အရာရှိကြီးကိုဂုဏ်ပြုဖို့ တစ်ရွာလုံးရဲ့
တစ်ကောင်တည်းသော လက်ကျန်နွားကို
သတ်လိုက်တယ်။ အပျိုမြှေးတွေကတော့
အပိုလက်ဆောင်ပေါ့။ သမိုင်းရဲ့ လှိုင်းတွေလား
နွားလည်မြိုကသွေးပန်းထွက်တာ ကလေးတွေရဲ့
မျက်နှာတွေပေါ် ဖြန်းသွားတယ်။ ရန်သူ့နယ်မြေဟာ
ကိုယ့်အိမ်ကိုယ့်ယာလိုပါပဲ။ စာရွက်စာတမ်းတွေ
ပြနိုင်ရင် ဘယ်ဆိုင်မှာမဆို သောက်နိုင်တယ်။
ခေါင်းဆောင်တော်မြတ်ကြီးရဲ့ကြီးမားတဲ့
ပုံတူမျက်လုံးတွေအောက်မှာ။ ဆင်းရဲစုတ်ချာတဲ့
လမ်းပေါ်မှာ မာစီးဒီးအနက်ကြီးတစ်စီး မှန်လုံပိတ်
အလံတလူလူနဲ့ ဖြတ်မောင်းသွားတယ်။ ဖုံထူထူ
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီသို့။ ‘ဟောဒီကျောက်တုံးတွေ
အောက်မှာ ငါတို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်။ ပင်လယ်ရေ
မျက်နှာပြင် အမြင့် ၃,၉၅၀ပေရှိတဲ့ ‘နှင်းပွင့်တောင်တန်း’ဟာ
ငါတို့ရဲ့ ဘယ်တော့မှ အရှုံးမပေးခြင်းပဲ’။ ကျောင်းထဲက
ကလေးတွေရဲ့ သံပြိုင်နိုင်ငံတော်သီချင်း။ သံဆူးကြိုးကို
နေ့စဉ်နပ်မှန်အောင် စားရတယ်။
ဘယ်သူတွေ အိမ်ထောင်ကျလို့ ဘယ်သူတွေ ကွယ်လွန်
သတင်းပဲ ကြားရတယ်၊ သွားကြည့်လို့ မရဘူး။
ရောက်ရှိရာမှာ ရရှိရာနဲ့ ဘဝလုပ်ကြတယ်။ ယုံကြည်မှုကတော့
အစွန်းရဲ့ ဟိုဘက်ရောက်ပဲ။ ဒါနဲ့ အသက်ရှင်ကြတယ်။
ငါတို့မြို့တော်ဟာ နိုင်ငံတကာပေါက်ဈေးနဲ့ ဘယ်လာက်။
အသစ်အဆန်းတွေကြိုက်တယ်။ ခေတ်မီဖွံ့ဖြိုးသော။
အချိန်မရွေး ပိတ်လို့ရတဲ့ အခွင့်အရေးတွေ။
လေးလမြောက်မှာ တရားသောစစ်ကြီး ပြီးသွားတယ်။
အရပ်သား လျှော့လျှော့ပေါ့ပေါ့ ၂၀,၀၀၀ သေတယ်။
အဲသလို ပွင့်ပွင့်လင်းလင်းပြောဖို့ လူတွေမဝံ့ခဲ့ကြဘူး။
ငြိမ်းချမ်းရေးဆိုင်းထိုးပြီးမှ စစ်တပ်ဟာ
ကလဲ့စားချေတော့တယ်။ ရွာလုံးကျွတ်ပဲ။
ကုတ်အင်္ကျီပေါ်ကဖုန်တွေ ခါလိုက်တော့ တိုင်းပြည်ရဲ့
ရှေးအတီတေရာဇဝင်ဟာ ဘွားကနဲ ပေါ်လာတယ်။
ဧည့်လမ်းညွှန်အမျိုးသမီးဟာ
ပန်းဖြူတစ်ပွင့် ခူးလိုက်တယ်။ ကျွန်တော်တို့
ဗမာမှာတော့ လေးကျွန်းစကြာနဲ့ တူတယ်။
‘ဒယ်လာခရွားပန်း— လက်ဝါးကပ်တိုင်ရဲ့ပန်းပေါ့။
နေဝင်တာနဲ့ အလိုလို အနီရောင်ပြောင်းသွားတယ်။’
ပန်းကို သူမရဲ့ စိုဝန်းတဲ့နှုတ်ခမ်းမှာတေ့ပြီး
မျက်လုံးပြာတွေနဲ့ ပင်လယ်ကို ငေးသလို
ကျွန်တော့်မျက်လုံးထဲ တိုးဝင်တယ်။ ။
ဇယလ
၂၃ စက်တင်ဘာ ‘၁၅