(‘သေပုံသေနည်းများ’ ‘Modes of Death’ / ‘Todesarten’: 1995:Ingeborg Bachmann ရဲ့စကားပြေပေါင်းချုပ်ခေါင်းစဉ်)
မီးတောင်ပေါက်ကွဲမှုအပြီး
ခြေရင်းပြာပုံထဲက ပြာတွေဖုံးလို့
ရှို့တို့ရှန့်တန့်ထလာကြတယ်
အသွင်ပြောင်းမှုမှာ မင်းနဲ့ငါ
ရုတ်တရက်
တစ်ယောက်နဲ့တစ်ယောက်မမှတ်မိသလိုနဲ့
ပြီး
တင်းတင်းကြပ်ကြပ်
ဖက်ထားလိုက်ကြတယ်
မမြင်ရတဲ့မင့်မျက်နှာဟာ ငါ့ပခုံးပေါ်မှာ
မင့်ဆံပင်ရဲ့လှိုင်းရိုက်သံတွေဟာ ငါ့နားထဲရိုက်ခတ်
ဖန်ဆင်းရှင်မှုတ်ထုတ်လိုက်တဲ့
အသက်ဓါတ်တော်
မင်းဟာဧဝအဖြစ် ငါဟာအာဒံအဖြစ်
ဖိုမအဖြစ်
ဝတ်မှုန်နဲ့ဝတ်ဆံ နွဲ့နှောင်းတဲ့အတံ
မြူဆမှုတ်သွင်းလိုက်တဲ့
ဖမ်းစားခံရ ဈာန်ဝင်ခြင်းမှာ
မင်းဟာမင်းခန္ဓာကိုပထမဆုံးတွေ့ရှိရသလို
ငါဟာငါ့ခန္ဓာအဖြစ်ကိုမှင်သက်မိရ
ပင့်သက်တွေနဲ့
ပင့်ကူအိမ်မှာတလှပ်လှပ်မိလို့
မီးတောင်အောက်မှာ
ခန္ဓာအကြွင်းတွေ ကျန်ခဲ့ပြီ
တစ်ခုခုကိုဝတ်ပြုနေမှုပုံစံနဲ့
ဒူးထောက်နေတဲ့မင်းနဲ့ငါ
အခု
ပြာတွေဖုံးလို့
ငါတို့လွတ်ကျွတ်ခဲ့ကြသလို
တင်းတင်းကြပ်ကြပ်ဆုပ်
တင်းတင်းကြပ်ကြပ်ဖက်
ဆန့်ကျင်ဘက်လားရာတွေဆီ
စူးနစ်ကြည့်နေကြတယ်
တစ်ယောက်ခန္ဓာတစ်ယောက်
ဖြစ်ညှစ်ထားတဲ့လက်တွေထဲမှာ
အလင်းလားအမှောင်လား
ဘာမှန်းမသိတဲ့နောက်တစ်ခုဟာ
ပြာပုံထဲ
တလှုပ်လှုပ်နဲ့
ရုန်းထဖို့ကျိုးစားလို့နေတယ်။ ။
ဇယလ