နောက်ထပ်နောက်ထပ်ဘယ်နှကြိမ်

ပုစ္ဆာမှာပေးထားချက်တစ်ခုလို`ငါ´ဟာရေထဲကခုန်ခုန်ဟပ်တယ်
စစ်အတွင်းအတွေ့အကြုံနဲ့ စစ်ရှိဆဲ အာရုံခံစားမှု
သွားရည်ကျစရာ အနေအထားတွေတော့မဟုတ်(ခဲ့)ရပါဘူး
ဘာလိုလို့ လိုမှန်းမသိ ၊ ခြောက်သယောင်းအတိဖြစ်နေတာ
ဘက်စုံကာကွယ်နေရလို့ ဘာကို ကာကွယ်နေရမှန်း
မှန်းကြည့်တော့လည်း မှန်ရာတွေ မျှော်တိုင်းဝေးရ ဘယ်နှကြိမ်

ဖုန်တက်နေတဲ့ ပြူတင်းမှန်ကနေ ၊လကိုမြင်ချင်လို့
ဆီသည်မနှလုံးစုတ်နဲ့ သုတ်သပ်ရတာ
အမြင်ပေါ်ဖုန်ထပ်တင်ပေးလိုက်သလိုသာ အခါခါ
ဘရု(စ်)လီကိုလည်းကြိုက် ၊ ဘရု(စ်)၀စ်လစ္စကိုလည်းကြိုက်
ဘရုတပ်စ်ရဲ့ နိုင်ငံရေးလောဂျစ်ကိုလည်းခိုက်တဲ့အခါခိုက်
`ငါ´ဟာ ရသမျှနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းပေမယ့် ကိန်းရှင်
ဘယ်လိုပို့ပို့ ၊ မသိန်းရှင်ဆီမရောက်ခဲ့တာ ဘယ်နှကြိမ်

တစ်ချိန်တုန်းက ငါဟာ တစ်ချိန်တုန်းကသူရဲ့ တစ်ချိန်တုန်းက
အဓိပ္ပါယ်သစ်ပြုလုပ်မှု မရှိခင်စပ်ကြား
တစ်ချိန်တုန်းက ငါဟာတစ်ချိန်တုန်းကအဓိပ္ပါယ်
ပြုလုပ်မှုရဲ့ အပစ်အခတ်နဲ့ပဲ လမ်းပေါ်သေခဲ့ရတဲ့
တစ်ချိန်တုန်းက အလောင်းပေါ် အခုတော့အဆီယစ်
အလေနတောတွေ ၊ ရေမရောတဲ့ အရပ်က အရက်အတုတွေ
သေချင်တဲ့ငှက်ကောင်းကင်ပြောင်းတဲ့ တုပ်ကွေးတွေ
ချွေးနည်းစာဟာ အဆိပ်ဖြစ်ရလေခြင်းဘယ်နှကြိမ်

အသက်ဟာ အိုးအိမ်လည်းမရှိ ၊ စည်းစိမ်လည်းမရှိ
ခြေသလုံးအိမ်တိုင်နဲ့ ကျွေးစာကမ်းစာကမ်းနားမှာ
အောက်ခြေသဲကြောင့် ပုံသဏ္ဍာန်ပြောင်းနေရတဲ့ လှိုင်းလေးပါ
သိသမျှစကားလုံး ၊ တတ်သမျှနည်းနဲ့ပဲ ရိုက်ခတ်ရင်း
ကိုင်းကူးမှာ ကြွေကျသွားတာ`ငါ´မဖြစ်လိုက်ရတဲ့
အထုံးတွေပါ ၊ အထုံမပါလို့ ၊ ထုံလို့ ၊ အလို့
အထုံလည်းမပါ ၊ ထုံလည်းအ,လို့ ၊
ပါလည်းထုံအ,လို့
ဗန်းထဲမှာ
ငါးပြေမကြီးတစ်ကောင်ပါးဟက်ထုံအနေတာ
ဘယ်နှကြိမ်

