ဘ၀ရဲ့ အလှ

ငါဘယ်သူလဲဆိုတာ ရှိသေးရဲ့လား ဘ၀ဆိုတာရေ
သက်တမ်းလယ် အကြပ်အတည်းထဲ
ငါဒီနေ့ရောက်နေတယ် ဇေဇေရာ . . .
၅၀ကျော်မှာ ဇရာဟာ ငါ့အောက်ပိုင်းကို ရသွားပြီ
ရေထဲသေပြီး သိုးနေတဲ့သိုး
ဒါကို တာအိုက ဘာပြောသလဲ
ဘ၀မှာ
ပန်းတိုင်ဆိုတာ
မရှိဘူးတဲ့
တာအိုဟာ တာအိုမဟုတ်ဘူးတဲ့ … ကောင်းရော
ဒီမှာတော့ဖြင့်
ဆံပင်လည်းပြောင်ပြီ
ဗိုက်လည်းရွှဲပြီ
အရေတွေလည်း
တွန့်ကုန်ပြီ ဟိုကောင်ကလည်း ဇောက်ထိုးချည့်ပဲ
လက်အဲလောက် ကြိုက်တဲ့ကောင်
လက်ကိုတောင် မခံတော့ဘူးတဲ့
အရက်အလွန်အကျွံသောက်
မှန်ကြည့်ပြီး စိတ်ကြီးသေ
အိမ်ထောင်အရည်အသွေးဟာ
ကြောက်ခမန်းလိလိ ဆင်းရဲမှု မျဉ်းအောက်ရောက်
စိတ်ကူးအိပ်မက်တွေဟာ
ရေချိုးခန်းအိမ်သာထဲမှာပဲပြီးသွားတယ်
၁၉၂၂ မှာတင်ပဲ အလှတရား
အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်ဟာ
၁၆ ခုထက်မနည်း ရှိနေပြီ
ငါနဲ့ တစ်ခုမှ မဆိုင်တော့ဘူး
သာမိုဒိုင်နဲမစ်က်စ်ရဲ့ ဥပဒေသတွေ
အို – နာ – သေ တရားသဘောတွေ
ဦးဏှောက်ဆဲလ်တွေ အချိန်မရွေး
သေကြေပျက်စီးသွားရတာတွေ
၁၈၆၀၊ ဘာမင်ဂမ်မြို့မှာ
ထုတ်လုပ်တဲ့ တူအမျိုးအစား ၅၀၀ ဟာ
၅၀ ကျော် ကားလ်မာက့်စ်ကို တုန်လှုပ်ခြောက်ခြားသွားစေတယ်
မမြင်သာတဲ့ အတွင်းပိုင်းအရွေ့ဟာ ပိုဆိုးတယ်
ဖိစီးမှုထဲ အချိန်ပိုဆင်း
ပစ်ချလို့မရတဲ့ မနိုင်ဝန်ထမ်း
နေ့စဉ်ဘ၀က နှုတ်ထွက်ချင်တဲ့ ရေမည်းကြီး
၇၆% ယောက်ျားတွေ ဒါကိုဖိဖိစီးစီးခံရတယ်
ဘာတွေကို ယုံကြည်ခဲ့သလဲ ပန်စစ်ကြည့်တော့
ဘာမှ ဟုတ်တိပတ်တိ ထွက်မလာဘူး
ခေတ်သစ်ကျောက်ခေတ်ရဲ့ ရေမျက်နှာပြင်မှာ
သွေးတွေစွန်းကွက်နေတဲ့ တိုင်းပြည်ရဲ့ ပုံရိပ်ဟာ တလှုပ်လှုပ်
ဘယ်လောက်လှဲလှဲ သဲဟာ ငါ့ကိုယ်ခန္ဓာဖွဲ့စည်းမှုပဲဖြစ်တယ်
ငါ့အသည်းပေါ် ဘာကောင် တွားသွားနေပါလိမ့်
အိမ်ထောင်ရေးအဆင်မပြေဘူး ကွဲသွားတယ်
ငယ်သူငယ်ချင်းနဲ့
ရည်စားပြန်ထားတယ် ကွဲသွားပြန်တယ်
