[၁]
အတွေ့အကြုံတစ်ခုကို (ပြန်လည်)ဖွဲ့ပြနေတာမဟုတ်ဘူး
အတွေ့အကြုံတစ်ခုကို အခုပဲ လက်တွေ့လုပ်ရင်းတွေ့ကြုံနေတာ
အတွေ့အကြုံတစ်ခုကို ကြုံဘူးတဲ့ တစ်ခုခုနဲ့ တည်ဆောက်နေတာ
အစဉ်အလာဘောင်အပြင်မှာ မှောင်နေရင်လည်း ထွန်းကြည့်/တွန်းကြည့်နေတာ
(စိတ်ပါရင် ဒီနေရာမှာ သင်လည်းဝင်တွန်းပါ)
အနက်တွေ ဂယက်တွေ ဇရက်တွေ အုပ်လိုက်ထပျံသလို
အရောင်အီအီကို ကြောင်စီစီကြည့်မနေတော့ဘူး
ရုန်းကြည့်မှသိရတာ ချည်ထားတဲ့ နှောင်ကြိုး
သင့်ကို ဘာအရောင်ဆိုးသလဲနဲ့ ဆက်စပ် ဖျက်ဖတ်
ဆက်စပ်ဝန်းကျင်ဟာ ဆက်စပ်ထားတဲ့ဝန်းကျင်ပဲ
ဆက်စပ်မှ ၀န်းကျင်ဖြစ်တာ ဆက်စပ်ပုံရဲ့ ၀န်းကျင်
ဝန်းကျင်ပါဆက်စပ် ၀န်းကျင်ရဲ့ အဆက်အစပ်တွေမှာ
ဘာတွေကွက်လပ်ဖြစ်နေသလဲ ဘယ်အကွက်တွေ လပ်နေသလဲ
လပ်နေတာဒီမှာ . . . . . . . .
. . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . .
[၂]
ဒီမှာရေးသားရင်းနဲ့ ရေးသားခြင်း
စာ ၊ စကားနဲ့ စာသားပြုလုပ်ခြင်း
ရေးသားရင်းနဲ့ ရွေးသွားခြင်း
ရုပ်ရှင်မှာ jump – out တွေလိုခုန်ကူးခြင်း
`၀တ်မှုံကူးခြင်း´
ပုံတူကူးခြင်းမဟုတ် ပုံတူမျိုးပွားခြင်းမဟုတ်
ပုံသေဒီဇိုင်းတစ်ခုလို ပုံအတိုင်းတည်ဆောက်ခြင်းမဟုတ်
သင်ရိုးညွှန်းတမ်းအတိုင်းတည်ဆောက်ခြင်းမဟုတ်
(တည်ဆောက်ခြင်းဟာ သင်ရိုးညွှန်းတမ်းမဟုတ်)
စိတ်အလှုပ်နောက်ရုပ်လိုက် ရုပ်အလှုပ်နောက်အလုပ်လိုက်
အလုပ်အလှုပ်မှာ အာရုံကပ် အာရုံကပ်သမျှမှာ စကားဖူးပွင့်
ဒီအဖူးအပွင့်တွေမှာ အာရုံဝတ်မှုံကူးကပ်ထုံးဖွဲ့
စကားလုံးတွေနဲ့ ဓါတ်ပြုထားတဲ့ အာရုံတွေ
အရေးအသားကိုရွေးသွားတယ် (ဟုတ်လား)
[၃]
ရေးသားခြင်းဟာ မိမိတို့အလုပ် အရေးအသားဟာ မိမိတို့မီဒီယံ
မိမိတို့ဟာ ကန့်လန့်ကာမဟုတ်ဘူး မိမိတို့ဟာ ပိတ်ကားမဟုတ်ဘူး
မိမိတို့ဟာ ဖန်သားပြင်မဟုတ်ဘူး မိမိတို့ဟာ ဖြစ်နိုင်ချေတွေ
ဖြစ်နိုင်ချေဧရိယာတွေလွှမ်းခြုံဖို့ ခွဲစိပ်ဖို့ ဝေဖန်ပိုင်းခြားဖို့
စကားလုံးရွေးပုံ သီပုံ တွဲချိတ်ပုံ ပါဒ/၀ါကျ/ပိုဒ်စီပုံ
စီပုံနောက်ကွယ်မှာ ဘာနည်း ဘာအယူအဆ ဘာအာဏာ ဘာပါဝါ ဘာဗေဒ
စီပုံစီနည်း တစ်နည်းနည်းနဲ့ စီထားတဲ့ ပုံတွေပဲ
ဘယ်လိုစိထား ဘယ်လိုစီထား ဘယ်လိုစီး/စည်းထား
ဘယ်သူ့အကျိုးစီးပွား ဘယ်သူတွေကြီးထွားဖို့
[၄]
. . . . . .
