စင်္ကာပူ ကဗျာခရီးစဉ်

၂၀၁၃၊ ဩဂုတ် ၁၂ ကနေ ၁၄ ရက်အထိ စင်္ကာပူနိုင်ငံ ၊ စင်္ကာပူမြို့တော်မှာ မြန်မာကဗျာအကြောင်း ဟောပြောခွင့်နဲ့ ကဗျာ ရွတ်ဖတ်ခွင့်ရရှိခဲ့ပါတယ်။ စင်္ကာပူကဗျာဆရာ Alvin Pang အမှူးပြုပြီး ဖိတ်ကြားတဲ့အတွက်ဒီအခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။ ကိုမိုးဝေး လည်းဖိတ်ကြားခံရလို့ ဒီစင်္ကာပူပွဲမှာ နှစ်ယောက်အတူ ဆင်နွှဲခွင့်ရခဲ့ကြပါတယ်။ လေယာဉ်ခ ၊ နေစရိတ် ၊ စားစရိတ်အပြီးငြိမ်းအပြင် ဥာဏ်ပူဇော်ခ အနည်းငယ်ရရှိခဲ့ကြပါတယ်။ နေတာကတော့ 6 College Ave. East မှာရှိတဲ့ Yale – NUS အဆောက်အဦး က အခန်း ၂ ခန်းမှာဖြစ်ပါတယ်။

Poetic Trip to Singapore

ဩဂုတ် ၁၂ ရက်နေ့မှာ Singapore Air Lines နဲ့ ရန်ကုန်က ၁၀း၂၅ မှာ ထွက်ခွာပြီး စင်္ကာပူစံတော်ချိန်နေ့လည် ၂း၄၅ မှာ ရောက်ရှိပါတယ်။ စင်္ကာပူစာအုပ်ထုတ်ဝေသူနဲ့ ဒီပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် Mr. Fong နဲ့ Alvin တို့က Changi လေဆိပ်မှာ လာကြိုကြပါ တယ်။ Alvin နဲ့ ကျွန်တော်နဲ့က ၂၀၁၂ ၊ UK Parnassus International Poetry Festival မှာ ကြုံခဲ့ကြလို့ ရင်းနှီးနေကြပါပြီ။ Alvin ဟာ စင်္ကာပူလူငယ်ကဗျာဆုရ အထင်ကရကဗျာဆရာဖြစ်ပြီး ဒီနှစ်ထဲမှာပဲ သူရဲ့ လုံးချင်းကဗျာစာအုပ်ဖြစ်တဲ့ When the Barbarians Arrive ကို လန်ဒန်မြို့က Arc Publications က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်တိုက်ဟာ Bones Will Crow: 15 Contemporary Burmese Poetry ကိုလည်းထုတ်ဝေခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာကဗျာဆရာတွေရဲ့ လုံးချင်းကဗျာတွေကို ထုတ်ဝေပေမယ့် စည်း ကမ်းတော်တော်ကြီးတဲ့ စာအုပ်တိုက်ဖြစ်ပါတယ်။ သူတို့တိုက်က တော်ရုံတန်ရုံနိုင်ငံတကာ ကဗျာဆရာရဲ့ ကဗျာတွေကို လုံးချင်းမထုတ် ပေးကြပါဘူး။ သူတို့စိတ်ကြိုက်တွေ့မှ ထုတ်ဝေတာဖြစ်ပါတယ်။ အဲဒီစိတ်ကြိုက်ထဲမှာ စင်္ကာပူကဗျာဆရာ Alvin Pang လည်း ဂုဏ်ယူစ ရာအဖြစ်ပါရှိခဲ့ပါတယ်။ ကျွန်တော့်အင်္ဂလိပ်ဘာသာပြန်ကဗျာတွေကိုလည်း ၂၀၁၄မှာ ထုတ်ဝေဖို့သူတို့တိုက်က အကြီးအကဲတစ်ဦးဖြစ်တဲ့ Tony နဲ့ နှုတ်ကတိနားလည်မှုရရှိထားပြီးဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဘာသာပြန်မှုအပေါ်သူတို့တိုက်ရဲ့ ဘာသာပြန်အယ်ဒီတာက အချောသပ်ပြီးလို့ နောက်ဆုံးအဆင့်အနေနဲ့ ဒါရိုက်တာတွေ သဘောတူရင် စာချုပ်ချုပ်ပြီး စာအုပ်ထုတ်ဖို့ပဲဖြစ်ပါတယ်။ အခုအထိတော့ လုပ်ငန်းအစအနနဲ့ ကျွန်တော့်စိတ်ကြိုက်ကဗျာတွေ ကျွန်တော်ရွေးနေတဲ့ အဆင့်ပဲရှိပါသေးတယ်။ ကြာဦးမယ်လို့ထင်ပါတယ်။