ပြင်းပြင်းထန်ထန် ၀ိပဿနာလိုက်ရမလား
အက်ဆီတမီနို ဖဲန်ဆေးတွေ နင်းကန်သောက်ရမလား
ပေါင်လည်ထိ ရေထဲဆင်းပြီး
ငါးပဲ မျှားနေရတော့မလား
သွားကြားညပ်နေတဲ့ အသားစပုပ်ဟာ
သေခြင်းတရားရဲ့ အနံ့ပဲ
ပြိုင်ကားတစ်စီးဝယ် ရွှေဆွဲကြိုးဆွဲ
နောက်ဆုံးပေါ်တွေနဲ့ လိင်လုပ်
ကိုယ်ထဲ
သကြားရည်တွေ လောင်းထည့်လည်း
ပင့်သက်ကတော့ မချိုမြိန်တော့မှန်း သိသိကြီးနဲ့
သိလာတယ် –– ငွေရေးကြေးရေးဟာလည်း ––
အော်သံတွေနဲ့ အက်ကြောင်းတွေကြား
အလုပ်လုပ်ပြရတာတွေ
ရွေ့လျားမှုဟာ လားရာတစ်ခုတည်း
ဘယ်သူပြောသလဲ –– ခြေသလုံးမွေး မီးလောင်ပဲ ––
မျက်နှာကျက်နဲ့ အမိုးကြားက
ခိုတွေရဲ့ ငြီးငွေ့ဖယ်ဘာသာစကား
ပြူတင်းမှန်တွေမှာ
ခိုချေးတွေ
အထပ်လိုက်
(နောက်ထပ်အနက်ကောက်မှုတွေ)
ပျော်ရွှင်မှုဆိုတာ
သစ်သားထဲရိုက်သွင်းလိုက်တဲ့
သံချောင်းရဲ့ နေရာယူဖို့ ဖဲ့ထုတ်မှုအစအနတွေ
ငါ့အရန်ဒွိဟထဲက သွေးအမျိုးအစားဟာ
ငါ့ကိုလာဗျူးနေပြန်တယ်
ဦးထုပ်ကို ၂၄/၇ စောင်းပြီး
အုံ့မလို လင်းမလိုနဲ့ မိုးလေဟာလည်း
ပုံသဏ္ဍာန်မဲ့ ပျံ့နှံ့လာခြင်းရဲ့ ဖွဲ့စည်းဆဲ ဗိသုကာ
အား . . . ခေါလက်စတရောလ်နတ်သမီး
ယူရစ်က်အက်ဆစ်များနေတဲ့ နတ်သုဒ္ဓါ
ကြွေကိုပစ်ဖို့ အလှည့်ကျတာကတော့ ကံပဲဖြစ်ပါတယ်
နှလုံးသားရေ . . . အဆီဖုံးလိုကဖုံးနိုင်ပြီ
ဦးဏှောက်ရေ . . . သွေးကြောပိတ်လိုက ပိတ်နိုင်ပြီ
ဆံပင်နောက်သပ်ပြီး ဆောက်ရမ်းဂေါ်တဲ့
အသက် ၅၀ ကျော်ကြီးတစ်ယောက်ပေါ့
သူ့အသက်ထက်ဝက်ကျော်ငယ်တဲ့ စကီလေးနဲ့
နေ၀င်ရာအရပ်ဆီ မော်တော်ဆိုင်ကယ်
ဗရူးမ် ဗရူးမ်နဲ့ မောင်းထွက်သွားတော့တယ်
ငါဘာလုပ်လုပ်
(လုပ်လို့ရလို့ လုပ်တာပဲဟာ လုပ်လို့ရလို့ လုပ်တာပေါ့)
မင်းတဟားဟားရယ်နေမှာကို သိပြီးကတည်းကပေါ့
ဘ၀ဟာ နေ့တ၀က်ကျိုးခဲ့တယ်။

ဇေယျာလင်း
16 – March – 14

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>