ဘူဆန်းမြို့အသွားသံလမ်းတလျောက်
ဘူတာတွေမှာ သွေးဆာဇော်မ်ဘီတွေ
သွားလာကြတယ်။ သားအဖရဲ့ သွေးချင်းဆက်ထဲက
သက်သေတွေအားလုံး၊ အသက်အရွယ်တွေရဲ့ ပါးစပ်ပေါက်တွေ
အစဉ်အလာကို အငတ်ထားလိုက်တယ်
သူဟာ သူ့အဖေနဲ့ အလားဂျစ်ဖြစ်နေတာမှ စနစ်တကျ။
ကိုက်စားလိုက်တယ် ကိုယ့်အလွယ်ဆုံး ခန္ဓာကိုယ်
အစတုန်းက မိမိတို့ဟာ ရှေးဟောင်းလျှို့ဝှက်ဘာသာဝင်တွေ၊
မြေအောက်ဂူတွေထဲမှာပဲ အောင်းပြီး ဝတ်ပြုခဲ့ကြတယ်။
အများကြီးပဲ ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံခဲ့ကြရတယ်။
မိမိတို့အတွက် သာသနာ့အာဇာနည်တွေ၊ သူတော်စင်တွေ။
အခု မိမိတို့ အလင်းထဲရောက်လာကြပြီ။
သူဟာ မင်းသားပဲ။
သူ့အတွက်ပဲ ဝိုင်းအသက်ရှင်ပေးကြဖို့။ သူ့အလိုကျ
သူ့ကိုဗဟိုပြုဌာပနာဖို့။ ကိုးကွယ်ဖို့။
ကောင်းကင်ဘုံကလည်း မိမိတို့ လာကြတယ်။
ငွေရောင်အလင်းတန်းတွေနဲ့။ ငရဲလို့ ခေါ်တဲ့အရပ်
ကလည်း အူသံတွေနဲ့ လာကြတယ်။ လူ့အရပ်က အဓိက၊
ဘာသာဗေဒ၊ စိတ္တဗေဒ၊ လူမှုဗေဒ။
“ကြာ”တော့ ကြာပဲ။ အဖေပေးတာ “ကြာပွတ်”။
အဲဒီဆက်ဆံရေးသွေးကြောဟာ မိမိတို့ယန္တယားရဲ့
ရေနံပိုက်လိုင်းပဲ။ လုံခြုံရေးမျက်ကွယ်မှာ
နံရံတွေကိုဖောက်၊ အစကတော့ သောက်ရုံပဲ။
ပြီး၊ ဝင်ရောက်စီးဆင်း ပွားများလိုက်ကြတယ်။
ဖခင်စိုးမိုးရေးဝါဒဟာ သားတွေကို ချီးမြှောက်တာ
မဟုတ်ရင် သတ်ပစ်လိုက်တာပဲ။ အမြဲရိုကျိုးနေအောင်။
မြို့ရိုးတွေ၊ သူရဲခိုတွေ၊ မြို့ဦးဘုန်းကြီးကျောင်း။
သင်ဘာလုပ်နိုင်မလဲ။ သင်ဟာ ပါဝါပင့်ကူအိမ်ထဲ
သင့်လူဖြစ်လိုမှုနဲ့ လည်မြိုငြိတွယ်။ အဘ
ဘုရားသခင်ရဲ့ နေမဝင်သြဇာအင်ပါယာ။ ဗဟိုရ်စည်။
နားလည်ဖို့ ကြိုးစားနေရခြင်းကနေ လွတ်မြောက်ချင်တယ်။
ထူထောင်ထားတဲ့ တိုင်လုံးတွေကို လှုပ်။ ပေးထားချက်
“အထွတ်အမြတ်” ။ အမေနဲ့ အိပ်ချင်တဲ့ သွေးဦးထဲကပွန်း။
နားလည်လာလေ အဖေကိုချစ်တဲ့ မြို့ပြဦးရေ
တောခိုလာလေ။ အဖေရဲ့ရဲဘော်ထက်ရဲဘက်တွေ။
“မင်း လူပါးမဝနဲ့။ မင်းကို ငါလုပ်လို့ မွေးလာတာ”။
ကိုယ့်အဆုတ်ထဲက သွေးခဲဟာ လပြည့်ညပဲ။
(fuck you, father) အချို့စကားလုံးတွေကို ကြားနေ
သုံးစွဲလို့မရဘူး။ သူဟာ လူလိမ္မာလိုကြားနေ
သံခင်းတမန်ခင်းစကား ပြောတတ်တာ၊ ရုပ်ထွက်ကောင်းတာ။
အဓိပ္ပါယ်ထက် အသံကောင်းရွေးပြောတတ်တာ။ “စစ်ပွဲတွေ
အဆုံးသတ်” လို့ ဆိုပေမယ့် သူလိုတာက
ငြိမ်းချမ်းရေးကို မရပ်သေးရင် ရက်ရွှေ့ထားဖို့။
အမှန်တရားကို ဖခင်ဖြစ်မှုထဲ ဖွဲ့စည်းပုံနဲ့အတူ။
သားဟာ ဦးနှောက်ကို ပတ်တီးစီးထားတယ်၊ လှလှပပ
သွေးစက်သွေးပွင့်တွေပါပဲ။ ပြုံးပြနေတာ။
ဇာတ်အတက်မှာ နတ်သက်ကြွေစရာပဲရှိတော့တယ်။
ဘာဝါကျမှ မထွက်တော့ဘူး၊ အဟင့်တွေ အဟက်တွေပဲ။
မြေအောက်
သံလမ်းလှိုဏ်ဂူနံရံတွေမှာ ပြောက်ကျား
“ဖခင်ရဲ့ဖိနှိပ်မှု ကျဆုံးပါစေ” စာသားဟာ လျှပ်တပြက်
အလင်းထဲဝင်းကနဲ၊ ဘူတာရောက်ရင် အလင်းထဲ
လူအုပ်ထဲ အဖေဟာ သားကို လာကြိုနေလိမ့်မယ်။
သူ့လက်ပတ်နာရီထဲက စိတ်ကို အချိန်နဲ့ တိုက်ကြည့်လို့။
သွေးထဲက ယားလာနေတာ တော်လှန်တဲ့ တသီးပုဂ္ဂလ
ဝါဒလား။ ထောက်လှမ်းရေးချော့ပါဟာ တောင်ပံကားပြီး
ကောင်းကင်ပေါ်မှာ ပျံဝဲလို့နေတယ် ။ ။
1 Jan 2017
မှတ်ချက် — Train to Busan ကိုရီးယားရုပ်ရှင်
[ပွန်း = porn
ချော့ပါ = chopper / helicopter ]