တစ်ခါက အမေးခံခဲ့ရဘူးတယ် ။ကဗျာထဲက အဖြစ်အပျက်ဟာ တကယ်ဖြစ်ခဲ့တာလားတဲ့။ အဲဒါကဗျာပါလို့ ကျွန်တော်ပြောတာကို သူနားမလည်ဘူးလို့ ထင်ခဲ့တာ။ အခုပြန်စဉ်းစားတော့ သူနားမလည်တာ မဟုတ်ဘူး၊ သူနားလည်တယ်။ ဒါပေမယ့် သူနားလည်ထားတာကိုပဲ နားလည်တာဖြစ်တယ်။
အဲဒီကဗျာကလည်း ‘ငါအခြေပြုခံစားမှုလစ်ရစ်က်’ ကဗျာပုံစံ။
ကဗျာထဲကအဖြစ်အပျက်ဟာ
၁။ ကဗျာဆရာရဲ့ တကယ့်အဖြစ်အပျက်တိတိ
၂။ ကဗျာဆရာရဲ့ အဖြစ်အပျက်ပေမယ့် စိတ်ကူးနဲ့ပေါင်းစပ်
၃။ ကဗျာဆရာရဲ့ စိတ်ကူးသက်သက်
တစ်ခုခုဖြစ်လို့ရပါတယ်။
ကဗျာဟာ ကဗျာဆရာရဲ့ တကယ့်အဖြစ်အပျက်အကြောင်းပဲ ဖြစ်ရမယ်လို့ လှေနံဓားထစ် တလွဲတချော် လက်ခံထားကြသူတွေ တွေ့ရများပါတယ်။
ကဗျာဆိုတာ “စိတ်ကူးနဲ့ ဖန်တီးရတဲ့ ဘာသာစကား အနုပညာ” ဆိုတာကို သိပုံမပေါ်ဘူး။ အဲဒါကြောင့်လည်း ကဗျာပုဒ် တော်တော်များများဟာ ဒိုင်ယာရီစာ
မျက်နှာပေါ်က အရေးအသားမျိုးတွေနဲ့ တူနေကြတယ်။
စိတ်ကူး imagination လို့ ပြောလိုက်ရင်လည်း နိမိတ်ပုံရှာတာလောက်ကိုပဲ ‘စိတ်ကူး’လို့ နားလည်ကြတယ်။ သူတို့ရဲ့ ကဗျာအကြောင်းအရာက အသေထိုင်ထားပြီးပြီကိုး။ ကဗျာပုဒ်ဟာ ဘယ်လိုဖြစ်လာမယ်မှန်း ကြိုပြောလို့မရတဲ့ အပွင့်စိတ်ကူးကြီးတစ်ခုလုံးကို ကြုံလည်းမကြုံ၊ သိလည်းသိဘူးပုံ မပေါ်ကြဘူး။ ကဗျာထဲက အဖြစ်အပျက်တစ်ခုလုံးကြီးကို စိတ်ကူးနဲ့ ‘ဖန်တီး’လို့ရတယ်ဆိုတာ မသိတာလားတော့ မသိပါဘူး။
နောက်ပြီးတော့ အဖြစ်အပျက်ရဲ့ ကာယကံရှင် ‘ငါ’။ ဒီ ‘ငါ’ ဟာ
၁။ ကဗျာဆရာကိုယ်တိုင်လည်း ဖြစ်လို့ရတယ်။
၂။ ကဗျာဆရာနဲ့ အခြားတစ်ယောက် စိတ်ကူးနဲ့ ပေါင်းစပ်တာလည်း ဖြစ်လို့ရတယ်။
၃။ ကဗျာဆရာရဲ့ စိတ်ကူးဇာတ်ကောင်လုံးလုံးလည်း ဖြစ်နိုင်တယ်။
ဒီကိစ္စတွေပေါ် အခြေခံပြီး ကဗျာပုံစံတွေ ကွဲကြတာပဲဖြစ်တယ်။ ဒီသဘောထားတွေရဲ့ ကွာခြားမှုကြောင့် အစဉ်အလာကဗျာ၊ ခေတ်ပေါ်ကဗျာ၊ ခေတ်ပြိုင်ကဗျာ၊ အိပ်စ်ပယ်ရီမင်န်တလ်ကဗျာ စသည်ဖြင့် ကွဲပြားလာတာကို ဘယ်လိုဆက်ပြောရမလဲ။ ပြောချင်လို့ မဟုတ်ပါဘူး။ ကဗျာပါရာဒိုင်းအရွေ့တွေ။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။