စင်္ကာပူကိုရောက် ၊ အခန်းမှာ ခဏနားပြီး စင်္ကာပူကဗျာခရီးစဉ်ရဲ့ ပထမပွဲကို ညနေ ၇း၀၀ နာရီမှာ စတင်ခဲ့ကြပါတယ်။ Tiong Bahru မှာရှိတဲ့ Books Actually စာအုပ်ဆိုင်မှာဖြစ်ပါတယ်။ ဆိုင်ရှင် Kenny Leck က ဒီကဗျာရွတ်ပွဲကို သူ့ဆိုင်မှာ ဆင်နွှဲခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ စာအုပ်ဝယ်ဖို့လာကြသူအပြင် ဒီကဗျာပွဲကို လာရောက်အားပေးကြတဲ့ မြန်မာတွေလည်း ပါကြပါတယ်။ ဒေါ်ချစ်ကြည်အေး ၊ ဒေါ်အိန္ဒြာနဲ့ ဒေါ်ဖြူနှင်းဖွေးတို့ဖြစ်ကြပါတယ်။ Bones Will Crow အယ်ဒီတာ တစ်ဦးဖြစ်တဲ့ ယူကေကဗျာဆရာ James Byrne က စ ရွတ်ပါတယ်။ ပြီးတော့ ကျွန်တော်ရွတ်ပါတယ်။ ပြီးတော့ ကိုမိုးဝေးရွတ်ပါတယ်။ ကျွန်တော့်ကဗျာကို ကျွန်တော်ပဲမြန်မာ ၊ အင်္ဂလိပ် ၂ ဘာသာရွတ်ပြီး ကိုမိုးဝေးရဲ့ အင်္ဂလိပ်ဘာသာပြန်ကဗျာကိုတော့ James ကရွတ်ပေးခဲ့ပါတယ်။ Bones Will Crow ထဲမှာ ပါရှိတဲ့ ကဗျာ တွေ ရွတ်ကြတာပဲဖြစ်ပါတယ်။

ပွဲအပြီးမှာ စင်္ကာပူအခြေစိုက် `ရသအလင်း´မြန်မာစာပေအဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့အတူ ကိုကျော်ဇောခိုင် ၊ ကိုလင်းဝေအိမ် ၊ ကိုဇော် ဇော်ထွန်း ၊ ဒေါ်ချစ်ကြည်အေး ၊ ဒေါ်ဖြူနှင်းဖွေး ၊ ဒေါ်အိန္ဒြာတို့နဲ့အတူ Esplanade Food Court မှာ ရသအလင်းရဲ့ ညစာတည်ခင်းမှုကို ကောင်းမွန်ပြည့်စုံစွာ စားသောက်ခဲ့ရတာဟာ တကယ်အမှတ်တရညပါပဲ။

