ကဗျာရေးတဲ့အခါ ကဗျာပုဒ်ထဲမှာ အချက်အလက်တွေ ပါကောင်းပါပြီး တမင်ထည့်ရေးတာတွေလည်း ရှိတယ်။ သမိုင်းဆိုင်ရာ၊ သိပ္ပံဆိုင်ရာ၊ ဆေးပညာဆိုင်ရာ၊ စိတ်ပညာဆိုင်ရာ၊ ဘာသာဗေဒဆိုင်ရာ၊ မနုဿဗေဒဆိုင်ရာ အစုံပါပဲ။
ဒါပေမယ့် ကဗျာဖြစ်ဖို့ရည်ရွယ်ချက်အောက် ပို့သွင်းလိုက်တာဖြစ်ပြီး ကဗျာပုဒ်ရဲ့အကျိုးကို သူတို့ဝင်သယ်ထမ်းကြရတာဖြစ်တယ်။ သူတို့ရဲ့ အချက်အလက်ဖြစ်ခြင်း တန်ဖိုးတွေဟာ ကဗျာပုဒ်ဆိုတဲ့ ဆက်စပ်ဝန်းကျင်သစ်ထဲမှာ တစ်မျိုးပြောင်းလဲသွားကြတယ်။ အချက်အလက်ကနေ နိမိတ်ပုံလိုလို ဖြစ်သွားတာလည်းရှိတယ်။ ‘လိုလို’လို့ ပြောတာဟာ ယတိပြတ် ပိုင်းဖြတ်နိုင်ခြင်း မရှိတာကို ဆိုလိုတာဖြစ်တယ်။အဲဒီအကျိုးသက်ရောက်မှု effect ကို ကိုယ်တိုင်ကြိုက်နှစ်သက်ပြီး တမင်ရအောင် လုပ်ယူတာလည်း ရှိပါတယ်။
အဲဒီမှာ ကဗျာသုံးဘာသာစကားနဲ့ စကားပြေသုံးဘာသာစကားတိုရဲ့ ကွဲပြားချက်တစ်ခုကို တွေ့မိပါတယ်။ အဓိကကတော့ ရည်ရွယ်ချက်မတူခြင်း။ စကားပြေဟာ ဘာသာစကားကို သတင်းအချက်အလက်ဖြနိ့ချိဖို့ သုံးတယ်။ ကဗျာဟာ ဘာသာစကားကို စိတ်ကူးဖန်တီးမှုအတွက် သုံးတယ်။ စကားပြေမှာ ဘာသာစကားဟာ ယာဉ်ပဲဖြစ်တယ်။ သယ်ဆောင်ရာ အတွေးထည်ဟာ အဓိက။ ကဗျာမှာတော့ ဘာသာစကားကိုယ်၌ကိုက သယ်ဆောင်ခြင်းရဲ့ အကြောင်းအရာယာဉ်ဖြစ်ပြီး သယ်ဆောင်ခံယာဉ်ရဲ့ ဖြစ်ပွားနေတဲ့ အကြောင်းအရာလည်း တပြိုင်နက်ဖြစ်တယ်။ စကားပြေကို စိတ်လမ်းကြောင်းတစ်ခုပေါ် တင်တာဖြစ်ရင် ကဗျာဟာ စိတ်လမ်းကြောင်း ကြိုတင်ပြောလို့လည်းမရ၊ ပြောင်းလည်းပြောင်းနေ၊ လမ်းကြောင်းသစ်တွေ ရုတ်ချည်းပေါ်လာနေကြတာလည်း ဖြစ်ပြန်တယ်။
စကားပြေဟာ သိစရာအကြောင်းအရာကို ပေးတယ်။ ကဗျာဟာ သိမှုကို စူးစမ်းစေတယ်။ သိမှုပြုခြင်းကို လေ့လာစေတယ်။ သိတဲ့အကြောင်းအရာကို အခြားအာရုံသိ၊ တွေ့ကြုံသိ၊ ခံစားသိ၊ စတာတွေနဲ့ ရောယှက်စေတယ်၊ ရောထွေးစေတယ်။ စိတ်ရဲ့အပိုင်းတစ်ပိုင်းတည်း မဟုတ်ပဲ တစ်ပိုင်းမကတဲ့ အပိုင်းပိုင်း၊ အသိုင်းအဝိုင်း၊ နယ်ပယ်အရပ်ရပ်ကို ရောယှက်မွှေနှောက်သိကြုံစေတယ်။ ဒါမှမဟုတ်၊ အဲသလိုဖြစ်စေဖို့ ပမ်းတယ်။ အဲသလို ပမ်းတဲ့နေရာမှာ ကြုံရင်ကြုံသလို အချက်အလက်တွေကို ထည့်’ချက်’လိုက်တာဖြစ်တယ်။
ပြဿနာရှိနိုင်တာက ဖတ်သူဟာ အချက်အလက်ကို အချက်အလက်အဖြစ် သီးခြားထုတ်ယူဖတ်ရှုတဲ့အခါ ကဗျာပုဒ်ရဲ့ လုပ်ဆောင်ချက်ဒီဂရီဟာ လျော့ကျသွားနိုင်ခြင်းဖြစ်တယ်။ ဒါပေမယ့်၊ ကဗျာဟာ ဖတ်သူကို ကဗျာဖတ်နည်း သင်ပေးနေရတာလည်း ဖြစ်တယ်မဟုတ်လား၊ ဘဝရဲ့ အတွေ့နဲ့အကြုံတွေလို။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြာင်းပြောပါတယ်။