ကံပတ်မကုန်

ကမ်းစပ်က ကျောက်စရစ်မှာ ရေလာရိုက်တာ
ရေကမသိသလို ရေကပဲသိနိုင်တာ
ရေဟာရေရဲ့ အလုပ်အတိုင်း ရေဟာလုပ်သွားတယ် ဆိုပြန်ရာ
စက်ဝိုင်းခြမ်း ၂ခုဟာ ထူးထူးထွေထွေ ထိတွေ့ခဲ့ကြတာ
ထိထိမိမိငြိခဲ့ကြတာ စက်ဝိုင်းတစ်ခုမှာ ဂယက်စုခဲ့တာ

လေဟာနယ်ဟာ လ၀န်းအရွယ်အတိုင်း အတောမသတ်လင်းခဲ့တာ
ကံကူးလှေပေါ်ထူးထူးထက်ထက်စူးမြက်ပူးယှက်ခဲ့တာ
အပူရှပ်ခဲ့ရတဲ့ နှစ်အေးတွေဟာ အ၀တ်အစားတွေပဲဆိုပါစို့
ဘာသာစကားတစ်ခုရဲ့ သီးခြားသဒ္ဒါအရကအစ
သဒ္ဒါလင်္ကာရ အတ္ထာလင်္ကာရ  အကျအပေါက်မရှိ
မိမွေးတိုင်းဖမွေးတိုင်းဖယောင်းကူးယှက်လို့
ဖူးရမယ့်အတိုင်း ဖူးသွားကြပြီး ပွင့်ချပ်လေးတွေပျော့အိ
ဟိုဆရာကြီးပြောသလို ရိုးတံမှာ လာနော့တဲ့ လေနုအေး
ဒီညရဲ့ ရင်ထဲလျှောက်လမ်းမှာ ၀ဲစရာမရှိ လွဲစရာမရှိ
ပတ္တရောင်ရဲကားရဲ့ ဇီးကွက်မျက်လုံးတစ်ခတ်ဖြတ်အပြီး
ရင်ထဲမှာ တိုးလျရိုက်တဲ့ ဆည်းလည်းအညှို့
စားပွဲပေါ်က ခရီးစဉ်လက်မှတ်တစ်စောင်ဟာ
နေ့မရောက်အောင် တွန်းကူပေးနေသယောင်
ဒီမှောင်ရီပြိုးပျမှာပဲ ဘ၀ဇာတ်သိမ်းလိုက်ချင်တော့
မြေအောက်ဘူတာမှာ နိမိတ်ဖတ်စာလိုလာတဲ့ရထား
လှံတစ်စင်းလိုပဲ တည့်တည့်မတ်မတ်ထိုးစိုက်လာတာ
ထုတ်ချင်းပေါက်ပါပဲလေ    နောက်နောင်မှာပြန်တွေ့ရတဲ့အထိ
ပြန်တွေ့ကြတဲ့အထိ
ပြန်တွေ့မယ့်ရက်ရှိ/မရှိ
ဒီအထိအတွေ့မှာမေ့စရာ . . . .
ရေစီးသည်သာ၊ စီးသည်သာ။

ဇေယျာလင်း
12 – May – 13

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>