ဟုတ်တယ်၊ ငါဟာ ဟမ်ဘာဂါ
ငါဟမ်ဘာဂါဖြစ်တာ ငါ့ရဲ့ ကိုယ်ပိုင်လက္ခဏာ
ဟမ်ဘာဂါဖြစ်ရတာ ငါ့မှာ ရှက်စရာဘာမှမရှိဘူး
သိမ်ငယ်စရာမရှိသလို စိတ်ကြီးဝင်စရာလည်းမရှိဘူး
၎”အချင်းရှိတဲ့ ပေါင်မုန့်အ၀ိုင်းကို အလယ်က တိတိခွဲ
အပေါ်သားကို လှန်လိုက်ပြီး အောက်သားပေါ်ဆလပ်ရွက်
ချီးစ်တစ်ပြား၊ ၀က်သားပြား၊ အမဲသားပြား၊ ကြက်သားပြား
ဒါမှမဟုတ် ဘာသားတွေထည့်ကြိတ်ထားမှန်းမသိတဲ့
အသားပြားကျော် ၊ ကြက်သွန်နီအကွင်းလိုက် ၊ သခွားအကွင်းလိုက်
မရွန်းနေ့စ် ဖြူဖြူတွေ ၊ မုန်ညင်းအနှစ်ဝါ၀ါတွေ
အရောင်ကလေးနဲ့ အရသာကလေးစုံသွားအောင် (ပိုပြည့်စုံအောင်)
ခရမ်းချဉ်သီးဆော့စ်နီနီတွေ ညှစ်ထည့်
အပေါ်သားနဲ့ ပြန်ဖုံးပြီး . . . . .
ကိုယ်ပြောချင်တဲ့ စကားတွေပြောခွင့်မရတဲ့
အဲဒီမလွတ်လပ်တဲ့ ပါးစပ်ကြီးကို အားပါးတရဟ
ဟ ဟ ဟဦး
အမှန်တရားဆိုတာတွေ အားလုံးကို သိမ်းကြုံးစားပစ်မလို
ဟပြီး ဟမ်ဘာဂါ တစ်ဘက်ကိုသွပ်ထည့်
အချို့ဆို ပါးစပ်ထဲ အ၀တ်စသွပ်ထည့်ပြီး နှိပ်စက်ခံရတာ
အဓမ္မကျင့်ခံရတာ ရုပ်ရှင်တွေထဲ မြင်ဘူးမှာပေါ့
သွပ်ထည့်ပြီး ကိုက်ချလိုက်စမ်းပါ
ပယ်ပယ်နယ်နယ်နဲ့ လည်လည်ဝယ်ဝယ် ကိုက်ညှပ်လိုက်စမ်းပါ
လျှာပေါ်က အရသာဖုတွေ ဖူးတင်းပြဲဟ စိုစွတ်ပြီး
ဖြူနီဝါဆော့စ်တွေ တံတွေးနဲ့ အရောင်ရောသွား
နှုတ်ခမ်းသားတစ်ဘက်ကနေဗြစ်ကနဲ စီးကျလာအောင်
ကိုက်ချပြီး ၀ါးချလိုက်စမ်းပါ
ဝီလျံကားလော့စ် ၀ီလျမ်းစ်ရဲ့ ‘You taste good to me’
ကဗျာလိုင်းလို `အား ၊ မင်းဟာ ငါ့အတွက် အရသာရှိလိုက်တာ´
`အား ၊ မင်းဟာငါ့ကို အရသာတွေပေးစွမ်းနိုင်လိုက်တာ´
အရသာရဲ့ အနက်အဓိပ္ပါယ်ကိုယ်တိုင်ဟာ အရသာပဲဖြစ်တယ်
ဘာ တက္ကိကဗေဒ ၊ ဘာဒဿန ၊ ဘာယုံကြည်စွဲလမ်းမှုမှမလိုဘူး
ဘာသီအိုရီ ၊ ဘာနည်းစနစ် ၊ ဘာတက္ကနိမှမလိုဘူး
ငါ့ကိုကိုက်ပါ ငါ့ကိုစားပါ ငါ့ကို အရသာခံယူပါ
ငါပေးစွမ်းနိုင်တာလည်း ငါ့ကိုစားစေခြင်းပဲဖြစ်တယ်
ငါဟာ ရန်ကုန်ကိုစားတယ် လန်ဒန်ကိုစားတယ်
နျူးယောက် ၊ ပါရီ ၊ ဘန်ကောက် ၊ စင်္ကာပူ
ကမ္ဘာကြီးကို ဟမ်ဘာဂါလို မြိန်ရည်ယှက်ရည်
စားပစ်တယ် ၀တ်လစ်စလစ်အတိုင်းစားပစ်တယ်
Coca Cola ပြီးရင်မကြာခင် Mc Donald’s
လာတော့မယ့် Burger King လာတော့မယ်
ကမ္ဘာ့ဓနရှင် အစားအစာထုတ်လုပ်မှုတွေလာတော့မယ်
ဂလိုဘယ်လိုက်ဇေးရှင်းကြီးကို ကိုက်စားရတော့မယ်
မစားရ၀ခမန်း ၀မ်းမပြည့်အရသာမတွေ့လည်းစားရတော့မယ်
စားရချိမ့်
ငါဟာ ဟမ္ဘာဂါ သင္လည္း ဟမ္ဘာဂါ
‘မင္းလားကြ ဟမ္ဘာဂါ’လည္း ဟမ္ဘာဂါပါပဲ
အဲဒီပါးစပ်တွေ ၊ အဲဒီသွားတွေ အသင့်သာပြင်ထားလော့
သင်တို့ကို ဟမ်ဘာဂါလို စားပစ်ကြတော့မယ်။ ။
ဇေယျာလင်း
၆၊ ဇန်န၀ါရီ၊ ၁၄