၂၀၁၆ ဒီဘက်ပိုင်းရေးတဲ့ ကျွန်တော့်ကဗျာတွေဟာ အကြောင်းအရာတစ်ခုဆီသွားဖို့ နိမိတ်ပုံတွေနဲ့ ဖွဲ့နွဲ့တာမဟုတ်ဘူးလို့ ကိုယ့်ကဗျာကိုယ် စိစစ်ချက်အရ တွေ့မိပါတယ်။ အခြေခံအကြောင်းတစ်ခုခုဟာ သေးမျှင်တဲ့မျဉ်းပါးပါးလေး၊ မထင်ရှားတဲ့ အရေးအကြောင်းလေးလို ကဗျာပုဒ်ထဲ ပါရှိနေပါတယ်။ အာရုံစိုက်ရာ ဗဟိုချက်အဖြစ်တော့ တွေ့ရမှာမဟုတ်ပါဘူး။
ပြီး၊ ယင်းနဲ့ယင်းရဲ့ ကျွန်တော့်အဈ္ဇတ္တဘဝထဲ တစ်နည်းတစ်ဖုံ ပတ်သက်ဆက်နွယ်နေတဲ့ အကြောင်းအရာတွေဟာ အဲဒီမူလအမျှင်မှာ လာလိမ်ယှက်ကြတာ ဖြစ်ပါတယ်။ ဒါကို ရေးပြီးမှ သိရတာပါ။ ရေးနေတုန်း ဘာပြီးရင် ဘာထည့်မယ်ဆိုတာ မရှိပါဘူး။ဆင်ခြင်မှုသက်သက်နဲ့ ပြုနေတာမဟုတ်လို့ပါပဲ။
ပြီးတော့၊ အဲဒီမူလလို့ ထင်ရတဲ့ အမျှင်ဟာ ပတ်သက်ရာတွေက ဆွဲထုတ်လာတော့ ဘယ်အမျှင်မဆိုဟာ မူလမဖြစ်နိုင်ဘူးလားဆိုတဲ့ လင်းပွင့်မှုနဲ့ ယခင်က ကျွန်တော်မရေးရဲ မရေးတတ် မရေးသင့်တွေကို ကျွန်တော်ကျော်လွှားလိုက်ပါပြီ။
အခု ၂၀၁၇ မှာရေးနေတဲ့ ကဗျာတွေကို ပျော်ပါတယ်။
ကိုယ်ပျော်တာ ကိုယ်လုပ်ရတာ ထပ်ဆင့်ပျော်စရာ။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။
၂ ဖေ ‘၁ရ