အူဝီးအူ

တစ်ယောက်ကကားရေတိုင်ကီ
သဲကြီးမဲကြီးသံချေးချွတ်နေတယ်
တစ်ယောက်ဟာအစိုးရ
အကြည်ညိုပျက်စေမှုနဲ့
ထောင်ထဲမှာကြယ်ဖြစ်နေတယ်
‘တိုင်းပြည်ရဲ့ကံကြမ္မာ’ဆိုတာ
တစ်ယောက်နဲ့ဘဝရွဲ့သွားတယ်
ဥဩရဲ့တကယ့်အသံဟာစိမ်းပြာရောင်
အူဝီးအူ အူဝီးအူ

ဆိုကြည့်ရန်း
အူဝီးအူ အူဝီးအူ
ခေတ်မီဖွံ့ဖြိုးဖို့ ဘိုးဘေးဘီဘင်
တောင်တန်းတွေကိုမြေဖို့ကွန်ကရစ်လောင်းလိုက်တယ်
သစ်စိမ်းတောနက်
မြစ်ကောချက် လက်နက်မည်းကြီးဖြစ်သွားတယ်
စက္ကူပန်းပေါ်စကားသစ္စာ
ကင်းမြီးကောက်ကိုကင်းထောက်လွှတ်
ငါ့ကိုစိမ်းစိမ်းလာကြည့်တယ်
သူ့အဆိပ်ဟာသေရည်ကိုငေါက်ကနဲရှင်စေတယ်
သူ့ကိုယ်တွင်းအချိုရည်ကိုငါမော့သောက်လိုက်တယ်
သူ့အမြီးကောက်ဟာငါ့ဝမ်းထဲမှာကွေးသွားတယ်
တိုင်းပြည်ရဲ့သံကြိုးတွေ
သဲကြီးမဲကြီးချွတ်နေတဲ့သတင်း
ပုလင်းထဲမှာတွန့်တွန့်လိမ်လိမ်အော်မြည်တယ်
ငါ့ဘိုးဘေးတွေရဲ့အရိုးထဲကဥဩတွန်သံငါလွမ်းရ
ရုပ်နာမ်ပြန်လည်ပေါင်းစပ်ရေးနဲ့
မိမိကိုယ်မိမိပိုမိုကောင်းမွန်စွာသုံးစွဲရေး
‘တော်လှန်ရေး’လေးရဲ့ဖခင်အမည်မှန်ရယ်သံတွေကြား
အသံမာမာဌာန်ပါပါနဲ့ဝရံတာကထွက်ကြေညာလိမ့်မယ်တဲ့
အဲဒီမရှိတော့တဲ့တောတွေထဲမှာ
ခိုနေတာဘာသံတဲ့လဲ
အူဝီးအူ အူဝီးအူ
အူဝီးအူ အူဝီးအူ
အူဝီးအူ အူဝီးအူ။ ။

ဇယလ
၈ မတ် ‘၁၆

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>