ဩဂုတ် ၁၃ ရက်နေ့ မနက်ပိုင်းမှာ Singapore Art Museum သွားရောက်လေ့လာပြီး Raffles Hotel က စားသောက်ဆိုင်မှာ မနက်စာ Dim Sum ၊ Raffles Long Bar မှာ ၀ီစကီ ၊ စင်္ကာပူရှိ အိန္ဒိယသားတွေအနေများတဲ့ Little India နဲ့ National Library အမျိုး သား စာကြည့်တိုက်တို့ကို လှည့်လည်လေ့လာကြည့်ရှုပြီး တရုတ်လိုပဲရေးတဲ့ စင်္ကာပူကဗျာဆရာ/စာရေးဆရာကြီးတစ်ယောက်ရဲ့ Grassroot Bookstore  ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ ည ၇း၀၀ နာရီမှာ The Literary Centre (TLC) နဲ့ The Arts House တို့ ပူးပေါင်းကျင်းပတဲ့ ‘World Voices Presents: Burmese Poets’ ခေါင်းစဉ်နဲ့ မြန်မာကဗျာရွတ်ဖတ်ပွဲကို Old Parliament Lane မှာရှိတဲ့ ယခင်စင်္ကာပူအစိုးရပါလီမန်ခန်းမ အဆောက်အဦးမှာ ကျင်းပခဲ့ပါတယ်။ အခုတော့ The Arts House လို့ခေါ်တဲ့ Living Room ထဲမှာ ဖြစ်ပါတယ်။ ၀င်ကြေးမရှိ ၊ မည်သူမဆိုတက်ရောက်နိုင်တဲ့ပွဲဖြစ်ပြီး မြန်မာပရိသတ်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ခန်းလုံးပြည့်လို့ ထိုင်စရာမရှိတော့လို့ မတ်တတ်ရပ်နားထောင်ခဲ့ရသူတွေလည်း အားနာစွာတွေ့ ရှိရပါတယ်။ ဒီပွဲဟာ စင်္ကာပူမှာ Bones Will Crow ကို တရားဝင်ရောင်းချခွင့်ပေးတဲ့အခမ်းအနားလည်းဖြစ်ပါတယ်။ ဒီမြန်မာ – အင်္ဂလိပ် ၂ ဘာသာကဗျာ ပေါင်းချုပ်အကြောင်း James က ပရိတ်သတ်ကိုရှင်းပြပါတယ်။ ကျွန်တော်က မြန်မာကဗျာအကြောင်းကို ၂၀ ရာစုအစ ကနေ ယနေ့ခေတ်ပြိုင်အထိ အကြမ်းဖျဉ်းရှင်းပြခဲ့ ပါတယ်။ စင်္ကာပူပရိသတ် အထူးစိတ်ဝင်စားတဲ့ စိစစ်ရေးအကြောင်းလဲ ထည့်သွင်းပြော ဆိုခဲ့ရပါတယ်။ ကိုမိုးဝေးက စာအုပ်ထုတ်ဝေရေး အကြောင်းဟောပြောပါတယ်။ ပြီးတော့ James ၊ ကိုမိုးဝေး ၊ အိန္ဒြာနဲ့ ကျွန်တော်ကဗျာ တွေရွတ်ဖတ်ကြပါတယ်။ ကဗျာရွတ်ဖတ်ပွဲအပြီး မှာ ပရိသတ်နဲ့ Question and Answer ‘Q & A’ ပြုလုပ်ပါတယ်။ သူတို့ထပ်သိချင်တာ တွေကို တစ်ဦးစီလာမေးကြတာလည်းရှိပါတယ်။ ဒီကဗျာပွဲဟာ အထူးကျေနပ်ဝမ်းသာစရာကောင်းပါတယ်။ လူကိုယ်တိုင်ကျေးဇူးတင် စကားလာပြောကြသလို e mail နဲ့လည်း ကျေးဇူး တင်ကြောင်း message လှမ်းပို့ကြတဲ့အပြင် စင်္ကာပူ Straits Times သတင်းစာထဲမှာ လည်း ဒီပွဲရဲ့အကြောင်း သတင်းဆောင်းပါး ပါရှိ ပါတယ်။ ဆိုးတာတစ်ခုက Akshita ဆိုတဲ့ အမျိုးသမီး သတင်းထောက်ရဲ့ ကမောက်ကမလုပ်ပုံပါပဲ။ သူမက ကျွန်တော်စင်္ကာပူမရောက် ခင်က မေးခွန်း ၁၀ ခု e mail ကနေလှမ်းပို့လို့ ကျွန်တော်လည်း မေးခွန်း ၁ ခွန်းစီကို တော်တော်လေး ထဲထဲဝင်ဝင် ဖြေကြားပြီး ပြန်ပို့ လိုက်ပါတယ်။ ဒီကဗျာပွဲနေ့ထုတ်သတင်းစာထဲက သူရေးထားတဲ့ သတင်း ဆောင်းပါးကို ဖတ်လိုက်ရတော့ ကျွန်တော် တော်တော် စိတ်ပျက်သွားပါတယ်။ ကျွန်တော်ဖြေထားတာတွေကို သူက ဖြတ်ညှပ်ကပ် လုပ်တဲ့အပြင် ကျွန်တော်မပြောခဲ့တာတွေကိုလည်း သူက ကျွန်တော်ပြောခဲ့သယောင် လည်ဆည်ရေးသားထားတာတွေ တွေ့ရပါတယ်။ ကျွန်တော်က Alvin ကို ဒီကိစ္စအကြောင်းချက်ချင်းပြောပြီး Akshita နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းချင်တယ်လို့ပြောတော့ ပွဲတစ်လျှောက် လုံးရှိပြီး ပွဲအပြီးမှာ ပျောက်သွားတယ်တဲ့။ ကျွန်တော်မကျေ နပ်ကြောင်းကို သူကိုယ်တိုင်နောက်နေ့ပြောပေးပါ့မယ်လို့ Alvin က ကတိပေး ပြီး `သူအဲလို လျှောက်လုပ်တာ နာမည်ကြီးတယ်´လို့ လည်းဖြည့်စွက်ပြောခဲ့ပါတယ်။ ဂျာနယ်လစ်ဇင် ကျင့်ဝတ်။