ကိုယ့်အစွဲအလမ်းဟာ ကိုယ့်ဘာသာစကားပဲဆိုတာလည်း . . . .
အခွံဟောင်းထဲက အနေကြပ်ဝင်ကစွပ်
ဝတ်လစ်စလစ်နဲ့ ရာသီကြမ်းထဲ အခွံသစ်ရှာဖို့ ရွံ့သလို
သိသမျှစိတ်တွင်းထဲ ကျားမြီးဆွဲလိုက် ၊ ကြားကန်လိုက်
ကြာတွေချွေထည့်လိုက်နဲ့ ကျုတ်ထဲမှာ ရုတ်ရုတ်သဲသဲ
လူစုခွဲတာ ဘယ်နှကြိမ် ၊ အမှောင်ချတာ ဘယ်နှကြိမ်
ပြောချင်တာလို့ ထင်ရတာတွေ လက်လျှော့လိုက်ရင်
မပြောတတ်သေးတာဟာ လက်အောက်ကလျှောထွက်လာမလား
အမှတ်တံဆိပ်ရဲ့ အရိပ်ထဲမှာ အိပ်နေတဲ့အရာ
အိပ်မက်ရဲ့ လှုပ်နှိုးမှုကြောင့် အိပ်မက်ထဲပဲနိုးလာတာ
ဘယ်နှကြိမ်

ထွက်ခွာရာ အရပ်နဲ့ စိုက်ရောက်ရာလေဆိပ်
လေအိပ်ကြီးတစ်လုံးထဲ ဘုံးဘောလအော ဘယ်နှကြိမ်
အိမ်ပြောင်းဘယ်နှကြိမ် ၊ ထောင်ပြောင်းဘယ်နှကြိမ်
အိမ်သာသုံးပြီး ရေဆွဲဘယ်နှကြိမ်
အာဏာသုံးပြီး ရေးဆွဲ ဘယ်နှကြိမ်
ဖြတ်သွားတဲ့ တိမ်မာယာကြီးတွေ ၊ စောင်းသွားတဲ့အလင်း
ဟိုးအောက်က ဘာဖြစ်နိုး ပလီပလာ ဘယ်နှကြိမ်

တက်ဖိလို့ လျက်ကြည့်တာ ဘယ်နှကြိမ်
အောက်ဆွဲလို့ ပေါက်ကွဲတာ ဘယ်နှကြိမ်
တွေ့ကြုံမှုဟာ ဘာသာစကားဖြစ်မလာခင်
ဘာသာစကားဟာ တွေ့ကြုံမှုမှာ ဆွံ့အရ ဘယ်နှကြိမ်
ပြဋ္ဌာန်း ဘယ်နှကြိမ် ၊ ရုပ်သိမ်းဘယ်နှကြိမ် ၊ ပ,လပ် ဘယ်နှကြိမ်
ငါဟာသေနတ်လည်းဖြစ်တယ် ၊ မောင်းလည်းဖြစ်တယ်
ကျည်ဆံလည်းဖြစ်တယ် ၊ ပစ်မိန့်လည်းဖြစ်တယ်
ပစ်မှတ်ထဲမှာ ငါဟာ ဘယ်နှကြိမ်
အသက်သွေးချွေးစင်မနှေးတာ ဘယ်နှကြိမ်
ခလုတ် ၊ ဖြုတ် ၊ ရုပ်သည်အနိစ္စ ၊ ကာမေသုမစ္ဆာ ဘယ်နှကြိမ်

အမှိုက်ကားပေါ်ရောထွေးလိုက်ပါသွားရတဲ့
အိုးမဲ့အိမ်မဲ့ တစ်ယောက် ၊ မြို့စွန်လမ်းဘေးမှာ
စွန့်ထွက်ပစ္စည်းလို ပစ်ချခံလိုက်ရတာ ဘယ်နှကြိမ်
အမှိုက်တွေဟာ ငါ့သွေးသားတွေပဲလို့
ကြွေးကျော်လိုက်တာ ဘယ်နှကြိမ်
ဘယ်ကစ ၊ ဘာမီးလောင်တာ ဘယ်နှကြိမ်

ရှေ့နောက်မညီညာတွေနဲ့ ဘ၀တစ်ခု
`ဘ၀´အဖြစ်ပဲပြုလုပ်ရတဲ့ ဆက်စပ်မှုတစ်ခုခု
စ,ကတည်းက တစ်ခုခုအုထားသလို
အက်ကြောင်းလေး
တစ်စတစ်စထလာတာ ဘာရဲ့ ဘယ်နှကြိမ်။ ။

ဇေယျာလင်း
5 – April – 13

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>