ကိုယ်ဟာကြောင်ချစ်တတ်လို့ 
သူတို့ ကိုယ့်ကိုပြဇာတ်ထဲမှာ
ကြောင်သရုပ်ဆောင်ခိုင်းကြတယ်
ရာသီဥတုဟာလည်းပရိသတ်လိုပဲ
တော်တော်ကြောင်တာပဲ
နှလုံးသားထဲပေါက်နေတာကို
ကြောင်မွေးတွေနဲ့ ဖါလိုက်တယ်
နေသာတဲ့နေ့ တွေမှာ
နှလုံးသားဟာကြောင်တစ်ကောင်လိုအော်တော့တယ်
မိတ်လိုက်ရာသီမှာလို
အချိန်တိုင်းမိတ်လိုက်နေတာပဲမိတ်လို့ ထင်ရာတွေ
စိတ်ထဲမှာမိတ်ဖုကြီးတွေပေါက်ပြီး
မကုတ်နိုင်တော့တဲ့အထိ
ကိုယ်ဟာဆံပင်တွေပြာလာပြီ
တစ်ချမ်းနီနေသေးတာကို
ဖီးလိုက်တိုင်း
လျှပ်စီးတွေကျွတ်ကျလာကြတယ်ဘာကို
ယုံရမလဲကိုသူများတွေလည်း
ကိုယ့်လိုယုံကြည်ကြမှာပဲ
အဲဒါငါ့ခြေချောင်းတွေပေါ့လို့ 
လူသေကပိုင်ဆိုင်ထားသလိုပဲ
အသက်တစ်ရက်တစ်မနက်မှာ
အနက်တစ်ရက်အသက်ပြီးသွားတယ်
တစ်မနက်ကြီးများတောင်နေခဲ့ရတာပဲ
ဘာမနက်မှမရှိခဲ့တဲ့ရက်များစွာထဲမှာ
ကိုယ်ဟာမရှိတဲ့ပျိုမေကို
မရှိတဲ့ဘင်ဂျိုလေးတီးနေခဲ့တယ်
စင်ပေါ်ကကိုယ့်ကိုဒင်းတို့ 
အတင်းစွဲချပြန်လေတယ်
ဘယ့်နှယ်ကြောင်စုန်း
ငါးခုန်းထီးဇာတ်တစ်စီးလုံးပုပ်ရတယ်
တိုက်ပါ့လေပြင်းလေပြင်းတိုက်ပါ့
လောကဓံဒဏ်ခံကြိုးလေးနဲ့ 
ကိုယ်ဟာလေထဲကောက်ရိုးတစ်စ
ပြသာဒ်မီးလောင်အခိုးတွေနဲ့ 
ဒါပေမယ့်ဘယ်သူ့ အပြစ်မှမဟုတ်ခဲ့ပါဘူး
လေရူးသည်သာဦးတည်ရာ
အနာဂတ်ဟာအနာမှာကပ်နေတယ်သစ္စာရှင်ကြီး
ကြောင်လိုအော်တတ်ရင်ချောင်ခိုလည်းစောင်းတတ်မှာပေါ့
ကိုယ့်ခြေထောက်ပေါ်ကိုကိုယ်ရပ်တည်နေပါတယ်
ခပ်တည်တည်ပဲ
ရယ်သံဟာငိုသံငိုသံဟာရယ်သံကိုယ်လောင်မြိုက်လိုက်ပါတယ်
ကိုယ်ဟာကြောင်ဆိုတော့လည်း
အဲသလောက်တော့အောင်မြင်ရမှပေါ့
လူတိုင်းနီးပါးရှုံးနေတဲ့လောကကြီးမှာ
ကိုယ်ဟာအမြီးတထောင်ထောင်
ကိုယ်သာ ‘ညောင်’ လိုက်ရင်ဒင်းတို့ မီးကွင်းစွပ်ကြမှာ
ဇာတ်ဆရာဆိုတာရပ်စရာခြေထောက်မရှိဖြစ်သွားမယ်
အတိအလင်းကြေညာကြတာတွေရဲ့တစ်ဝက်ပုန်းတွေ
လူလုံးကမလှတော့လူပြားက
ဝင်အသုံးတော်ခံခဲ့ရတဲ့ရာဇဝင်
ပျော်ရွှင်ကြတာမှကြောက်စရာအတိပဲ
ကောင်းကင်ပြာသောဒီနေ့ မှာ
ဤ၍နဲ့ ဤမျှသာ
မီးခိုးလုံးထဲပျောက်ကွယ်သွားကြတော့မှာတခဲနက်
ကိုယ့်အဖိုးလေးဟာလည်း
ပြည်လှဖေအတွက်သီချင်းရေးပေးခဲ့တာ
အဲသလိုများပြောဖြစ်ချင်မှပြောဖြစ်လိုက်မိရင်
ကိုယ့်ကိုကြောင်လိမ်လှေကားပေါ်က
ပစ်ချလိုက်မယ့်ဖြစ်ခြင်း။ ။
ဇယလ
16 sept. ’16