စကားလုံးမှာ အာရုံဖူးပွင့်
အာရုံအရင့်အမာမှာ သဒ္ဒါတံတားထိုး
စကားအိုးထဲ ရုပ် ၊ သံ ၊ အဓိပ္ပါယ် ၊ အနက် ၊ ဂယက်
နောက်တစ်ကြောင်းမှာ မပေါင်းသွားခင်
ဒီတစ်ကြောင်းမှာ
ဒီတစ်ကြောင်းမှာ
ဒီတစ်ကြောင်းမှာ
အာရုံစိုက်
အခိုက်ဓါတ်ဒီမှာရှာ အခါဓါတ်ဒီမှာရှိုက်
သင်္ခါရကိုခဏပိုက်
သင်္ခါရရဲ့ အကြောတွေ အကြေးတွေ အခွံတွေ
ဒီမှာ ပွတ်သပ်ကြည့်လိုက်
အာရုံအစပ်မှာ တဖျတ်ဖျတ်လေး ဖတ်ကြည့်လိုက်
[၅]
နေအ၀င်မှာ
အစဉ်အလာဟာ
အစဉ်မလာနိုင်တော့ဘူး
[၆]
ရေးသားခြင်းဟာ ပွင့်နေတယ် ဖွင့်နေတယ် ဖွင့်ရမယ်
ဖွင့်ထားရမယ်
အဖွင့်ထဲမှာ ပွင့်နိုင်စရာတွေ ပွင့်နိုင်တာတွေ ဆက်ပွင့်ဖို့
စိတ် ကူးစရာ ဆွတ်ခူး စရာ ကိုင်း ကူး စရာ
ဒီမှာဖြတ်လိုက်
ဟိုမှာ လမ်းပြောင်း
လမ်းဟောင်းထားခဲ့
လမ်းကြောင်းထွင်ရေးသားခြင်းရဲ့ ကွင်းပြင်ကျယ်
ပင်လယ်တွေလည်း ပါနိုင်တယ်
သင်လည်းလာနိုင်တယ် ပါနိုင်တယ်
[၇]
ရေးသားခြင်းဟာ ဖြစ်စဉ်တစ်ခု ဖြစ်စဉ်တစ်ခုရဲ့/နဲ့ တွေ့ကြုံမှု
ဖြစ်စဉ်တစ်ခုကို ဖြစ်နေစဉ်မှာ တွေ့ကြုံရမှု
တွေ့ကြုံစဉ်မှာ ဖြစ်မှုတစ်ခု ထက်မက
ဘယ်လိုဆက်ရ ဘာစည်းမျဉ်းရှိ ဘာတွေ့ရှိလို့ ဘာမရှိ
အို . . . အသင် ၊ ပိသုကာ ၊ အင်ဂျင်နီယာ ၊ ၀င်ရောက်နေထိုင်သူ
စိတ်ဆန့်စရာရှိသရွေ့ ကန့်သတ်ချက်တွေရွေ့
ရေးသားခြင်းမှာ စာသားတွေ မိမိတို့ မှော်ရွေ့
[၈]
ကွက်လပ်တွေ အခုန်တွေနဲ့ အာရုံတွေဖွဲ့စည်း
အရေးအသားချင်းဆက်စပ်မှု စာသားချင်းတွေ့ဆုံမှု
ပေါင်းစည်းမှု ရုန်းကန်မှု ဖြာထွက်မှု
မရှိသေးတဲ့ နယ်ပယ်တွေဟာ မသိသေးတဲ့စကားတွေ
မရှိသေးတဲ့ စကားတွေဟာ မသိသေးတဲ့ နယ်ပယ်တွေ
[၉]
ထိခိုက်မိလျှင် ကိုယ့်ထိုက်ကိုယ့်ကံကိုယ့်ကြမ္မာမို့
လူမှုစည်းတွေ ဆန်းစစ်စို့
ကြာပါပြီ။ ရေးချင်လို့ပြန်ရေးတာ။
ဇေယျာလင်း
၁၉ ဇူလိုင် ၂၀၁၃
မင်းလတ် says:
အခုလို ပြောပြပေးတာ
ကျေးဇူးတင်ပါတရ်
မင်းလတ် says:
ကျေးဇူးတင်ပါတရ်