အီရတ် (Iraq) ကဗျာဆရာ ဆာအာဒီ ယူဆက်ဖ် (Saadi Yousef) ဟာ ယနေ့ခေတ်ပြိုင်အာရပ်ကဗျာလောကမှာ အထင်ကရ ကဗျာဆရာတစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ ဘာဆရာမြို့နားက တောရွာလေးတစ်ရွာမှာ ၁၉၃၄က မွေးဖွားခဲ့ပြီး ကဗျာနဲ့ စကားပြေလုံးချင်း ၄၀ ကျော်ရေးသားထုတ်ဝေပြီးသူဖြစ်ပါတယ်။ အင်္ဂလိပ်ကနေ အာရပ်ဘာသာပြန်အလုပ်လည်းလုပ်ပါတယ်။ ၁၉၅၄ မှာ ဘဂ္ဂဒက် တက္ကသိုလ်က အာရပ်ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး အဲဒီအချိန်ကတည်းက လက်ဝဲနိုင်ရေးလှုပ်ရှားမှုတွေထဲပါဝင်ခဲ့ပါတယ်။ ကဗျာကိုလည်း အဲဒီကာလကစရေးခဲ့တာဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်တွေမှာ နိုင်ငံရေးအမှုနဲ့ ထောင်ကျခဲ့ပြီး ထောင်ကလွတ်လာတဲ့အခါ အယ်လ်ဂျီးရီးယား နိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ ၁၉၇၁ မှာ အီရတ်ကိုပြန်လာပြီး ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနမှာအမှုထမ်းခဲ့ပါတယ်။ ၁၉၇၉ မှာ ဆဒ္ဒမ်ဟူစိန်တက် လာတော့ အီရတ်ကနေ ထပ်မံထွက်ခွာခဲ့ပါတယ်။ မြေထဲပင်လယ်ဒေသအနီးရှိ အာရပ်နဲ့ ဥရောပနိုင်ငံတွေမှာ ပြည်ပြေးတစ်ယောက် အနေနဲ့ နေထိုင်ခဲ့ပါ တယ်။ ဆဒ္ဒမ်ဟူစိန်ကို တောက်လျှောက်ဆန့်ကျင်ခဲ့ပြီးအခု လန်ဒန်မှာ အခြေချနေထိုင်လျှက်ရှိပါတယ်။ ၂၀၀၂ မှာ သူ့ကဗျာတွေကို လစ်ဗျားကဗျာဆရာ ခါလစ်ဒ် မတ်တေးဝါး (Khaled Mattawa ) က အင်္ဂလိပ်ဘာသာပြန်ပြီး Without an Alphabet, Without a Face ခေါင်းစဉ်နဲ့ အမေရိကန်မှာ ထုတ်ဝေခဲ့ပါတယ်။
ယူဆက်ဖ်ရဲ့ ကဗျာတွေဟာ နေ့စဉ်သုံး ပစ္စည်းတွေနဲ့ အသေးစိပ်အချက်အလက်တွေပေါ် အခြေပြုကြပြီး အဲဒီပစ္စည်းတွေ အချက်အလက်တွေထဲက လောကတွေနဲ့ သမိုင်းရဲ့ တွန်းအားတို့ပေါ်ထွက်လာကြတာဖြစ်ပါတယ်။ အန္တရယ်ကြီးတဲ့ အခြေအနေတွေ အောက်မှာ နေထိုင်ခဲ့ရတော့ နေ့စဉ်အသက်ရှင်ခြင်းဟာ သာမန်ပစ္စည်းတွေ ၊ သာမန်အဖြစ်အပျက်တွေပေါ် အာရုံသိမြင်မှုပိုစူးစိုက်စေ လာပါတယ်။ သာမန်အရှိတရားနဲ့ အာရုံမှောက်မှားခြင်းတို့ကို ကွဲပြားစေတဲ့ မျဉ်းဟာ ရံဖန်ရံခါေ၀၀ါးသွားတတ်ပါတယ်။ သာမန်သရုပ်ဖေါ် မှုဟာ ဆူရီယလ်ဆန်ဆန် ပြောင်းလဲသွားတတ်ပါတယ်။ သာမန်နေ့စဉ်နေထိုင်မှုထဲက သက်ရှိရှင်သန်နေတဲ့ အော်သံတစ်ခုဟာ သူ့ကဗျာ ထဲမှာ ထွက်လာတတ်ပါတယ်။ ယူဆက်ဖ်ရဲ့ ကဗျာတွေဟာ ပြင်းထန်တဲ့ ခံစားမှုနဲ့အတူ လောကကြီးနဲ့ မိမိတို့ ရှင်သန်နေထိုင်ကြရတဲ့ ခေတ်အခါသမယကြီးကို ပီပြင်ရှင်းလင်းစွာ ကြည့်မြင်ပြီး ရေးသားဖွဲ့ဆိုတာတွေဖြစ်ပါတယ်။ မိမိတို့ဟာလည်း မိမိတို့နေထိုင်ကြရတဲ့ ခေတ်ကြီးထဲမှာ မိမိတို့ရဲ့ စကားသံ (voice) ကို အဆက်မပြတ်ရှာဖွေနေကြရတာဖြစ်ပြီး ၊ မိမိတို့ကိုယ်တိုင်ဟာ မိမိတို့ရဲ့ သမိုင်းဖန်တီး ရှင်တွေဖြစ်ကြတာနဲ့အတူ မိမိတို့ရဲ့ အသံကို ပိတ်ပင်ခြင်းမခံရအောင်ပြုမူဆောင်ရွက်နေကြရမှာပဲဖြစ်တယ်ဆိုတာ ယူဆက်ဖ်ရဲ့ ကဗျာ တွေမှာ တွေ့ရှိရပါတယ်။
သင့်ရဲ့ ဘယ်ပန်းတစ်ပွင့်ကိုမှ ဒင်းတို့ခိုးယူကြမှာ မဟုတ်ဘူး
ဘာလို့ဆိုတော့ သင်ဟာ အရာဝတ္ထုနဲ့ ရုပ်ပုံကြားပျောက်ဆုံးနေလို့ပဲ
သင့်အမည်နာမတွေဟာ ရေလိုပျောက်ဆုံးသွားခဲ့ပြီ။
အမေ့ပျောက်ခံ ခံမြို့ ၊ သင့်မင်းတုပ်တွေဟာ လူသူမဲ့ခဲ့ပြီ။
မြင်းလှည်းတွေနဲ့ ရှူးဖိနပ်မည်းတွေကြား
သင်ဟာ ခေါင်းမာမာနဲ့ မားမားကြီးရပ်နေခဲ့တယ်
ရင်ပြင်မှာ သင့်အလံနီတွေ လွှင့်ထူလို့။
(`အိုလီယန်ဒါပင်´ ကဗျာမှ) (၂၀၀၂)
မနေ့က ရေဒီယိုမှာ လူတစ်ယောက်အသံကြားလိုက်ရတယ်
မယ်ရီယမ်ရဲ့ စကားသံ။
လိုင်လီကီ နဲ့ ဆူလမ်ကြားက `ပေါက်ကွဲမှု´တွေကြား
သူမ, နေထိုင်နေလေမလား။
ဘေရွတ်မြို့ရဲ့ ကျောက်တုံးတွေဟာ ငါ့ကျောခင်းရာတွေပဲ ၊
ဘေရွတ်မြို့ဟာ ပင်လယ်ငှက်တစ်ကောင်လို ထိတ်လန့်သွားခဲ့တယ်
ချစ်သူတွေဟာ သူတို့ရဲ့ စက်သေနတ်တွေကို
ဘယ်ပြန်ညာပြန်ဆွဲကြတယ်
ပင်လယ်ဟာ ငြိမ်သက်သွားခဲ့တယ်။
ကလေးတွေဟာ သစ္စာဖေါက်အသံတစ်သံကို နားဆင်ကြတယ်
အဝေးမှာ မီးတွေထလောင်ကျွမ်း
ခဲသားမိုးကုတ်စက်ဝိုင်းမှာ လေယာဉ်တွေဝဲပတ်နေခဲ့တယ်။
မယ်ရီယမ် ၊ မင်းအတွက်တော့ ချစ်သူတွေနဲ့ ပေါက်ကွဲမှုတွေပဲ။
(`မယ်ရီယမ်ရောက်လာပြီ´ ကဗျာမှ) (၂၀၀၂)
ညမှာ
ဆင်းရဲသားတွေစွန့်ခွာခဲ့ကြတဲ့ အိုးအိမ်တွေဆီ
သူမ ဟိုဒီလျှောက်သွားတယ်
ပြီး ၊ အသံအုပ်အုပ်နဲ့ ဘုရားစာရွတ်ဆိုခြင်းတွေ
