ကဗျာတစ်ပုဒ်ရဲ့ ဂီတဆိုတာ အသံစနစ်ထက်ပိုပါတယ်။ ကာရန် ၊ နဘေ ၊ ထပ်ကျော့ ၊ နရီ စတဲ့ ကဗျာပုဒ်ရဲ့ အသံဖွဲ့စည်းမှု ပိုင်းဆိုင်ရာထက်မကပိုပါတယ်။
အသံဖွဲ့စည်းမှုက လာတာမဟုတ်ရင် ကဗျာပုဒ်ရဲ့ ဂီတဘယ်ကလာသလဲ။
ကဗျာပုဒ်ထဲက လေသံအပြောင်းကလည်းလာတယ်။ လေသံဆိုတာ ကဗျာရေးသူရဲ့ ရေးနေတဲ့အကြောင်းအရာပေါ် သဘောထားလည်းဖြစ်တယ်။
အကြောင်းအရာ ၊ နိမိတ်ပုံ အခုန်အကူးဆီကလည်းလာတယ်။ ယုတ္တိဆက်စပ်မှုနဲ့ တွဲချိတ်ထားတာမဟုတ်တဲ့ အာရုံအခုန် အကူးကလာတယ်။
အဆိုတစ်ရပ်နဲ့ တစ်ရပ်အကူးကိုချိန်ကိုက်ထားမှုကလည်းလာတယ်။
ဘယ်ကလာလာ ၊ ဒီဂီတဟာ ကဗျာပုဒ်ရဲ့ ပေါ်လွင်တဲ့ စကားလုံးအနက်အဓိပ္ပါယ်တွေကို စီရင်တယ်။
ဒီဂီတဟာ ဆင်ခြင်ယုတ္တိအသွားနဲ့ ခပ်ကွာကွာနေကောင်းနေပေမယ့် သီးခြားမဟုတ်ပြန်ဘူး။
အတ္ထဗေဒရဲ့ စီရင်မှုနဲ့လည်း မနီးမဝေးမှာ မရောမထွေးပဲရှိပြန်တယ်။
ဒီဂီတရှင်သန်လှုပ်ရှားနေတဲ့ ကဗျာပုဒ်ဖတ်ရတဲ့အခါ ရေးသူရဲ့ စိတ်သဏ္ဍာန်နိုးကြွရှင်သန်လှုပ်ရှားနေမှုကို သက်သေအဖြစ်မြင် နေရ တယ် ၊ အာရုံရနေရတယ်။ ခံစားမှုကို အတွေးနဲ့ ၊ အတွေးကို ခံစားမှုနဲ့ ပူးယှက်စေတယ်။
အချက်အလက်ကမ္ဘာမှာ နေထိုင်ရခြင်းထဲက မိမိရဲ့ ကိုယ်ပိုင် ကမ္ဘာတည်ဆောက်လိုမှုဆန္ဒကို ကြိုးစားပုံဖေါ်ခြင်းထဲကလည်း ဒီဂီတဟာ မယုံသင်္ကာဖြစ်ရလောက်အောင် ၊ သံသယ၀င်ရလောက်အောင် ၊ ယုံကြည်ရခက်ခဲလောက်အောင် လျှပ်တပြက်ပေါ်လွင်လာ တာလည်းဖြစ်တယ်။
ကဗျာပုဒ် ပီပီပြင်ပြင်လာဖို့ စိတ်အလုပ်ရဲ့ ဂီတ
ဘာသာစကားသက်သက်မဟုတ်ဘူး
အာဝဇ္ဇန်းသက်သက်မဟုတ်ဘူး
`ခံစားမှု´ သက်သက်မဟုတ်ဘူး
ကွန်ဆက်ပ်တ်သက်သက်မဟုတ်ဘူး
ဖန်တရာတွေရေးနည်း/ တွေးနည်းသက်သက်မဟုတ်ဘူး
သိမ်မွေ့တဲ့ စိတ်ရဲ့ ဆက်စပ်မှုတွေရဲ့ ထူးခြားရလာဒ်ဖြစ်တယ်
ကဗျာပုဒ်ရဲ့ အသက်ဓါတ်
ဇေယျာလင်း
ငွေဆောင်ကမ်းခြေဆည်းဆာ
28 – Dec – 13