တသီးပုဂ္ဂလသမုဒ္ဒရာတွေချည့်ပါပဲ ပင်မရွက်တိုင်ထိပ်ဖျားမှာ
ကုန်းမြေတွေ့နိုးတလူလူ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေများ
ရင်ပိုင်းနဲ့ဆက်ထားတဲ့ ခြေတံလက်တံအတုတွေ အံစာတုံးတွေ
လှိမ့်လိုက်တိုင်း သွေးထဲ ဂျောက်ဂျက်မြည်
အရောင်ဆိုးထားတဲ့ ပိတ်သားစဟောင်းနွမ်းလို ရောဂါရအရေပြား
စိတ်တွင်းမုန်တိုင်းထန် အတွေးဟာ `ညစ်ညမ်း´ပုံလိုအစွဲတစ်ခု
`ကာသေး´ဆိုတဲ့မြေပုံပေါ်က မထင်မရှားတိုင်းပြည်တစ်ခု
မိမိကိုယ်မိမိပြန်ညွှန်းသော သွေးသားအာရုံခံစားမှု
အလင်းနဲ့ ဖေါက်ထားတဲ့ အရည်တလည်လည် ကြွပ်ရွနေခြည်
ပွန်းပဲ့နေတဲ့ အသားပြင် အရှိုးရာတွေ ထမ်းထားတဲ့ ဘာသာစကား
သိမ်မွေ့တဲ့ ကွဲပြားချက်တွေ ကောင်းကောင်မှာ အရောင်တွေရောစွက်
ဘက်လိုက်တဲ့ မနုဿဗေဒရဲ့ သိုသိပ်ချုပ်တည်းထားတဲ့ ပတ်တီးတွေ
အောက်မှာပဲ ရွှေ့ပြောင်းနေထိုင်ခြင်းများ ဥရောပများ
စိတ်ရောဂါဗေဒရဲ့ နေထိုင်မှုပုံစံတစ်ခု ရာစုနှစ်တွေရဲ့ အနည်ကျကျောက်
သီချင်းတွေလာဆိုညည်းကြတဲ့ ရေသူမတွေ စုန်းကဝေတွေ လှပ
မသေရုံတမယ်ခရီးနဲ့ သဟဇာတဖြစ်ရတဲ့ ရက်စက်ကြမ်းကြုတ်မှု
တွန့်ရှုံ့နေတဲ့ ကမ္ဘာသစ်ရှာဖွေမှုအယူဝါဒ အာဗွန့်ဂါ့ဒ်
စုန်းပူး ၊ နတ်ဝင် ၊ ဓါတ်စီးချိန်တွင် ကူးဆက်လာသည့် ဓါတ်ကိုယ်ဝန်
လူစာရင်း ၊ ပစ္စည်းစာရင်း ၊ အချိန်စာရင်း ၊ အာရုံကြောစာရင်း
ရေမိုင်စာရင်း အစားထိုးခွဲစိပ်မှုများ အင်္ဂါဖြတ်တောက်မှုများ
ပီကင်းနေပြည်တော်အလံတွေ တလူလူအိပ်မက်ပြက်လုံး
လမိုက်ည သမုဒ္ဒရာတွင်းမျိုးပွားခြင်းဆိုင်ရာ ချို့ယွင်းမှု
မွေးသေဖွင့်ဟဖေါ်ပြချက်
မီးအိမ်အလင်းမှာ မာကိုပိုလိုရဲ့ နဖူးကြောတွေတင်းလို့
မြေပုံပေါ်ကွန်ပါချွံထောက်ပြီး စက်ဝိုင်းဆွဲချ
ပါးစပ်ပေါက်/မိန်းမအင်္ဂါ စိုရွှဲနေတဲ့ဆံပင်တွေနဲ့ အင်္ဂါဇာတ်
နှုတ်ခမ်းသားအရောင်တင်ဆီရဲ့ မှုန်ဝါးဝါးအလင်း
တရုတ်ဧကရာဇ်နဲ့ မတွေ့မချင်း အီတလီကိုမပြန်စတမ်း
သားအိမ်ထဲက အသားပို
မိမိဘယ်သူဘယ်ဝါမှန်းမသိတော့တဲ့ စိတ်အကြပ်အတည်း
မူလအစ ပိုင်ဆိုင်မှု ရုပ်ပိုင်းဆိုင်ရာရောဂါဘယ
သားအိမ်ခေါင်းအလွန်အမင်းကျုံ့သွားခြင်း
လမ်းကြောင်းသွေဖည်လွဲသွားခြင်း စံနမူနာအလှတရား
ကြမ်း – ကြမ်း – တမ်း – တမ်း – စုပ် – ယူ – နမ်း – ပစ် –
လိုက် – စမ်း – ပါ နှုတ်ခမ်းသား မဟာတံတိုင်းအိပ်မက်
အစေ့အိမ်တွင်းပြည်တည်နာ ပုန်ကန်တဲ့ မိန်းမကြမ်း
စိတ်အနှောက်အယှက်ဖြစ်ရပါရဲ့ မာကိုပိုလိုတွေးတယ်
အငြင်းပွားဘွယ်ရာ မြေနေရာ
သမုဒ္ဒရာပြင်ကျယ်ကြီးထဲမှာ ယုံကြည်မှုတစ်ခုရဲ့ ရောဂါ။ ။
ဇေယျာလင်း
27 – July – 13
kyaw Htoo Bala says:
ပီကင်းနေပြည်တော်အလံတွေ တလူလူအိပ်မက်ပြက်လုံး
လမိုက်ည သမုဒ္ဒရာတွင်းမျိုးပွားခြင်းဆိုင်ရာ ချို့ယွင်းမှု
မွေးသေဖွင့်ဟဖေါ်ပြချက်
မီးအိမ်အလင်းမှာ မာကိုပိုလိုရဲ့ နဖူးကြောတွေတင်းလို့