ခေတ်ပြိုင်ကဗျာထဲက ဒေါ့ကယူမင်ထရီစီးကြောင်း

ပွင့်လင်းလူအဖွဲ့အစည်းတည်ဆောက်ဖို့ အဘက်ဘက်က ကျိုးပမ်းလာနေကြတဲ့ ဒီအချိန်မှာ ကျွန်တော်တို့ ခေတ်ပြိုင်မြန်မာ ကဗျာနယ်ပယ်မှာ documentary စီးကြောင်းတစ်ကြောင်းပေါ်လာနေတာ သတိပြုမိပါတယ်။ ဒီ documentary poetry ဒေါ့ကယူမင်ထရီ ကဗျာကို လောလောဆယ်မှာ စီးကြောင်း stream လို့ပဲ သုံးချင်ပါသေးတယ်။ သီးခြားကဗျာ အမျိုးအစား type/kind ၊ ကဗျာလှုပ်ရှားမှု movement လို့မသုံးချင်သေးပါဘူး။ ဒါပေမယ့် ခေတ်ပြိုင်ကဗျာထဲက ကဗျာအမျိုးအစားတစ်ခုဖြစ်လာနိုင်သလို ကဗျာလှုပ်ရှားမှုတစ်ခု လည်းအတိုင်းအတာတစ်ခုအထိဖြစ်ကောင်းဖြစ်လာနိုင်မယ်လို့ပဲ ယူဆရပါတယ်။

ရုပ်သံမှာ documentary film ကို `သတင်းကား´လို့ပဲအလွယ်တကူနားလည်ကြပါတယ်။ ဇာတ်လမ်းမဟုတ်ပါဘူး။ ရသထက် သုတဘက်ပိုနွယ်ပါတယ်။ ဒါပေမယ့် ကြည့်သူအတွက် ရသခံစားမှုလည်းဖြစ်နိုင်ပါတယ်။ Documentary poetry ကိုတော့ `သတင်း ကဗျာ´လို့အလွယ်တကူပြောလို့မရဘူးထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ poetry `ကဗျာ´ဆိုတာဖြစ်နေလို့ပါ။ စောဒကတက်မယ် ဆိုရင်တော့ သတင်းဟာလည်းပရိသတ်ကို ခံစားမှုဖြစ်စေပါတယ်။ ဒါပေမယ့် သတင်းပေးခြင်း/ရေးသားခြင်းရဲ့ ပဏာမဦးတည်ချက်က တော့ ခံစားမှုပေးဖို့ထက် သိမှုပေးဖို့ဖြစ်ပါတယ်။ သိမှုကမှတစ်ဆင့် ခံစားမှုဖြစ်ပေါ်စေတာဖြစ်ပေမယ့် ခံစားမှုပေးဖို့ ဦးတည်ရည်ရွယ်တာ မဟုတ်ပါဘူး။ Documentary poetry ဟာ သတင်းရော ၊ ခံစားမှုပါ ပေးချင်တဲ့ ကဗျာဟန်တစ်မျိုးလား။

ဒီလိုအငြင်းပွားဘွယ်ရာဖြစ်ကောင်းဖြစ်နိုင်တာဟာ ကဗျာကို ခံစားမှု (၀ါ) ခံစားမှုထုတ်ဖေါ်ဖွင့်ဟခြင်း (၀ါ) ရေးသူရဲ့ ခံစားမှု ထုတ်ဖေါ်ဖွင့်ဟခြင်း Poetry as (self -) expression လို့ အရပ်ကခံယူထားလို့ဖြစ်ပါတယ်။ ဒီလိုခံယူတာဟာလည်း ပဝေသဏီကတည်း ကဆိုတော့ တော်တော်လေးအမြစ်ဆွဲနေပါပြီ။ ဒီလိုခံယူတာဟာ မမှားပေမယ့် လုံးလုံးမှန်တာလည်းမဟုတ်ပါဘူး။ ခံစားမှုဗဟိုပြု လစ်ရစ်က်ကဗျာဟာ ကဗျာအမျိုးအစားတွေထဲက တစ်မျိုးသာလျှင်ဖြစ်သလို အမျိုးအစားမတူကြတဲ့ ကဗျာတွေထဲမှာလည်း ခံစားမှုဟာ အနည်းနဲ့အများပါရှိကြတာဖြစ်ပါတယ်။ သိမှု-ရှိမှု-ခံစားမှုဆိုတဲ့ သုံးပွင့်ဆိုင်ကိစ္စထဲက တစ်ခုခုကို ဖြုတ်ပယ်လို့မရကောင်းတဲ့ သဘောပါပဲ။ ဒီသုံးပွင့်ဆိုင်ထဲက တစ်ခုခုကို အသားပေးပြီးရေးသားကြတာရှိသလို ၊ တစ်ခုနဲ့ တစ်ခုပေါင်းစပ်ပြီးရေးသားကြတာတွေလည်း အများကြီးပါ ပဲ။ ဆိုလိုတာက ၊ ခံစားမှု ဗဟိုပြုကဗျာဟာ ကဗျာအနုပညာရပ်တစ်ခုလုံးမဟုတ်ပါဘူး။ ဒီကိစ္စဘာကြောင့်ပြောရသလဲဆိုတော့ မတူညီတဲ့ ကဗျာအမျိုးအစား/ကဗျာဗေဒတွေမှာ မတူညီကြတဲ့ နောက်ကွယ်သိမှုအစုအဝေးတွေနဲ့ မတူညီကြတဲ့ ဖွဲ့စည်းပြုလုပ်ပုံတွေ ၊ နည်းစနစ် တွေ ၊ တက္ကနိတွေရှိနေကြလို့ပါပဲ။ ဥပမာ ၊ တကယ်ဖြစ်ပျက်နေတဲ့ အများဆိုင်ကိစ္စတွေကို