ညစာကို Yale – NUS က ဒါရိုက်တာတစ်ယောက်ဖြစ်သူ Robin Hemley က Indo – chine စားသောက်ဆိုင်ကြီးမှာတည် ခင်းဧည့်ခံခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ Yale တက္ကသိုလ်နဲ့ စင်္ကာပူနိုင်ငံ NUS တို့ ပူးပေါင်းအစီအစဉ်နဲ့ ဖွင့်လှစ်တဲ့ International Writing Program ၊ Writer – in – Residence အစီအစဉ်ရဲ့ Professor of Humanities ဖြစ်ပါတယ်။ ကျွန်တော် ၂ လခွဲကျော် ရောက် ရှိခဲ့တဲ့ အမေရိကန်နိုင်ငံ Iowa International Writing Program (IWP) မှာလည်း ဒါရိုက်တာ တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဘူးတယ်လို့ သိရှိရပါတယ်။ အိုင်ယိုးဝါးရောက်တော့ သူဟာ Creative Non – fiction `ဖန်တီးမှု သုတစာပေ´သစ် ထူထောင်သူတွေ ထဲမှာ ရှေ့တန်းက ပါနေတာတွေ့ရပါတယ်။ စာပေကို ကျွန်တော်တို့က fiction နဲ့ non – fiction ၊ ရသစာပေနဲ့ သုတစာပေရယ်လို့ ခွဲခြားထားတာရှိပါတယ်။ Creative ဖန်တီးမှုပိုင်းကတော့ fiction ရသစာပေပိုင်းပေါ့။ ဒါပေမယ့် အခုအဲသလိုမဟုတ်တော့ပဲ အမေရိကန် မှာ Creative non – fiction `ဖန်တီးမှု (ရသ) သုတစာပေ´ဆိုတာပေါ်နေပြီ။ သင်တန်းတွေပို့ချ ၊ စာအုပ်တွေရေးသားထုတ်ဝေနေပြီ။ သတင်းအချက်အလက်ပေးဖို့ ဦးစားပေး ရည်ရွယ်ချက်နဲ့ ရေးသားတဲ့ သုတစာပေကို ရသပါဝင်အောင်ရေးပြီး ရသမြောက်ပေမယ့် သုတ ရည်ရွယ်ချက်လည်း မပျောက်သွားအောင် ရေးတဲ့ အရေးအသားမျိုးဖြစ်ပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရရင် အမေရိကန် စာရေးဆရာ ကြီး Truman Capote ရေးသားတဲ့ လူတစ်ယောက်ပြီး တစ်ယောက်ဆက်တိုက်သတ်ဖြတ်ခဲ့တဲ့ serial killer တစ်ယောက်အကြောင်းဖြစ် တဲ့ In Cold Blood စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ရသလား သုတလားလို့ ခွဲခြားပြောရခက်ပါတယ်။ အခုစင်္ကာပူမှာ စဖွင့်တော့မယ့် Writing Program မှာ တစ်ချိန်ချိန်မှာ မြန်မာကဗျာဆရာ ၊ စာရေးဆရာတွေကိုလည်း စိစစ်ရွေးချယ်ဖိတ်ခေါ်သွားမှာဖြစ်တယ်လို့လည်း Robin ဆီက ကြားသိခဲ့ရပါတယ်။ စင်္ကာပူနိုင်ငံရဲ့ အာဆီယံ ယဉ်ကျေးမှုဗဟိုဋ္ဌာန ASEAN Cultural Hub ဖြစ်မြောက်ရေး ရေရှည်အစီ အစဉ်နဲ့လည်း ဆက်စပ်နေတာဖြစ်ပါတယ်။

