ဆေဇန်းဟာစိတ်လိုလက်ရသူ့မိန်းမပုံတူပန်းချီကား
ဆွဲဖို့ထိုင်ခိုင်းရင်းအော်လိုက်တယ်
ဘယ်လိုဖြစ်နေတာလဲ
ပန်းသီးတစ်လုံးလိုငြိမ်ငြိမ်မနေတတ်ဘူးလား
‘ဘဝဟာအဓိပ္ပါယ်ရှိတယ်’ နဲ့ ‘ဘဝဟာအဓိပ္ပါယ်မရှိဘူး’ ဟာ
တစ်ဆင်ပဲ
နှလုံးတစ်ခုလုံးရဲ့အလုပ်
၈ % ပဲလုပ်နိုင်တာဟာလည်း
သူလိုကိုယ်လို ဘဝတဏှာပဲ
ရေနဲ့လုပ်တဲ့မိုးတိမ်တွေ
ကျမယ့်ကျရင်တောင်မှ ပိုမြင့်မားစွာကျချင်သတဲ့
ဘက်ကစ်တ်ကိုသတိရတယ်
‘ရှုံးမှာပါ ဘဝဆိုတာ ပိုကောင်းမွန်အောင်ရှုံးလိုက်ပါ’
ခေါင်းလောင်းထိုးသံနာရီလက်တံဘယ်သူ့ထံ
ဘဝရေ ငါ့ကိုအံ့သြအောင်လုပ်နိုင်တာ
ဒါအကုန်ပဲလား ဆန်းကြယ်ဘွယ်ပဟေဠိမဟုတ်ရင်
ကိုက်ခဲ့တဲ့လက်သန်းလေးဟာဘာအတွက်
ကြယ်တွေပွင့်နေသလဲ အဲဒီနှလုံးဟာဘာအတွက်
ကြာတွေဖူးနေသလဲ ရှင်သန်မှုလမ်းညွှန်စာအုပ်
အရည်ကျိုသောက်ပြီးထားကြသူတွေပဲမဟုတ်ဘူးလား
ရှာလေဝေးလေ ချုပ်လေလှုပ်လေ ချီလေပြီလေ
ငြင်းလို့မရတဲ့ရှင်ခြင်းထဲမှာ ရယ်မောခြင်းဟာ
စစ်မြေပြင်မှာ ယာယီအပစ်အခတ်ရပ်ဆဲခိုက်
မမြှုပ်နှံရသေးတဲ့ရဲဘော်အလောင်းနဲ့
ဆေးလိပ်တစ်လိပ်မျှသောက်ဖို့
တိတ်တဆိတ်ငိုကြွေးဖို့ ပွင့်လန်းဖို့
အသက်တွေရလာဖို့ အချစ်မီးကိုမွှေးရဖို့
၅၀ % လောက်တရားဖို့တွေ
မျက်စိတစ်မှိတ်နဲ့တစ်မှိတ်ကြားချိတ်ဆက်ပြတ်မှုတွေထဲမှာ
လျှပ်တပြက်အချိတ်အဆက်တွေ
ကြိုးတန်းပေါ်လျှောက်နေရင်းအမှောင်တရားကို
စူးမြက်ရတာအလှတစ်ပါးလို
ရယ်တဲ့မျက်ရည်မှာရော ငိုတဲ့မျက်ရည်မှာပါ
အငန်ဓါတ်ပါရှိကြတာ
နှလုံးအစားထိုးကုသခံရမှုလိုအပ်ချက်စာရင်းဟာရှည်ပြီး
နှလုံးလှူလိုသူစာရင်းဟာမရှိသလောက်နည်းပါးတာတွေ
နှလုံးရပ်မသွားခင်မှာပဲဘယ်လိုင်းမဆိုဆုံးရတာ
တည့်တည့်သွားရင်မဖြောင့်ဖြူးတတ်တာ
သိပ်လိုချင်သပတွေမရခဲ့လို့မရှိခဲ့တာလည်းမဟုတ်ခဲ့တာ
ရွှမ်းမှည့်နေတာပြန်ရှက်နေတဲ့ စိတ်ရဲ့ရင်သားတွေလို
ရာသီတစ်ခုလုံးရဲ့အသီးအပွင့်တွေဟာ
ဖျင်မရတဲ့သင်္ကေတတွေဖြစ်သွားကြပြီလေ
နီရဲတဲ့သွေးဟာပြာမှိုင်းသွားခဲ့တာလည်းကြုံဘူးကြမှာပါ
အချိန်မတော် ပြန်မလာတဲ့
ကြောင်မလေးကိုဟိုးလေးတကြော်တညောင်ညောင်နဲ့
ခေါ်ရတာတွေ
လက်သန်းမှာအရောင်ဆိုးပြီးဖြုတ်ချခဲ့ရတာတွေ
ကိုယ့်အရိပ်ထဲမှာပဲ ကိုယ့်ပုံရိပ်ကိုငုံ့ကြည့်ရတာတွေ
(အဲဒီမှာ တလားပီးယားဟာဖြတ်ကူးသွားသေးတယ်)်
မပြောင်းလဲတာတွေဟာပြောင်းလဲမှာပဲဆိုတဲ့
မပြောင်းလဲတဲ့အရာတွေ
နှလုံးအထူးကုဆရာဝန်ရှေ့မှောက်
ရင်ဘတ်ကိုဖိပြီးရယ်နေရတာ
မိန်းမရဲ့လက်နွေးနွေးကိုဖြစ်ညှစ်ရတာတွေ
တစ်ဘဝထဲမှာပဲဒုတိယဘဝပြန်ရမလား
ချစ်သောသူများကိုလိုတမရသတိရစွာ
တိုမာ့ရှ်ကတော့ဘရိန်းကင်ဆာနဲ့ရှေ့ရထားမှာပါသွားပြီ
ဒီးန်ရေ
ဒုတိယအကြိမ်အခွင့်အရေးရရင်
မင်းကိုယ့်ကိုပြန်ချစ်နိုင်မလားအချစ်ရေ
ွမက်မွန်သီးခူးတဲ့ယာယီနေ့စားအလုပ်ကြမ်းသမားလေးဟာ
သူခူးပြီးမစားရတဲ့မက်မွန်သီးတွေ
သူ့ကိုစိတ်တိုင်းကျဆွတ်နေခဲ့တာ
သူ့ဘဝမှာဘာတွေလှိုင်လှိုင်ဝေနေလို့လဲ
အို ကဗျာဆရာ ။ ။
ဇယလ
tues 12 july ’16