တိတ်ဆိတ်သွားကြတဲ့ ဘုရားရှိခိုးကျောင်းတွေ ၊
ပြီး ၊ ဆင်းရဲတဲ့ ကလေးမလေးတွေ မူးမေ့လဲကျကြတဲ့
တဲစုတ်တွေ။
သန်းကောင်ယံမှာ
ရွှံ့ဗွက်ထူလမ်းတွေအနောက်မှာရှိတဲ့
သူမရဲ့ ညှို့အားပြင်းကွန်းခိုရာလေးဆီပြန်လာတယ်
သူသေတို့ရဲ့ ပေါင်မုန့်
မာရ်တလ်ပန်းပွင့်တွေ
ကျွဲသည်းအပြားလိုက်တွေ
စွပ်ပြုတ်လုပ်သောက်ဖို့ အရိုး ၂ ချောင်းလက်ဆွဲလို့။
အရုဏ်ဦးမှာ သူမရဲ့ အိမ်တွေအားလုံးရှေ့ရပ်နား
သူမရဲ့ ကလေးတွေအားလုံးကို အိပ်ရာနှိုး
သူတို့ကို လမ်းပေါ်တရွတ်ဆွဲချ ၊
ထောင်ပေါင်းများစွာဟာ အသင့်စောင့်ကြတယ်
ဘဂ္ဂဒက်မြို့တော်ကြီးဆီချီတက်ကြဖို့။
(`ဘဂ္ဂဒက်သစ်´ ကဗျာမှ) (၂၀၀၂)
ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခြင်း ၁၉၄၃
ငါတို့ချာတိတ်တွေ ၊ ရပ်ကွက်ထဲက ဖိနပ်မပါလေးတွေ
ငါတို့ချာတိတ်တွေ ၊ ရပ်ကွက်ထဲက အ၀တ်ဗလာကျောမွဲလေးတွေ
ငါတို့ချာတိတ်တွေ ရွှံ့စားပြီးဗိုက်တွေပွလို့
ငါတို့ချာတိတ်တွေ စွံပလွံသီးနဲ့ ရွှေဖရုံသီးခွံတွေစားပြီး
သွားတွေမှာ ပိုးစားပေါက်တွေနဲ့
ငါတို့ချာတိတ်တွေ ဟာဆန်အလ်ဘာစရီ ဂူဗိမာန်ကနေ
အက်ရှားမြစ်ရဲ့ မြစ်ဖျားခံရာအထိ
တန်းစီနေကြလိမ့်မယ် ၊ မနက်ခင်းမှာ သင့်ကို
အုန်းထန်းလက်စိမ်းတွေနဲ့ ဝှေ့ရမ်းကြိုဆိုလို့
ငါတို့အော်ဆိုကြလိမ့်မယ် ၊ သက်တော်ရာကျော်ရှည်ပါစေ
ငါတို့သံပြိုင်အော်ကြမယ် ၊ အမတအထိရှည်ပါစေ
ငါတို့ကြားကြလိမ့်မယ် ၊ စကော့တလန်အိတ်ပုလွေသံတွေ ၊ မြူးကြွ
ရံဖန်ရံခါငါတို့ရယ်မောကြလိမ့်မယ် ၊ အိန္ဒိယစစ်သားရဲ့ ကျင်စွယ်တွေ
ဒါပေမယ့် ငါတို့ရယ်မောသံတွေထဲ စိမ့်ဝင်ရောနှောလာတဲ့
ငါတို့ရယ်မောခြင်းတွေကို ဆန့်ကျင်လိုက်တဲ့အကြောက်တရား
ငါတို့သံပြိုင်အော်ကြတယ် ၊ သက်တော်ရာကျော်ရှည်ပါစေ
ငါတို့သံပြိုင်အော်ကြတယ် ၊ အမတအထိရှည်ပါစေ
ပြီး ၊ သင့်ထံငါတို့ လက်တွေဆန့်လိုက်ကြတယ်
ပေါင်မုန့်ပေးပါ
ငါတို့ဟာ ဟောဒီရွာလေးမှာ မွေးဖွားလာကြကတည်းက
ဆာလောင်နေကြသူတွေပါ
ငါတို့ကို အသားပေးပါ ၊ ပီကေပေးပါ
သံဗူးတွေပေးပါ ၊ ငါးပေးပါ
ပေးပါ ၊ ငါတို့ကို ၊ အဲသလိုဆို
ဘယ်မိခင်မှ သူ့ကလေးကို စွန့်ပစ်ကြမှာ မဟုတ်ဘူး
