အတွေးတစ်ခုဘယ်မှာဆုံးပြီး နောက်အတွေးဘယ်မှာ စ (ခေါ်/ပေါ်)
စစ်ဖြစ်နေပါတယ်ဆိုမှ သီအိုရီဖေါက်ကားနေတဲ့ မာဓါဖတ်ကာ
ဖြည့်ချင်ရာဖြစ် /ဖြစ်ချင်ရာဖြည့် အရေပြားအောက်မှာ လောကတဖွားဖွား
ဘယ်သူမဆိုဟာ ကိုယ့်ထဲကဖေါက်လိုက်တဲ့ သွေးကို သူစိမ်းလိုကြည့်ကြတယ်
မိမိအတ္တဟာ အိမ်က ကျွတ်ထွက်သွားတဲ့ ပင့်ကူလို အမျှင်မှာ လေထဲတွဲလွဲလွင့်
နေထိုင်မှုမှာ Like ၁၀၀ပြည့်ဖို့လိုသလား
လိုက်ကာလှလှနဲ့ မုန်တိုင်းလျှာသပ်နေတဲ့ မှန်အိမ်လေးတွေ
တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပါဒနဲ့ ဖန်သားလူတွေ
တစ်ယောက်အတွက် ၀န်ထုပ်ဝန်ပိုးဟာ အခြားတစ်ယောက်အတွက် နယ်ပယ်သစ်
ရှာဖွေရေးခရီးစဉ် မပြီးသေးတဲ့ ၀ါကျ သဒ္ဒါစာအုပ်ကပြောတဲ့ `အမှား´တွေ
မိနစ်လက်တံနဲ့ စက္ကန့်လက်တံပုံမှန်သွားနေတဲ့ နာရီလက်တံရပ်နာရီ . . . ကြာပြီ . . .
မင်းငါ့ကို မကြိုက်တာဘာလဲဆိုတော့ သူဟာငါ့အကြောင်းကြားဘူးနားဝမှာထစ်လို့
နိုင်ဂျီးရီးယားက မျိုးနွယ်စုတစ်စုဟာ ခေးအော့စ်နတ်ကို ကိုးကွယ်တယ်
ဆည်မြောင်းစနစ်ပေါ်လာပြီးမှ စိုက်ပျိုးရေးကို နားလည်လာကြတဲ့ ပေါင်းပင်တွေလို
အရပ်မြင့်သူရဲ့ အရင်းအမြစ်ကို ဇာတ်နိမ့်သူက ဇောက်ထိုးမြင်လို့
အကြောသေလက် ဘာသီးမလဲ အကြောသေလက်သီးပဲပေါ့ သေရည်ရွှမ်းလို့
ဆီလီကွန်ထည့်ထားတဲ့ ဆိတ်လစေ့ဦးဏှောက်
တိုက်တဲနစ်က် မြုပ်နေချိန်မှာ သံစုံတီးဝိုင်းဟာ ဂီတပေါ်သစ္စာရှိစွာ
အက်ရှဘရီပြောခဲ့သလို `ဒီတယောဟာ သင်ကြားထားတဲ့ သီချင်းဟောင်းပဲ တီးတတ်တယ်´
`ဘာမှမခံစားဘူး´ ဟာ `အရမ်းခံစားရတယ်´ရဲ့ မှန်ထဲက ပုံရိပ်ပဲ
ဟဲ့ပလုပ်တုတ် ၊ ဖြတ်လိုက်တဲ့ ကြိုးဟာ နွားသိုးကို လွှတ်ပေးလိုက်ပြီ
`ရပ် ၊ ဒီမှာတင်ရပ်´လို့ ကိုယ်ပြောမလား ၊ သူပြောမလား
တစ်ခုခုတော့ ပွင့်တော့မယ် ၊ ငုံထားတာဖူးလာပြီ ၊ `ပန်းပေါင်းတစ်ရာ´
လုပ်မနေနဲ့ ၊ မိုင်ပေါင်းတစ်ထောင်ဟာ တစ်ကလစ်ပဲ
ဥက္ကဌကြီးဝှေးစေ့ကုတ်ရမလား ပစ်မိန့်ပေးရမလား ၊ မကွဲပြားခင်
မြို့ကိုသိမ်းလိုက်ပြီ။ ပဲ . . . . . ။ မကြာမီမှာ မဆလာတွေဈေးတက်သွားတယ်
အမျိုးကိုချစ်လို့ ကြက်ဆူစိုက်ကြတယ် ။ ။
ဇေယျာလင်း
7 – July – 13