ကဗျာထဲ သတင်းလိုရေးဖွဲ့တာမျိုး ၊ ဒါမှ မဟုတ် ၊ တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကြီးတွေကို ကဗျာထဲထည့်ရေးတာမျိုးဆိုရင် အချို့က ကြိုက်ချင်မှ ကြိုက်မှာပါ။ ဒါကို ကဗျာလို့ ခေါ်ဝေါ်သတ်မှတ်ဖို့ ၀န်လေးကောင်းဝန်လေးကြမယ့်အပြင် ဆန့်ကျင်ကြမှာတောင်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို သတင်းအချက် အလက်အခြေပြုကဗျာတွေဟာ သခင်ကိုယ်တော်မှိုင်းရဲ့ မဟာကဗျာတွေမှာ ရှိခဲ့ပါတယ်။

အနောက်တိုင်းကဗျာကို ကြည့်ရင် ဒီဒေါ့ကယူမင်ထရီကဗျာကို Modernist Poetry ရဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့ Ezra Pound ရဲ့ Cantos ကဗျာရှည်ကြီးမှာ တွေ့ရပါတယ်။ သူ့သမိုင်းခေတ်ရဲ့ အဖြစ်အပျက်တွေ ၊ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ၊ အားပြိုင်အယူ အဆတွေကို ရေးသားဖေါ်ပြခဲ့ပါတယ်။ အဲဒါကြောင့်လည်း ပေါင်းန်ဒ်ရဲ့ Cantos ကဗျာရှည်ကြီးကို ‘Poem containing history’ သမိုင်း အဖြစ်အပျက်တွေပါဝင်တဲ့ ကဗျာလို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အမေရိကန် Objectivist ကဗျာဆရာတစ်ဦးဖြစ်တဲ့ Charles Reznikolf ကလည်း သူ့ခေတ်ပြိုင်သတင်းတွေကို ကဗျာထဲမှာ ထည့်ရေးသားခဲ့တာဖြစ်ပါတယ်။ ၁၉၃၀-၁၉၄၀ ကာလကဖြစ်ပါတယ်။ နောက်ပိုင်း အမေရိကန်ကဗျာစာပေအနုပညာနယ်ပယ်မှာ New Criticism ဆိုတဲ့ ဝေဖန်ရေးသစ် ဂိုဏ်းပေါ်လာခဲ့ပါတယ်။ ဒီဂိုဏ်းဟာ တက္ကသိုလ် ပညာတတ်တွေ ဦးစီးပျိုးထောင်ထားတဲ့ ဂိုဏ်ဖြစ်ပြီး သူတို့ရဲ့ ကဗျာအယူအဆဟာ အမေရိကန်ကဗျာလောကကို ပို့စ်မော်ဒန်မပေါ်လာ မချင်း လွှမ်းမိုးချုပ်ကိုင်ထားခဲ့တာဖြစ်ပါတယ်။ အခုအထိလည်းရှိနေပါသေးတယ်။

ဒီNew Criticism ဂိုဏ်းရဲ့ ကဗျာအယူအဆတွေကို အကြမ်းဖျဉ်းပြောရရင်တော့ သူတို့ယူဆကြတဲ့ `ကဗျာဆိုတာဘာ´ကို ကဗျာအဖြစ်လွှင့်ထူပြီး သူတို့လက်မခံကြတာကို ကဗျာအဖြစ်မှ နှုတ်ပယ်/ထုတ်ပယ်ခဲ့ကြပါတယ်။ သူတို့အရင်ဆုံးတိုက်ခိုက်ခဲ့တာက documentary poetry ပဲဖြစ်ပါတယ်။ လက်ဝဲယိမ်းတဲ့ documentary poetry ကိုသူတို့မကြိုက်နှစ်သက်ကြတာကတစ်ကြောင်း ၊ documentary နဲ့ poetry ဟာ ဆန့်ကျင်ဘက်ပြဒါးတစ်လမ်း သံတစ်လမ်းလို့ သတ်မှတ်ခဲ့ကြတာကတစ်ကြောင်းဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ သမိုင်းခေတ်ဆိုင်ရာ အဖြစ်အပျက်တွေရေးမှတော့ ဘယ်လိုကဗျာဖြစ်နိုင်မှာလဲလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒီဂိုဏ်းရဲ့ ကဗျာ အယူအဆက ကဗျာပုဒ်ဆိုတာ သူ့ဟာနဲ့သူပြီးပြည့်စုံနေတာဖြစ်တယ်။ ကဗျာပုဒ်ကို ဖတ်တာဟာ ကဗျာကိုဖတ်တာဖြစ်တယ်။ ကဗျာပုဒ် ပြင်ပက အချင်းအရာတွေနဲ့ ဖတ်စရာမလိုဘူး။ ကဗျာပုဒ်ထဲပါရှိကြတဲ့ စကားလုံး ၊ စကားစု ၊ ပါဒ ၊ ပုဒ်အားလုံးဟာ အချင်းချင်းအပြန် အလှန်အကျိုးသက်ရောက်ပြီး ညီညွတ်မှုတစ်ခုကိုဖြစ်စေတယ်။ ဒီညီညွတ်မှုကို ထိပါးစေမယ့် အရာတွေမပါရဘူး။ ပါရင် ညီညွတ်မှု ပျက်ဆီးပြီး ကဗျာပုဒ်ပါပျက်ဆီးတဲ့အတွက် ကဗျာမဖြစ်တော့ဘူး။ ဒီ့အပြင်ကဗျာပုဒ်ထဲက အတွေး ၊ ခံစားမှု ၊ စိတ်ကူးဖြန့်ကျက်မှုအားလုံး ဟာ ပြင်ပကလာတာမဟုတ်ပဲ ကဗျာဆရာရဲ့ ကိုယ်ပိုင်ခံစားချက်တွေက လာရတာဖြစ်တယ်။ ကဗျာဆရာရဲ့  original တွေဖြစ်ရမယ်။ ကဗျာဆရာရဲ့ ကိုယ်ပိုင်ဖန်တီးမှုဖြစ်ရမယ်။ ကဗျာပုဒ်ကို ဖတ်ခြင်းဟာလည်း ကဗျာပုဒ်မှာ ပါရှိတဲ့ အတွင်းသား ၊ အကြောင်းအရာနဲ့ ရေးဖွဲ့ပုံကို ဖတ်ရတာဖြစ်တယ်။ ပြင်ပလောကနဲ့ ယှဉ်ဖတ်စရာမလိုတဲ့အပြင် အဲသလိုဖတ်ရင်လည်း ကဗျာဖတ်တတ်ရာ မရောက်တာဖြစ် တဲ့အပြင် ကဗျာပုဒ်ကို ဖျက်ဆီးရာလည်းဖြစ်တယ်။ ကဗျာပုဒ်ကို အရသာခံဖတ်ရှုဖို့အတွက် ကဗျာဆရာရဲ့ ဘ၀ဖြစ်စဉ်ကိုသော်၎င်း ၊ သမိုင်းခေတ်ကိုသော်၎င်း ထည့်သွင်းဖတ်ရှုစရာမလိုဘူး။ ကဗျာပုဒ်ဟာ သူဖါသာသူပြီးပြည့်စုံနေတဲ့ အရာဖြစ်တယ်။ ကဗျာပုဒ်ထဲက အမှန်တရားဟာ ကဗျာပုဒ်ထဲဖေါ်ပြပါရှိတဲ့ ဘ၀နဲ့ပဲဆိုင်တယ် ၊ ကဗျာပုဒ်ရဲ့ ပြင်ပ (၀ါ) လောကမှာရှိတဲ့ အမှန်တရားတွေနဲ့ မဆိုင်ဘူး။ ကဗျာပုဒ်ဟာ closed system သူ့ဟာနဲ့သူ လုံလုံလောက်လောက်နဲ့ ပြည့်ပြည့်စုံစုံရှိတဲ့ အပိတ်စနစ်ဖြစ်တယ်။ ကဗျာဟာ ကဗျာဆရာရဲ့ တွေ့ကြုံခံစားမှုထဲကလာတဲ့ အနှစ်သာရဖြစ်တယ် ၊ ပြင်ပလောကအဖြစ်အပျက်တွေ စီတန်းရေးထားတာတွေ မဟုတ်ဘူး။ တစ်ဘက်က ကြည့်ရင် documentary ဆိုတာ ကဗျာဆရာရဲ့ ပြင်ပမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ၊ သတင်းတွေဖြစ်တယ်။ ဒါတွေဟာ ကဗျာ ဆရာရဲ့ နက်ရှိုင်းတဲ့ နှလုံးသား ၀ိဥာဉ်ထဲကလာတဲ့ ကိုယ်ပိုင်ခံစားမှုတွေမဟုတ်ဘူး။ သတင်းအချက်အလက်တွေဟာလည်း ကဗျာဆရာ ရဲ့ နှလုံးသား ၀ိဥာဉ်ထဲကလာတဲ့ အစစ်အမှန်တွေမဟုတ်သလို ရိုးသားမှုလည်းမရှိကြဘူး။ သတင်းအချက်အလက်တွေဟာ လူတွေရဲ့ စိတ် /သိမှုကို လွှမ်းမိုးချုပ်ကိုင်ဖို့ အရောင်တင်လှည့်စားတာ ၊ ပါဝါရှုထောင့်တစ်ခုခုက ထုတ်လွှတ်တာ ၊ ပြဋ္ဌာန်းဖို့ ကျိုးစားတာကအစ ပေါ်ပေါ်တင်တင်ဝါဒဖြန့်ဖို့လည်းဖြစ်တယ်။ အဲဒီတော့ ပြင်ပလောကဆိုင်ရာ သတင်းအချက်အလက် ၊ အဖြစ်အပျက်တွေကို ကဗျာပုဒ်ထဲ ထည့်သွင်းရေးသားတာဟာ ကဗျာအနုပညာဖန်တီးတာမဟုတ်ပဲ  သက်သက်ဝါဒဖြန့်တာပဲဖြစ်တယ်။ အဲဒါတွေဟာ ကဗျာအရာမမြောက် သလို ကဗျာလည်းမဟုတ်ကြဘူး . . . . လို့ New Criticism ကတရားဝင်ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါတယ်။