ဩဂုတ် ၁၄ ရက်နေ့ နံနက် ၁၁း၃၀ ကနေ နေ့လည် ၁း၀၀ အထိ Alvin ကိုယ်တိုင်သင်ကြားဟောပြောပို့ချခဲ့တဲ့ Raffles Junior College မှာ ခေတ်ပြိုင်မြန်မာ ကဗျာအကြောင်းတစေ့တစောင်းပြောကြားခွင့်ရခဲ့ပါတယ်။ ကောလိပ်ကျောင်းသူကျောင်းသားတွေ ပြည့်လျှံနေတဲ့ ဟောပြောပွဲခန်းမကြီးထဲမှာ ဖြစ်ပါတယ်။ မြန်မာကဗျာအကြောင်းလည်းပြော ၊ ကဗျာအချို့လည်း ရွတ်ဖတ်ခွင့်ရခဲ့တဲ့ ပွဲမှာ စိတ်အ၀င်စားဆုံးဖြစ်စရာကတော့ အဲဒီလူငယ်ပရိတ်သတ်တွေရဲ့ မေးခွန်းတွေပါပဲ။ စူးရှထက်မြက်တဲ့ မေးခွန်းတွေဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံရှိ ကောလိပ်/တက္ကသိုလ်ကျောင်းသားတွေနဲ့ ယှဉ်ထိုးပြီး ၀မ်းသာဝမ်းနည်းဖြစ်ခဲ့ရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ သမိုင်း ၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုတို့ကိုလည်း သင်ကြားပို့ချတဲ့ ကောလိပ်မို့လို့လည်း အဲသလို မေးခွန်းမျိုးတွေ မေးနိုင်ကြတာလို့ ယူဆပါ တယ်။

