Tomaz Salamun

တိုမာ့ရှ် ဆားလမန်း ဘဝ

တိုမာ့ရှ် ဆားလမန်း (Tomaz Salamun) ကို ယခင်ယူဂိုဆလားဗီးယားလက်အောက် (1945-1991) ဆလိုဗီးနီးယား ၊ ဇာဂရက်ဗ်မြို့ မှာမွေးဖွားခဲ့ပါတယ် ။ ၁၉၄၁ က ဖြစ်ပါတယ် ။ အထက်တန်းကျောင်းမှာတုန်းက ပြင်သစ်ဘာသာစကားနဲ့  ဆလိုဗီန်းဘာသာစကားတို့ သင်ယူခဲ့ရပြီး ဘာသာစကားကိုအထူးစိတ်ဝင်စားမှုစတင်ရှိခဲ့ပါတယ် ။ ၁၉၆၀ မှာ လျု(ဗ်)လျားနားတက္ကသိုလ်မှာ ပန်းချီသမိုင်းဘာသာရပ်သင်ယူနေရင်း ကဗျာ စေ၇းခဲ့တာဖြစ်ပါတယ် ။ သူ့ စကားအရ သူအရင် စိတ်ဝင်စားတာက ပန်းချီ ဖြစ်ပြီး ကဗျာကိုနောက်မှ စိတ်ဝင်စားလာတာဖြစ်ပါတယ် ။

“ကဗျာဟာ ခေါင်းပေါ်ကို ကျောက်တုံးတွေလိုကျလာခဲ့တာဖြစ်တယ်” လို့ သူပြောပါတယ် ။ ၁၉၆၄မှာ Perspektiv ‘ရှုဒေါင့်’ စာပေမဂဇင်း အယ်ဒီတာလုပ်ရင်း သူ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ Duma ’64 (Thought ’64) ‘အတွေးအခေါ် ‘ ၆၄’ ကိုပုံနှိပ်ဖေါ်ပြလိုက်တာ ပြသနာတက်ပြီး အချုပ်ထဲ ၅ ရက်ရောက်သွားခဲ့ရပါတယ် ။ အဲဒီ ကဗျာပုဒ်ထဲမှာ ဆားလမန်းက ‘ကြောင်သေကောင်ပုပ်’ လို့ ထည့် ရေးလိုက်တာ တီးတိုးအာဏာရှင်အစိုးရ ရဲ့ အမာခံတစ်ယောက်ဖြစ်တဲ့ Macek က သူ့ ကိုစောင်းရေးမှန်းသိသွားခဲ့တယ် ။ Macek ရဲ့အဓိပ္ပါယ်ဟာ ‘ကြောင်’ ဖြစ်ပါတယ် ။ နိုင်ငံတကာစာပေလောကတွေရဲ့ တီးတိုးအစိုးရကို ဖိအားပေးမှုကြောင့်သာ ဆားလမန်းဟာ ထောင်မကျ ပဲ ပြန်လွတ်လာခဲ့တာဖြစ်ပါတယ် ။ သူ့  မဂဇင်းကိုတော့ ပိတ်လိုက်ရပါတယ် ။ ဆားလမန်းရဲ့ပထမဆုံးကဗျာစာအုပ် Poker ကို သူ့ အသက် ၂၅ နှစ်မှာရေးသားထုတ်ဝေလိုက်တာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ် ။ ၁၉၇၀ မှာ နျူးယောက် MOMA က အထူးဖိတ်ကြားလို့ အမေရိက ကိုစရောက်ရှိခဲ့ပါတယ် ။ အဲဒီကနေမပြန်ပဲ အိုင်အိုးဝါး တက္ကသိုလ်မှာ တစ်နှစ် ၊ Iowa International writing Program (IWP) မှာ တစ်နှစ် ၊ စုစုပေါင်း ၂ နှစ် (၁၉၇၁ – ၁၉၇၂) နေခဲ့ပါတယ် ။ အဲဒီကတည်းက သူ့ ကဗျာတွေကို အမေရိကန် ကဗျာဆရာတွေက အင်္ဂလိပ်ဘာသာပြန်ပေးကြတာဖြစ်ပြီး ၊ အချို့ ကိုတော့ ဘာသာပြန်သူနဲ့ တွဲပြီး ကော်လက်ဘိုရေးရှင်းတွေလုပ်ခဲ့တာဖြစ်ပါတယ် ။ ဆားလမန်းဟာ နောက်ပိုင်းမှာ အမေရိကန်တက္ကသိုလ်တွေမှာသင်ကြားပို့ ချရင်း အမေရိကမှာပဲ အနေများပါတယ် ။ သူဟာ နျူးယောက်မှာ ဆလိုဗီးနီးယားသံမှူးလည်း လုပ်ခဲ့ပါသေးတယ် ။ သူဟာ အခုအထိ ကဗျာစာအုပ်ပေါင်း ၃၀ ကျော်ထုတ်ပြီးခဲ့ပြီး သူ့ ကဗျာတွေကို ဘာသာစကားပေါင်း ၂၁ ဘာသာ (မြန်မာနဲ့ ဆို ၂၂ ဘာသာ) ပြန်ဆိုပြီး ဖြစ်ပါတယ် ။ သူဆွတ်ခူးရရှိပြီးခဲ့တဲ့ဆုတွေဟာဖြင့် the Perseren Prize ၊ the Pushcart Prize ၊ the Jenko Prize ၊ ဂျာမန်မြို့ တစ်မြို့ ဖြစ်တဲ့ Munster က ချီးမြှင့်တဲ့ the European Prize for Poetry နဲ့  Macedonia က ပေးအပ်တဲ့ ‘the Golden Wreath ‘ from Struga Poetry Evenings တို့ အပါအ၀င်ဖြစ်ကြပါတယ် ။ တစ်နေ့ နေ့  မှာ ဆားလမန်းကို နိုဘဲလ်စာပေဆု ချီးမြှင့်လိမ့်မယ်လို့  တစ်ပေး ထား ကြတာလည်းရှိပါတယ် ။ ဆားလမန်းရဲ့ထူးခြားချက် က အမေရိကန်ကဗျာဆရာကြီးတွေ ဖြစ်ကြတဲ့ ချားလ်စ် ဆီးမစ်ခ်ျ Charles Simic နဲ့  ဂျွန် အက်ရှ်ဘရီ John Ashbery တို့ ရဲ့ ကဗျာသြဇာကိုခံယူခဲ့ပြီး သူကတဖန် အမေရိကန် လူငယ်ကဗျာဆရာတွေကို ပြန်လွှမ်းမိုးနိုင်တာဖြစ်ပါတယ် ။ သူဟာ အခု လျု(ဗ်)လျားနားမှာ သူ့ ဒုတိယဇနီးဖြစ်သူ ပန်းချီဆရာမ Metka နဲ့ နေထိုင်လျှက်ရှိပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>