၁၉၉၀ ၀န်းကျင်မှာ Cultural Studies ယဉ်ကျေးမှုလေ့လာချက်ဘာသာရပ်ထွန်းကားလာပြီးနောက် အနုပညာနယ်ပယ်မှာ documentarism ပြန်လည်စတင်လာပါတယ်လို့ဆိုပါတယ်။ Documentary poetry လို့တရားဝင်မသုံးစွဲပေမယ့် နောင်မှာ documentary poetry ရဲ့ စရိုက်လက္ခဏာတွေဖြစ်လာမယ့် နည်းဟန်တွေကို ကဗျာတွေမှာ သုံးစွဲလာကြပါတယ်။ အမေရိကန်ကဗျာ ဆရာမ Jena Osman ကိုယ်တိုင်ဟာ ဒီလိုကဗျာမျိုးတွေရေးလာပြီး အခြားကဗျာဆရာ/ဆရာမတွေကိုလည်း စာရင်းပြုစုခဲ့ပါတယ်။ ဒီစာရင်းထဲမှာ Carolyn Forche ရဲ့ The Colonel ဆိုတဲ့ ကဗျာလည်းပါရှိပါတယ်။ (ဒီကဗျာကို မဂ္ဂဇင်းတစ်ခုမှာ ကျွန်တော်ဘာသာပြန် ဖေါ်ပြခဲ့ပါသေးတယ်။) Denise Levertov ဆိုတဲ့ကဗျာဆရာမကလည်း “News Report September 1991:U.S. Buried Iraqi Soldiers Alive in Gulf War” “သတင်းပေးပို့ချက် ၊ စက်တင်ဘာ ၁၉၉၁ – ပင်လယ်ကွေ့စစ်ပွဲတွင် အီရတ်စစ်သားများကို အမေရိကန် တပ်များက အရှင်လတ်လတ်မြှုပ်နှံခြင်း” ခေါင်းစဉ်နဲ့ documentary poetry တစ်ပုဒ်ရေးခဲ့ပါတယ်။ ခေါင်းစဉ်ကိုယ်တိုင်ဟာ သတင်းဖြစ် ကြောင်းတမင်ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ကန္တာရမုန်တိုင်းစစ်ဆင်ရေးမှာ ကတုတ်ကျင်းတွေထဲရှိနေကြတဲ့ အီရတ်စစ်သားတွေ ကို အမေရိကန်တပ်က ဘူဒိုဇာတွေနဲ့ အရှင်လတ်လတ်မြေမြှုပ်ခဲ့ကြတာဖြစ်ပါတယ်။ ရေးတဲ့ ပုံစံက မူလသတင်းဆောင်းပါးထဲက စာသား အပိုင်းအစတွေကို collage လုပ် ၊ အမေရိကန်စစ်တပ်က ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောစကားထဲက စကားစုတွေကို ထပ်ကျော့သုံး ၊ အခြားစာသားတွေနဲ့ juxtapose တွဲချိတ်တာတွေဖြစ်ပါတယ်။ `စနစ်တကျ ကြိုတင်စီစဉ်ပြီး အဖန်ဖန်လေ့ကျင့်´၊`တမင်ပြုလုပ်ထားတဲ့ နည်းဗျူဟာ´ ၊ `ကုန်ကျမှုသက်သာစေသော´စတဲ့စကားအသုံးအနှုံးတွေဟာ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အစည်းအဝေးတွေမှာ သုံးလေ့သုံးထရှိတဲ့ စကားတွေမို့ ပင်လယ်ကွေ့စစ်ပွဲကို အမေရိကန်အရင်းရှင်စနစ်နဲ့ ချိတ်တွဲပြလိုက်တာဖြစ်ပါတယ်။ H.L.Hix ဆိုသူ ကဗျာဆရာကလည်း ‘God  Bless’ ခေါင်းစဉ်နဲ့ ကဗျာစာအုပ်တစ်အုပ်ထုတ်ခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ ပါတဲ့ ကဗျာတွေဟာ သမ္မတ ဂျော့ဂ်ျဘွတ်ရှ်နဲ့ အိုဆာမာဘင်လာဒင်တို့ရဲ့ မိန့်ခွန်းတွေ ၊ အမိန့်တွေ ၊ သတင်းထုတ်ပြန်ချက်တွေထဲက စာသားတွေနဲ့ construct ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘွတ်ရှ်ရဲ့ စာသားနဲ့ ဘင်လာဒင်ရဲ့စားသားတွေကို တစ်လှည့်စီဖေါ်ပြထားတာဖြစ်ပါတယ်။ ဘွတ်ရှ်ရဲ့ စာသားတွေကိုလည်း sestina ကဗျာပုံစံ ၊ ghazal ကဗျာပုံစံတွေနဲ့ ပြုလုပ်ဖေါ်ပြပါတယ်။ အမေရိကန်ကဗျာလောကမှာ documentary poem ရဲ့ အောင်ပွဲကို ဖေါ်ပြရရင်ကဗျာဆရာမ C.D.Wright ရဲ့ ‘One With Others’ ကဗျာစာအုပ်ဟာ National Book Award ကို ၂၀၁၀မှာ ဆွတ်ခူးရရှိခဲ့ပါတယ်။ The New Yorker မဂ္ဂဇင်းမှာပါရှိတဲ့ ဖတ်ညွှန်းထဲမှာလည်း ဒီကဗျာစာအုပ်နဲ့ ပတ်သက်လို့ ‘documentary’ ဆိုတဲ့ စကားလုံးကို တစ်ခါမကသုံးစွဲခဲ့ပါတယ်။