ပွဲအပြီး စင်္ကာပူမှာ နာမည်ကြီးတဲ့ Shinji Sushi ဆိုင်မှာ ဆူရှီသွားစားကြပါတယ်။ ကျွန်တော်တို့စားပွဲခုံရှေ့ကတန်းပေါ်မှာပဲ ငါးနဲ့ ပင်လယ်စာအမျိုးမျိုးကို ကျွမ်းကျွမ်းကျင်ကျင်လှီးဖြတ်ပြီး အခုစားရတော့မှာက ဘာဖြစ်တယ် ၊ ဘယ်လိုစားရတယ် စသဖြင့်လည်း ပြောပြသူ ဆူရှီစားသောက်ဆိုင် ၀န်ထမ်းဟာ ကျွန်တော်တို့ကို မြန်မာပြည်ကလာတာလို့ သိလိုက်တာနဲ့ပဲ သူဟာ မြန်မာပြည်အလည် အပတ်ရောက်ရှိဖူးကြောင်း ၊ မန္တလေးနဲ့ ပုဂံရောက်ရှိခဲ့ကြောင်းပြောပြပါတယ်။ ဩော် . . . သူတို့ဆီက ဆိုင်ဝန်ထမ်းတောင် နိုင်ငံခြားခရီး သွားနိုင်ကြတာ အံ့လည်းဩပြီး အံ့လည်းမဩတော့ပါဘူး။ ပြီးတော့ စင်္ကာပူနိုင်ငံရဲ့ အထင်ကရ မြန်မာရပ်ကွက်ဖြစ်တဲ့ Peninsula ကို သွားရောက်လေ့လာပါတယ်။