ငါတို့ဟာ ရွှံ့စားပြီး အိပ်ရတဲ့ ဘ၀မရောက်ကြတော့ဘူး
ငါတို့ ချာတိတ်တွေ ၊ ရပ်ကွက်ထဲက ဖိနပ်မပါတွေ
သင်ဘယ်ကရောက်လာသလဲငါတို့မသိ
သင်ဘာကြောင့် ရောက်လာသလဲ ငါတို့မသိ
ဘာကြောင့်ငါတို့ အော်ဆိုကြသလဲ `သက်တော်ရာကျော်
ရှည်ပါစေ´ ငါတို့မသိ
အခုငါတို့မှာ မေးစရာရှိလာပြီလေ
ဒီမှာပဲ သင်တို့တာရှည်နေမှာလား
ငါတို့လက်တွေ သင်တို့ထံဆက်လက်ဖြန့်ထားရမှာလား ။ ။
(၂၀၀၂)
အို . . . . အလွမ်း ၊ ငါ့ရန်သူ
ဒီကိစ္စငါတို့ဖြစ်ခဲ့ကြတာ နှစ် ၃၀ ရှိပြီ။
ခရီးတစ်ခုမှာ သူခိုး ၂ ယောက်လို ငါတို့ တွေ့ဆုံခဲ့ကြတယ်
အဲဒီခရီးအကြောင်း ဘာမှ ဂဃနဏ ငါတို့မသိခဲ့ကြ။
တစ်ဘူတာဖြတ်သွားတိုင်း ရထားတွဲတွေနည်းလာတယ်
အလင်းတွေမှိန်လာတယ်။
မင်းရဲ့ သစ်သားထိုင်ခုံကတော့ ရထားအားလုံးစီးလို့
မပြောင်းလဲတာတွေနဲ့ အနေကျလို့။
နှစ်ကာလများရဲ့ ငရဲမီးစားပုံဖေါ်မှုတွေ
မြေဖြူခဲနဲ့ ရေးဆွဲထားတဲ့ ရုပ်ပုံတွေ
ဘယ်သူမှမမှတ်မိတော့တဲ့ ကင်မရာတွေ
မျက်နှာတွေ
မြေကြီးအောက်က သစ်ပင်တွေ။
မင်းကိုငါတစ်ချက်ဖြတ်ကနဲကြည့်လိုက်တယ် ၊ ပြီး
နောက်ဆုံးရထားတွဲဆီ အမောတကောပြေးလိုက်သွားတယ်
မင်းနဲ့ ဝေးရာ ၊ ဝေးရာ ၊ ဝေးရာ
. . . . .
ငါပြောတယ် ၊ လမ်းဟာ ရှည်လျားတယ်။
ငါ့အိတ်ထဲက ပေါင်မုန့်နဲ့ ဒိန်ခဲတစ်စိပ်ထုတ်လိုက်တယ်
မင်းငါ့ကို ကြည့်နေတာငါမြင်တယ်
မင်းရဲ့ အကြည့်ဟာ ငါ့ပေါင်မုန့်နဲ့ ဒိန်ခဲကိုယူစားတယ်။
မင်းငါ့ကို ဘယ်လိုရှာဖွေတွေ့ရှိခဲ့လေသလဲ။
ငါ့ကို သိမ်းငှက်တစ်ကောင်လို ဘယ်လိုခုန်အုပ်လိုက်သလဲ။
ဒီမှာ ၊ နားထောင်
မိုင်ထောင်ပေါင်းများစွာ ငါခရီးထွက်ခဲ့တာ
တိင်းပြည်ပေါင်းများစွာ ငါခြေဆန့်ခဲ့တာ
သစ်ကိုင်းထောင်ပေါင်းများစွာ ငါသိခဲ့ရတာ
ငါ့ကိုချောင်ထဲတွန်းပို့ပြီး
ငါ့ရတနာကို မင်းလာခိုးဖို့မဟုတ်ဘူး။
မင်းထိုင်ခုံကနေထပြီး ရထားပေါ်က အခုပဲဆင်းသွားပါ
ဒီဘူတာပြီးရင် ငါ့ရထားဟာ တရကြမ်းခုတ်မောင်းတော့မှာဖြစ်တယ်
အဲဒီတော့ ၊ မင်းဆင်းတော့
ငါ့လမ်းငါဆက်သွားပါရစေ
ဘယ်ရထားမှ ရပ်နားမှာ မဟုတ်တဲ့ အရပ်ဆီ။ ။
(၂၀၀၃)
ကောင်းကင်ဘုံရဲ့ ညှဉ်းပမ်းခံများ (အာဘူ ဂရာအစ်ဗ်သို့)
