ကမ္ဘာကြီးဟာ ဇာဂရက်ဗ်မှာ ဆားလမန်းပင်ပေါက် စိုက်လိုက်တယ်။ (၄၊ဇူလိုင်၊၁၉၄၁)။ ဘာသာစကားတွေဟာ လက်ဆောင်တွေနဲ့  လာကြတယ်။
သရ၀ဏ်က သရက်ကင်းနု ၊ သရက္ခန်နံ့ သင်း သရတွေ ၊ သရုပ်သကန်ရဲ့  သရစ်ဖူး ။ အမ္ဘီဂွီတသစ်နက် ၊ အမ္ဘုတရသယုတ္တိ ၊ က္ကုဒ္ဓိပါဒ်ရဲ့ အင်ကြင်းပွင့်တွေ။
ည၀ါဒကောင်းကင်ရဲ့ တစ်ခုတည်းသောကြယ်ဆံမြိတ်ဟာ ပဉ္စကလျာပညာဗျာဒိတ်ပေးလိုက်တယ် ။ ဒီလူသားလေးဟာကမ္ဘာကြီးရဲ့ကဗျာပဲ ။
အဲဒီအတွက် လူဖြစ်မှုအကောက်ထဲမှာ အမြင့်မားဆုံး အနုပညာဆားခွန်ဆောင်ရတယ် ။
မိုးကြိုးခသစ်ပင်မည်းကြီးမှာ လိပ်ပြာအုပ်လိုက်လာနားကြသလို ထောင်းလမောင်းကျေ ခန္ဓာဟာ လမိုင်းရဲ့လိပ်ပြာတွေ ကြမ္မာကိုကဗျာတွေဖြစ်စေရာ ။
မျှော်စင်ပြာရဲ့ ဓါတ်စီးသန္ဒေပါလင်္ကာတွေဟာ လူ့ ရင်ထဲကကောင်းကင်တွေမှာ လှိုင်းကြီး ၊လှိုင်းလတ် ၊ လှိုင်းခုလတ်တွေ အပြိုင်အရိုင်းဖူးပွင့်နိုးထစေလေတာ ။
ဆိုပါစို့ ၊ သူဟာ ဂြိုလ်ငယ်လေးတစ်လုံးကို လာနမ်းပြီး အာရုံတွေပေးသွားတဲ့ နက္ခတ်ကြီးရဲ့သဘာဝခရီး ။ ဆိုပါစို့ ၊ သူဟာ အဲဒီအာရုံပိုက်ကွန်ထဲမှာပဲအချို မြိန်ဆုံးအမိခံပြီး ရှင်သန်ခြင်းတဒိတ်ဒိတ်ဂမ္ဘီရနဲ့  မိတ်လိုက်ဖို့ အမြိုက်နှလုံးသား ။
အဓိပ္ပါယ်ဟာအတွင်းခံပဲ ။ အနက်ဟာ စီးဆင်းမှု ၊ ရေရဲ့သခင် ၊ အပင်ရဲ့အာဟာရ ။
ပင်စည်တလျှောက်ရေသွယ်ဆဲလ်တွေ ကခုန်နေကြရာက လာနားတဲ့ငှက်တွေဓါတ်ကူးပေါက်ဖွားရာ ။
ဆလိုဗီးနီးယားမှ ကမ္ဘာအ၀ှမ်း ဆန်းထတဲ့ ဆားလမန်း ။ (အမည်ရင်း ၊ တိုမာ့ရှ်) ။
ခင်္ဗျားလေချွန်လိုက်တာ လေဟာ စင်ဒရဲလားဖြစ်သွားတယ် ။ ကာဗျ ဘာဝ သာစွ လာဘ အလာလှ ။ ခင်္ဗျားဆီမှာ ၀တ်မှုန်အစုံစုံထုံကူးကြ ။
… သမိုင်းကို နှာစေးချောင်းဆိုး အအေးမိဖျားနာ သွားစေသူ ။ …အန္တိမလွတ်လပ်မှုကို ဇီးကပ်သွားစေသူ ။ … အက်ဘ်ဇာ့ဒ်ရဲ့အဇ္ဈတ္တကို အဇဋာမှာ ပင်အပ်လေးနဲ့ စိုက်လိုက်သူ ။ ။
(ကိုချော အမှတ်တရ)
ဇေယျာလင်း