ည ၇း၀၀ ကနေ ၈း၀၀ အထိ Arab Street မှာရှိတဲ့ Artistry Cafe Bar မှာ ကဗျာရွတ်ပွဲကျင်းပခဲ့ပါတယ်။ အဲဒီကဖေး/ဘား ဟာ အဲသလို ကဗျာရွတ်ပွဲတွေ ၊ ဂီတပွဲတွေ ပုံမှန်ကျင်းပနေတာဖြစ်ပါတယ်။ ၀င်ကြေးမလိုပဲ ဆိုင်မှာ တစ်ခုခုမှာ စားသောက်ရုံနဲ့ ကြည့်ရှု နားဆင်လို့ရတာဖြစ်ပါတယ်။ မြန်မာပရိသတ်ရော စင်္ကာပူပရိသတ်ပါ ဆိုင်လုံးပြည့်လျှံသွားတဲ့ ပွဲလေးပါပဲ။ ကိုမိုးဝေးကဗျာမရွတ်ခင်ပြော တဲ့ `ကျွန်တော်တို့ဟာ နိုင်ငံတကာမှာ ခုလို ကဗျာတွေရွတ်ခွင့်ရဖို့ နှစ် ၅၀ နီးပါးစောင့်ခဲ့ရတာဖြစ်ပြီး အလားတူပဲ ကျွန်တော့် ကဗျာကို နားထောင်ရဖို့ အခုကြွရောက်လာကြတဲ့ ပရိသတ်ကြီးဟာလည်း နှစ် ၅၀ နီးပါးစောင့်ခဲ့ရတာဖြစ်ပါတယ်´ကို ကျွန်တော်အင်္ဂလိပ်လို ဘာသာပြန်ပြောပေးတော့ ပရိသတ်ကြီးပွဲကျခဲ့ပါတယ်။ အဲဒီပွဲမှာ ကျွန်တော်အထင်ကြီးလေးစားရတဲ့ စင်္ကာပူကဗျာဆရာ Cyril Wong နဲ့ လူကိုယ်တိုင်လည်း တွေ့ရှိခဲ့ရ ၊ ကဗျာရွတ်ဖတ်တာလည်း ကြားခဲ့ရတဲ့အတွက် အတွေ့အကြုံထူးရရှိခဲ့ပါတယ်။ သူဟာ မြန်မာပြည်ရောက် ဖူးကြောင်း ၊ ၁၉ လမ်းမှာ ကိုခင်အောင်အေးနဲ့ အတူထိုင်ပြီး ကဗျာအကြောင်းတွေပြောခဲ့ကြတာကိုလည်း သူအမှတ်ရစွာပြန်ပြောပြပါ တယ်။ အဲဒီပွဲအပြီး Arab Street က ဘားဆိုင်တစ်ဆိုင်မှာ ကျွန်တော်တို့ပျော်ပွဲစားထွက်သလို စားကြ(နည်းနည်း)သောက်ကြ (များများ) ပြီး အဆောင်ပြန်နေကြတုန်း Robin ဆီက ဖုံးဝင်လာတယ်။ မနက်ဖန်မနက်ပြန်ကြတော့မှာမို့ ဒီညသူနဲ့ လာသောက်ဖို့ ဖိတ်ခေါ် ပါတယ် တဲ့။ အချိန်က ည ၁၁း၀၀ ကျော်နေပြီ။ James ၊ Alvin ၊ ကိုမိုးဝေး ၊ ကျွန်တော်။ ဘယ်သူမှ မငြင်းဘူး။ Robin နေတဲ့ တိုက်ခန်းဆီ ရောက် သွားကြတယ်။ အိမ်ရှေ့ခန်းနဲ့ စားသောက်ခန်းကြားစင်ပေါ်မှာ Red တွေ Black တွေ တန်းစီနေတာပဲ။ Robin က စင်္ကာပူမှာတစ်ယောက် တည်းနေတာ။ သူ့ ဖိလစ်ပိုင်အမျိုးသမီးနဲ့သမီး ၂ ယောက်ကအိုင်ယိုးဝါးမှာ။ သူနဲ့အတူ လိုက်မနေနိုင်ကြသေးဘူး။ ကျွန်တော်က စပ်စုပြီး သူ့ မီးဖိုချောင်မှာရှိတဲ့ ရေခဲသေတ္တာထဲ ဘာစားစရာရှိမလဲလို့ ဖွင့်ကြည့်တယ်။ ချော့ကလက်တွေပဲတွေ့တယ်။ သူဟာ အရက်သောက် လိုက် ချော့ကလက်စားလိုက်ပဲ နေနေဟန်တူတယ်လို့ ပေါတောတော တွေးလိုက်မိသေးတယ်။ ဆက်သောက်ကြရင်းနဲ့ ဒီစင်္ကာပူ – မြန်မာကဗျာပွဲအကြောင်း ၊ သူစတင်ဆောင်ရွက်တော့မယ့် Writing Program အကြောင်း ၊ အိုင်ယိုးဝါးက IWP အကြောင်း ၊ ဟိုအ ကြောင်း ဒီအကြောင်းတွေပြောပြီး ကျွန်တော်တို့ အဆောင်ပြန်ရောက်တော့ ည ၂း၀၀ ရှိပြီ။ စာအုပ်တွေအ၀တ်အစားတွေ သိမ်းထုပ်ပြီး တော့ အချိန်က ၃း၀၀ လောက်ရှိပြီ။ မနက်လေဆိပ်ကို ၅း၀၀ အရောက်သွားရမှာ။ တက္ကဆီအချိန်မီလာပါ့မလား ၊ နိုးပါ့မလား ၊ တစ်ခုခု လွဲသွားရင် ဒုက္ခ စသည်စသည် . . . ။