ဝတ်လစ်စလစ်
ငါတို့ဟာ အလ္လာရှင်မြတ်ဆီသွားနေကြတာဖြစ်တယ်
မသာဝတ်ရုံအတွက် ငါတို့သွေးပဲ
ပရုပ်အတွက် ၀ံပုလွေခွေးတွေရဲ့ အစွယ်တွေ။
ပိတ်ထားတဲ့ အချုပ်ခန်းဟာ ရုတ်တရက်ပွင့်သွားတယ်
မိန်းမစစ်သားတစ်ယောက်ဝင်လာတယ်
ငါတို့ရဲ့ ဖူးယောင်နေတဲ့ မျက်လုံးတွေဟာ
သူမကို သဲသဲကွဲကွဲမမြင်ရဘူး
သူမဟာ မရေရာမပြတ်သားတဲ့ ကမ္ဘာတစ်ခုက လာတာလား
သူမဟာ ဘာမှမပြောဘူး
ငါ့ညီနောင်ရဲ့ သွေးစီးနေတဲ့ ကိုယ်ခန္ဓာကို
ဖျာစုတ်တစ်ချပ်လို တရွတ်ဆွဲယူသွားလိုက်တယ်
ခြေပလာ
ငါတို့ အလ္လာရှင်မြတ်ဆီလျှောက်ကြမယ်
ပုပ်နေတဲ့ ခြေတွေနဲ့
အသားအရေစုတ်ပြတ်ပေါက်ပြဲနေတဲ့ ခြေတံလက်တံတွေနဲ့
အမေရိကန်တွေဟာ ခရစ်ယန်တွေလား
ငါတို့ အချုပ်ခန်းတွေထဲမှာ
မှောက်လျှက်လူသေတွေကို ဆီလိမ်းသုတ်စရာမရှိ
ငါတို့ အချုပ်ခန်းတွေထဲမှာ
ငါတို့သွေးထဲမှာပဲ ငါတို့သွေးခဲနေတာကလွဲလို့
သားသတ်ရုံတွေရဲ့ တိုက်ကြီးတွေဆီက အနံ့တွေ
အရှင်မြတ်ရဲ့ တမန်တော်တွေဟာ ဒီလာကြမှာ မဟုတ်ဘူး
လေဟာဝှေ့နေတယ်
ငရဲက လင်းနို့တွေ တောင်ပံခတ်နေကြတာဖြစ်တယ်
လေဟာငြိမ်နေတယ်။
အို . . . အရှင်မြတ် ၊ ယုံကြည်သူ မိမိတို့ စောင့်မျှော်ခဲ့ကြတယ်
မိမိတို့ အချုပ်ခန်းတွေ မနေ့က ပွင့်သွားခဲ့ကြတယ်
ကြမ်းပြင်တွေမှာ မိမိတို့ မလှုပ်မယှက် လဲလျောင်းလို့
အရှင်မြတ်ဟာ ရောက်မလာခဲ့ဘူး။
ဒါပေမယ့် ၊ မိမိတို့ဟာ အရှင်မြတ်ဆီလာနေပြီ
မိမိတို့ကို ပစ်ပယ်ရင်တောင် လမ်းကို မိမိတို့
တွေ့လိမ့်မယ်
မိမိတို့ဟာ အရှင်မြတ်ရဲ့ သေဆုံးသူသားတွေပါ
မိမိတို့ပြန်လည်ရှင်သန်ထမြောက်မယ့်ရက်မြတ်ကို
မိမိတို့ ခရာတွေမှုတ်ခဲ့ကြပြီ
သူတော်စင် ပရောဖက်တွေကို မိမိတို့အတွက်
တံခါးတွေဖွင့်ခိုင်းလိုက်ပါလေ
အချုပ်ခန်းတံခါးတွေနဲ့ ကောင်းကင်ဘုံတံခါးတွေ
ပြောကြားလိုက်ပါလှည့် ၊ မိမိတို့လာနေကြတဲ့ အကြောင်း
မိမိတို့ ကိုယ်မိမိတို့ သဲခြောက်နဲ့ သန့်စင်ပြီးကြပြီ
တမန်တော်တွေဟာ မိမိတို့ကို သိကြတယ်
မိမိတို့ တစ်ယောက်ချင်းစီကို သူတို့သိကြတယ်။ ။
(၂၀၀၉)
မှတ်ချက် ။ ။ အွန်လိုင်းမှ အချက်အလက်များနှင့် ကဗျာများကို ရယူခြင်းဖြစ်ပါတယ်။
ဇေယျာလင်း
27 – May – 13