Documentary poetry နဲ့ ပတ်သက်လို့ အများသိအောင်ရေးသားကြတဲ့ ဆောင်းပါးတွေထဲမှာ Philip Metres ရဲ့ “From Reznikoff to Public Enemy: The poet as journalist, historian, agitator” ဆောင်းပါးမှာ ကဗျာရေးသူကို `သတင်းသမား ၊ သမိုင်း မှတ်တမ်းတင်သူ၊ လှုံ့ဆော်သူ´အဖြစ်ရေးသားသတ်မှတ်တာပါရှိပါတယ်။ ဒီဆောင်းပါးမှာ ဆောင်းပါးရှင်ရေးသားထားတာတွေထဲက အချို့ကောက်နှုတ်ရရင် – `အောင်မြင်တဲ့ documentary poem ဟာ အရှိတရားရဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိပြီး ကဗျာတစ်ပုဒ်အဖြစ်ရပ် တည်နိုင်တာဖြစ်တယ်။´`documentary poem ကို ခဏတာအရေးပါပြီး ကိစ္စပြီးသွားတဲ့အခါ အမှိုက်ပုံးထဲရောက်သွားတဲ့ ပိုစတာအဖြစ် လျှော့ချလို့မရဘူး။´ `ဒီကဗျာတွေရဲ့ ပါဝါဟာ သက်သေခံ ဘာသာစကားနဲ့ အကြောင်းအရာသက်သက်ကို ကျော်လွန်တဲ့ ဘာသာ စကား ၂ ခုရဲ့ အပေးအယူပြုလုပ်ခြင်းထဲမှာရှိပါတယ်။´ `ဒီကဗျာမျိုးဟာ ပြတိုက်ထဲထည့်ထားပြီး အဝေးကလှမ်းကြည့်ရတာမျိုးမဟုတ်ပဲ ခေတ်ရဲ့ သမိုင်းဝင်အဖြစ်အပျက်တွေကို အခြေခံပြီး အဲဒီအဖြစ်အပျက်တွေကို အကြောင်းပြုလုပ်တဲ့ ၊ ရှင်သန်လှုပ်ရှားနေတဲ့ medium ဖြစ်ပါ တယ်။´ `Documentary Poetry and Archival Desire´မှာ ဆောင်းပါးရှင် Joseph Harrington က documentary poetry ကို `(၁) ကဗျာဆရာရေးသားတာမဟုတ်တဲ့ အဆိုတွေ ၊ အမိန့်တွေ ၊ အင်တာဗျူးတွေ ၊ စာရွတ်စာတမ်းတွေထဲက စာသားတွေ ၊ ကိုးကား ချက်တွေပါရှိသော ၊ (၂) လူသားဖြစ်ဖြစ်သဘာဝတရားဖြစ်ဖြစ် ၊ မက္ကရိုဖြစ်ဖြစ် မိုက္ကရိုဖြစ်ဖြစ် သမိုင်းဆိုင်ရာ အဖြစ်အပျက်တို့ ၊ ရေးသား ပြောဆိုချက်တို့နှင့် ပတ်သက်သော ကဗျာအမျိုးအစား´လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ `ဒီကဗျာတွေဟာ တသီးပုဂ္ဂလလူသားဘက်ကနေ အများပြည်သူဆိုင် ရာအရပ်ဋ္ဌာနဘက်ကို လှည့်ကြတယ်´။ `ဒီကဗျာမျိုးဟာ ကဗျာထက် သမိုင်းဖတ်စာ ၊ သတင်းဆောင်းပါး ၊ facebook နဲ့ twitter အရေး အသားတွေနဲ့ ပိုတူပေမယ့် လျှော့တွက်လို့တော့မရပါဘူး´။ `Documentary ကဗျာတော်တော်များများဟာ အရေးပါတဲ့ သမိုင်းအဖြစ်အပျက်တွေကို ကိုင်တွယ်သလို အခြားနိုင်ငံရေး ၊ လူမှုရေး ၊ ယဉ်ကျေးမှုအရေးကိစ္စတွေထဲလည်း ကဗျာနဲ့ ၀င်ပြောဆိုရေးသားတာတွေ ဖြစ်ပါတယ်။´ Mark Nowak ရဲ့ ‘Documentary Poetics’ ဆောင်းပါးမှာ documentary poetryကို ‘doc-po’ လို့အတိုကောက်သုံးတာ တွေ့ရှိရပါတယ်။ ဆောင်းပါးရှင်ပြောတာတွေထဲက ကောက်နှုတ်ချက်အချို့ကိုပြရရင် –– ‘Documentary poetics မှာ စတင်တည် ထောင်သူမရှိ ၊ အငြင်းပွားဘွယ်ရာ ကနဦးအစဆိုတာလည်းမရှိ ၊ တစ်ဦးတည်းမူပိုင်ပြုလုပ်မယ့် ပြောရေးဆိုခွင် ရှိသူလည်းမရှိ ၊ လက်တွေ့ ရေးသားပြုလုပ်ရာမှာ pre-modern ၊ modern ၊ postmodern စတဲ့ ကာလအပိုင်းအခြားတွေလည်းမရှိပါ ဘူး။’ ‘Doc- po ဟာ Lefter-than-liberal လစ်ဘရလ်ထက်လက်ဝဲပိုယိမ်း ၊ မာ့က်ဆစ်သမိုင်းအမြင်ထက် ဆိုရှယ် ဒီမိုကရက်ဘက်ပို ရောက်ကြတာဖြစ်တယ်’ ‘Doc- po ဟာ ကဗျာလှုပ်ရှားမှုတစ်ခုထက် အမျိုးတူစုဝေးရာဖြစ်ပြီး `မိမိ´/ `ငါ´1st person ပုဂ္ဂလဓိဋ္ဌာန် အခြေပြုအရေးအသားနဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ 3rd person မှတ်တမ်းတင်အရေးအသားသဘောတို့ကြားမှာ ရှိနေတာဖြစ်တယ်။’ `အခြား doc-po ကဗျာဆရာ/ဆရာမတွေအတွက် ကိုယ်စားပြုသဘောမဟုတ်ပဲ ကိုယ့်ကဗျာဗေဒနဲ့ပဲ ကိုယ်ပြောရရင် documentary poetics ဟာ Contemporary Poetry ရဲ့ကဗျာ လူမှုနယ် ပယ်ထဲမှာတင်ပါဝင်လှုပ်ရှားတာမဟုတ်ပဲ အခြားလူမှုနယ်ပယ်တွေထဲအထိ ၀င်ရောက်ပါဝင် သင့်ပါတယ်။ ဥပမာ ၊ စက်ရုံအလုပ်ရုံတွေ ၊ သမဂ္ဂဟောခန်းတွေ ၊ နိုင်ငံရေးစည်းရုံလှုပ်ရှားမှုပွဲတွေပေါ့။´

ဒါပေမယ့် ၊ ပြဿနာတက်တာက ဒါဟာ ကဗျာလားဆိုတာပါပဲ။ အမေရိကန်ကဗျာဆရာမ Nada Gordon နာဒါဂေါ်ဒင်န်ဟာ documentary poetry ကိုရှုတ်ချတဲ့အကြောင်း ဆောင်းပါးတစ်ပုဒ်မှာ ဖေါ်ပြပါရှိတာတွေ့ရပါတယ်။ ဒီကဗျာမျိုးကို နာဒါ မကြိုက်တာက `စကားလုံး/ဘာသာစကားစိတ်ကူးဖြန့်ကျက်မှုကို ပစ်ပယ်ပြီး mimesis ပြင်ပအဖြစ်အပျက်တစ်ခုခုကို တုပသရုပ်ဖေါ်တာ ၊ သတင်း ရေးသားပေးပို့ ချက်ဆီသွားနေတာ´ကြောင့်ဖြစ်ပါတယ်။ ဒီကဗျာမျိုးဟာ `social message လူမှုသတင်းတစ်ခုခုကို သင်ကြားပို့ချတဲ့ ပုံစံ မျိုးနဲ့ ကဗျာ ပုံသဏ္ဍာန်တွေထဲ သွပ်သွင်းနေတာ´ လို့သူမကပြောပါတယ်။ သတင်းပေးပို့ချက် (၀ါ) အကြောင်းအရာ (၀ါ) message ပေးလိုမှုဟာ ကဗျာရဲ့ အလုပ်နဲ့ မကိုက်ညီဘူးလို့ သူမ, မြင်ပါတယ်။ ကဗျာပုဒ်ရဲ့ ပါဒတိုင်းဟာ စကားလုံးသုံးစွဲပုံနဲ့ ၀ါကျဖွဲ့ထုံးကို မီးမောင်းထိုးပြတာ ဖြစ်တဲ့အတွက် ကဗျာပုဒ်ဟာ ဒီအလုပ်မလုပ်ပဲ message/သတင်းပေးပို့ဖို့ဖြစ်တယ်ဆိုရင် စကတည်းက အဲဒီအရေး အသားဟာ သေပြီပဲ လို့ဆိုပါတယ်။ ကဗျာဖြစ်စေတဲ့ Verbal imagination စကားလုံး/ဘာသာစကားစိတ်ကူးဖြန့်ကျက်မှု ၊ Literary form စာပေပုံသဏ္ဍာန် (အကျယ်မြင်ရန်)နဲ့ aura ကဗျာအာရုံခံစားမှုအရောင်အ၀ါတို့ မပါရှိရင် အဲဒီအရေးအသားဟာ ကဗျာလို့ပြောရ ခက်တယ်လို့ဆိုပါတယ်။ သရုပ်ဖေါ်အရေးအသား ၊ သင်ကြားပို့ချမှုအရေးအသား ၊ လူမှုဆိုင်ရာ အရေးအသားတွေဟာ ကဗျာနယ် ပယ်ထက် reportage သတင်း ရေးသားပြုလုပ်ပေးပို့မှု နယ်ပယ်နဲ့ပဲ ဆိုင်ပါတယ်လို့ဆိုပါတယ်။ နာဒါဆိုလိုတာက အဆိုပါ သရုပ်ဖေါ် တာတွေ ၊ သင်ကြားပို့ချတာတွေ ၊ လူမှုဆိုင်ရာ အသိဥာဏ်ဖွင့်/သတင်းပေးပို့ချက်တွေဟာ တန်ဘိုးမရှိတာမဟုတ် ၊ တန်ဘိုးရှိကြပါ တယ်။ ဒါပေမယ့် ၊ ကဗျာနယ်ပယ်နဲ့ တော့ မပတ်သက်ဘူးလို့ဆိုပါတယ်။ နာဒါနောက်ထပ်ပြောတာက documentary poetry မှာ repression သိုသိုသိပ်သိပ်နဲ့ ချုပ်တည်း ထားတာရှိခြင်းဖြစ်ပါတယ်။ documentary poetry ဟာ ခေတ်သမိုင်းအဖြစ်အပျက်ကို သက်သေခံမှတ်တမ်းတင်တဲ့နေရာမှာ အဲဒီ မှတ်တမ်းကိုယ်တိုင်ရဲ့ အချို့အစိပ်အပိုင်းတွေကို သိုသိုသိပ်သိပ်နဲ့ ချုပ်တည်းလိုက်တာ ၊ ကန့်သတ်ပယ်ဖျောက်လိုက်တာဖြစ်တဲ့အတွက် ဖတ်သူအတွက် အဲဒီမှတ်တမ်းကို တွေ့ကြုံခံစားရာမှာ ဘာအပြောင်းအလဲမှမဖြစ် သွားတဲ့အပြင် သိုသိုသိပ်သိပ်နဲ့ ချုပ်တည်းထားတာ/ တည်းဖြတ်ထားတာ/ ကန့်သတ်ဖယ်ထုတ်ထားခြင်းပေါ်မှာလည်း ဘာမှမသိရတဲ့ အတွက် ဘာမှ လှုံ့ဆော်ရာကျမှာ မဟုတ်ပါဘူးတဲ့။ Documentary poetry အချို့ဆိုရင် ပြောချင်တဲ့အကြောင်းကို မူလကတည်းက အကွက်ချပြီး လိုရင်းဆီတည့်တည့်ရောက်စေမယ့် အရေးအသားမျိုးနဲ့ တင်ပြတဲ့အတွက် `ပြားချပ်ချပ် ၊ ကြိုတင်သိပြီးသား ၊ မိုးတစ်လုံး လေတစ်လုံးကြီးကြီးကျယ်ကျယ် (ပေမယ့်) ပျင်းရိငြီး ငွေ့ဖွယ်ကောင်းတဲ့ documentary တွေပဲထွက်လာတယ်´လို့ဆိုပါတယ်။ Documentary poet အနေနဲ့ နာမည်ကြီးတဲ့ Mark Nowak ဆိုသူကိုတောင်မှ ပရိသတ်က လာမေးကြတာရှိပါတယ်တဲ့။ `ခင်္ဗျားအရေး အသားဟာ နိုင်ငံရေးအားဖြင့် တော်တော်ထိရောက်ပါတယ်။ နိုင်ငံရေးအလုပ်တော်တော်လုပ်ပါတယ်။ ဒါပေမယ့် ကဗျာအတတ်ပညာ ကော။ ကဗျာအတတ်ပညာကိစ္စ ၊ကဗျာဖြစ်ဖို့ ကိစ္စကိုကော ခင်္ဗျား စဉ်းစားရဲ့လား´တဲ့။ နောက်ကွယ်ဆိုလိုရင်းကတော့ ဒီလိုကဗျာတွေ ဟာ နိုင်ငံရေးအသိအမြင်နိုးကြွစေဖို့အတွက် ကောင်းပေမယ့် ၊ ကဗျာ အတတ်ပညာ ခေါင်းပါးလို့ ကဗျာလို့ပြောရခက်တယ်ဆိုတာပါပဲ။

တကယ့်သမိုင်း(၀င်)အဖြစ်အပျက်တွေကို အတုံးလိုက် အတစ်လိုက်စီရေးရုံနဲ့ ကဗျာမဖြစ်ဘူးဆိုတာတော့ သိကြပါတယ်။ Documentary poetry ဟာ documentary film နဲ့မကင်းတဲ့ အတွက် Jack Ellis ရဲ့ `The Documentary Idea: A Critical History of English-Language Documentary film & Video´ ဆောင်းပါးမှာ ဆောင်းပါးရှင်ဟာ ၁၉၈၉ ကတည်းက အချက် ၅ ချက်ကို ပြောခဲ့ ပါတယ်။ (၁) Subject – ရွေးချယ်တဲ့ တကယ့်အကြောင်းအရာ/အများပြည်သူနဲ့ ဆိုင်တဲ့အကြောင်းအရာ ၊ (၂) Purpose – ရည်ရွယ်ချက် ၊ အသိပေးဖို့ ၊ စိတ်ဝင်စားစေဖို့ ၊ စာနာထောက်ထားစေဖို့ ၊ သွေးထိုးလှုံ့ဆော်ဖို့ ၊ (၃) Form – formative process – အိုက်ဒီယာစရ ကတည်းက ရွေးချယ်စိစစ်မှုပိုင်း ၊ ကဗျာပုဒ်အဆောက်အအုံဖွဲ့စည်းတည်ဆောက်မှုပိုင်းစတဲ့ ကိစ္စအားလုံးကို စဉ်းစား ၊ စိတ်ကူး ၊ စီရင်တဲ့ ဖြစ်စဉ်တစ်ခုလုံး ၊ (၄) Methods & techniques – နည်းစနစ်နဲ့ နည်းနာတွေ ၊ ဒီအပိုင်းမှာ အစဉ်အလာကဗျာသုံးပစ္စည်းတွေပါသလို Experimental / Avant – garde တွေသုံးတဲ့ နည်းစနစ်/နည်းနာတွေလည်း ပါရှိနိုင်ပါတယ် ၊ (၅) Experience offered to readers – ဖတ်သူကို ရရှိစေချင်တဲ့ အတွေ့အကြုံ ၊ ဆိုလိုတာက aesthetic ရသတွေ့ကြုံခံစားမှု ၊ စိတ်နေသဘောထားပေါ် အကျိုးသက်ရောက် စေမှု ၊ နဲ့ လက်တွေ့လှုပ်ရှားဆောင်ရွက်လာသည်အထိ လှုံ့ဆော်မှုတို့ဖြစ်ပါတယ်။ Documentary poetry ရဲ့ ကဗျာမြောက်ခြင်း ၊ မမြောက်ခြင်းဟာ အထက်ပါ အချက် ၅ ချက်ရဲ့ စုပေါင်းအလုပ်လုပ်ပုံရဲ့ အတိုင်းအတာအရပဲဖြစ်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ ‘Documentary Poetry and Language Surge’ မှာလည်း ဆောင်းပါးရှင် Martin Earl က aesthetic criteria အနုပညာစံကို မပစ် ပယ်မိဖို့ အထူးသတိထားရမယ်လို့ဆိုပါတယ်။ တစ်ချိန်တည်းမှာလည်း လစ်ရစ်က်ကဗျာရဲ့ self- expression မဖြစ်သွားအောင်လည်း သတိထားဖို့ သတိပေးပါတယ်။ (ကျွန်တော်တို့ မြန်မာကဗျာလောကမှာ ရှိခဲ့ဘူးတဲ့ ၊ ဆက်ရှိထားသင့်တဲ့ `နိုင်ငံရေးစံ´နဲ့ `အနုပညာစံ´ ကို ပြေးမြင်မိပါတယ်။ စာပေသစ် ၊ မော်ဒန် ၊ တော်လှန် ၊ ခေတ်ပေါ် ၊post – ခေတ်ပေါ် ၊ ကွန်တမ်ပိုရာရီ။) Documentary Impulse မှတ် တမ်းတင်လိုခြင်းစေ့ဆော်မှုနဲ့ poetic impulse ကဗျာဖြစ်လိုခြင်း/မြောက်လိုခြင်း စေ့ဆော်မှုတို့ရဲ့ co-existence အတူတကွယှဉ်တွဲ နေထိုင်မှု အဆင့်အတန်းနဲ့ အတိုင်းအတာပေါ် အများကြီးမူတည်ပါတယ်။ အကြောင်းအရာဟာ အကြောင်းအရာအလုပ်လည်း လုပ်ရ မယ် ၊ ကဗျာလို့ ခေါ်ဝေါ်သတ်မှတ်တဲ့ အတွက် ကဗျာအလုပ်လည်းလုပ်ရမှာဖြစ်ပါတယ်။ သတင်းစာမှာပါတဲ့ သတင်းဟာ ကဗျာမဟုတ် သလို ကဗျာဟာလည်း ရေးသူရဲ့ ပုဂ္ဂလိက ခံစားမှုဖေါ်ပြချက်သက်သက်မဟုတ်ပြန်ပါဘူး။ တစ်ခါတုန်းက ကျွန်တော်တို့ရဲ့ ကဗျာဆရာ အောင်ချိမ့်မေးခဲ့ဘူးတဲ့ မေးခွန်းကိုလည်း သတိရလျှက်ပါ ၊ `သတင်းစာထဲကဟာတွေ လျှောက်ရေးလို့ ကဗျာဖြစ်မလား´တဲ့။ ဟုတ်ကဲ့။ မဖြစ်တဲ့အခါရှိသလို ဖြစ်တဲ့အခါလည်းရှိပါတယ်။ ဖတ်သူနဲ့လည်း ဖတ်ပုံဖတ်နည်းအရအများကြီး ဆိုင်တာမို့ ရိုးစင်းစွာ ယတိပြတ်ပြောရ ခက်ပါတယ်။ Documentary ကဗျာဟာ သတင်းသက်သက် မဟုတ်သလို ၀ါဒဖြန့်ချိရေး ကြွေးကျော်သံလည်း မဟုတ်ပါဘူး။ `သတင်း မှာ ကဗျာရသ မရသလို ကြွေးကျော်သံဟာလည်း ကဗျာအလုပ်လုပ်နေတာမဟုတ်ပါဘူး´လို့လည်း အဖြူအမည်းခွဲပြောရတာခက်တဲ့ ကိစ္စတွေကလည်း ရှိသေးတာပဲလေ။

ချုပ်ပြောရရင်တော့ ဒီနေ့လိုသတင်းခေတ်ကြီးထဲမှာ တိုင်းပြည်နဲ့ ပတ်သက်တဲ့ အပြောင်းအလဲကြီးတွေကို အကြောင်းပြုရေး သားကြတဲ့ ကဗျာအမျိုးမျိုးအစားစားရှိလာတဲ့ထဲမှာ doc – po လို့ခေါ်တဲ့ documentary poetry လည်းရှိနေတယ်လို့ပြောလိုပါတယ်။ သာဓက ကဗျာတွေ ထုတ်မပြတာက စာရေးသူကိုယ်တိုင် ယတိပြတ် သတ်မှတ်ခြင်းထက် ဖတ်သူရဲ့ ပွင့်လင်းစဉ်းစားပုံနဲ့ပဲ ချဉ်းကပ်စေ ချင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြောကြစတမ်းဆိုရင် ကောက်နွယ်ကနောင်ရဲ့ `ပြုံးချိုအတွက်ကဗျာ´ကို ထိရောက်လှပတဲ့ doc – po အဖြစ်ကျွန်တော်သတ်မှတ်ပါတယ်။  ။

ဇေယျာလင်း
1 – Aug – 13

One thought on “ခေတ်ပြိုင်ကဗျာထဲက ဒေါ့ကယူမင်ထရီစီးကြောင်း”

  • အရမ်းမှန်ကန်တယ်လို့ထင်ပါတယ် Documentry နဲ့ပတ်သတ်ပြီး မသိတဲ့အရာတွေကိုသိလိုက်ရပါတယ်
ွှ့Thank ပါ

Leave a Reply to htin lin aung Cancel Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>