ဩဂုတ် ၁၅ ရက် မနက် ၇း၅၅ flight နဲ့ ကျွန်တော်မြန်မာပြည်ပြန်ခဲ့ပါတယ်။ ကိုမိုးဝေးက စင်္ကာပူမှာ လည်ပတ်ဖို့ဆက်နေခဲ့ပါ တယ်။ စင်္ကာပူမှာ ဘယ်နေရာမှ အလည်အပတ်မရောက်ခဲ့ရပါဘူး။ နာမည်ကြီးတဲ့ merlion တောင် မတွေ့ခဲ့ရပါဘူး။ ၃ ရက်လုံးလုံးကဗျာ ကိစ္စနဲ့ပဲ လုံးထွေးခဲ့ရတာ။ ပြီး ၊ မြန်မာပြည်ပြန်ရောက်တာနဲ့ ကျွန်တော်အမေရိကန်နိုင်ငံ ၊ အိုင်ယိုးဝါး IWP အစီအစဉ်နဲ့ ၂ လနဲ့ ၃ ပတ် သွားရောက်နေထိုင်ဖို့ ကမန်းကတန်းပြင်ဆင်ရပြီး ကတိုက်ကရိုက်ပဲ ထွက်သွားလိုက်ရပါတယ်။

စင်္ကာပူမြန်မာကဗျာပွဲနဲ့ ပတ်သက်လို့ ကျွန်တော်အလိုမပြည့်ခဲ့ရတာကတော့ စင်္ကာပူကဗျာဆရာ/ဆရာမတွေနဲ့ တရင်းတနှီး တွေ့ဆုံ ဆွေးနွေးပြောဆို ဖလှယ်ခွင့်မရခဲ့တာပါပဲ။ ကျွန်တော်တို့ကို ထောက်ပံ့တဲ့ fund နည်းတာက တစ်ကြောင်း ၊ အချိန်မရတာက တစ်ကြောင်း ၊ စင်္ကာပူမှာလည်း ကဗျာဆရာ/ဆရာမတွေဟာ သူ့အုပ်စုနဲ့ သူနေကြတာကတစ်ကြောင်း ၊ အကြောင်းကြောင်းပေါ့။

စင်္ကာပူကဗျာပွဲအပြန်ကျွန်တော့်ကို ကျွန်တော်မေးခွန်းအချို့မေးခဲ့ပါတယ်။ ကဗျာဆရာတစ်ယောက်အနေနဲ့ ကိုယ်တိုင်ပဲစူးစမ်း ဆင်ခြင်ဖြေဆိုလို့ရမယ့် မေးခွန်းတွေပါပဲ။

၁။         ။ ကျွန်တော်ဟာ ကဗျာဆရာလား။ ဘာဖြစ်လို့လဲ။

၂။         ။ ကျွန်တော်ဟာ ကဗျာရေးတတ်လို့လား။

၃။         ။ ကျွန်တော်ကဗျာရေးတယ်ဆိုတာ ဘာလုပ်တာကို ဆိုလိုတာလဲ။

၎။         ။ ကျွန်တော်ဟာ တိုင်းပြည်ကိုယ်စားပြုကဗျာဆရာလား။

၅။         ။ `မြန်မာပြည်တွင်ပြုလုပ်သည်´ဆိုတဲ့ တံဆိပ်နဲ့ လာတဲ့ မြန်မာအမျိုးသားကဗျာ Myanmar National Poetry

ဆိုတာရှိသလား။

၆။         ။ ကျွန်တော်ဟာ `မြန်မာ´ကဗျာဆရာလား ၊ `မြန်မာကဗျာ´ဆရာလား။

၇။         ။ ကျွန်တော်ဟာ နိုင်ငံတကာ ကဗျာဆရာတစ်ယောက်ဖြစ်နိုင်သလား။

၈။         ။ မြန်မာကဗျာဆရာနဲ့ နိုင်ငံတကာ ကဗျာဆရာ ဘာကွာသလဲ။

၉။         ။ နိုင်ငံတကာ ကဗျာတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ကဗျာဟာ ဘယ်အဆင့်မှာ ရှိသလဲ။

၁၀။        ။ ဘာနဲ့ ဘယ်လိုတိုင်းတာမလဲ။

ဇေယျာလင်း
9 – Dec – 13

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>