဲလိုသိပြီးမှအသစ်လုပ်ချင်တယ်ဆိုရင်ဘာကိုသစ်မှာလဲ။လိုင်းဖွဲ့စည်းပုံကအစကဗျာပစ္စည်းတွေသုံးစွဲမှုအလယ်၊ကဗျာပုဒ်ဖွဲ့စည်းတည်ဆောက်မှုဒီဇိုင်းအဆုံးလား။ နောက်ခံ ကဗျာဗေဒသိမှုခိုင်ခိုင်မာမာရှိရဲ့လား။ကြားဘူးနားဝ၊ဖြတ်သွားဖြတ်လာမြင်ဘူးရုံနဲ့ ‘စမ်း(ရမ်း)’ လုပ်ချင်တာလား။ဘာကြောင့်သစ်ချင်ရတာလဲဆိုတာကိုယ်ကိုယ်တိုင် သေသေချာချာ သိရဲ့လား။ ရေးနည်းအသစ်တွေ ပေါ်လာလို့ နည်းကိုသာမြင်ပြီး နောက်ကွယ်သီအိုရီတွေ၊ ဖြစ်ပေါ်လာမှုသမိုင်းကြောင်းတွေ၊ပတ်သက်ရာကဗျာဗေဒနောက်ခံ တွေမသိပဲပျော်ပျော်ကြီးရေးလာရာကအချိန်တစ်ခုမှာ ဘာဆက်လုပ်ရမလဲ မသိတော့တာ၊ ကိုယ့်ကို ဘယ်လိုကဗျာအမျိုးအစားရေးသလဲလို့ မေးရင် မဖြေတတ်တာ၊ ရှိရင်းစွဲကဗျာတွေနဲ့ ကိုယ့်ကဗျာ ဘာတွေကွာလဲ မေးခံရရင် လှည်းအ,ခွေးနင်း(လှည်းကလည်းအ၊ ခွေးကလည်းတက်နင်း) ဖြစ်ရတာမျိုးတွေ။
အသစ်ပြုလုပ်တာကို ကျွန်တော်လုံးဝလိုလိုလားလား ထောက်ခံအားပေးပါတယ်။ကိုယ်တိုင်လည်း တတ်နိုင်သလောက် ကြိုးစားပါတယ်။ ဒါပေမယ့် အလွယ်တကူလုပ်လို့တော့ မရဘူးလို့ ပြောချင်ပါတယ်။ ပရိသတ်ကို ထားပါဦး၊ ကဗျာဆရာတွေကိုယ်တိုင် ကဗျာဆိုင်ရာဥာဏ်ရည်တွေ၊ လေ့လာဆည်းပူး စုတုပြုမှုတွေ၊ ကဗျာရဲ့ အနုပညာဆိုင်ရာ သိမှုတတ်မှုတွေ အတိုင်းအတာတစ်ခုအထိ မြင့်လာမှ ကဗျာအသစ်တစ်မျိုးမျိုး ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
အရေးအကြီးဆုံးကတော့ အနုပညာရှင်ရဲ့ စိတ်နေသဘေထားကို မွေးမြူနေထိုင်ကျင့်ကြံဖို့ပါပဲ။ အဲသလိုဆို သစ်စရာတွေဟာ အလိုလိုဖြစ်လာပါလိမ့်မယ်။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။