Brenda Hillman

ဘရင်ဒါ ဟစ်လ်မင်းန်ရဲ့ စပ်ကြောင်းကဗျာဗေဒ

အမေရိကန် ကဗျာဆရာမ ဘရင်ဒါ ဟစ်လ်မင်းန် Brenda Hillman ဟာသူမရဲ့ ကဗျာဗေဒကို Seam Poetics `စပ်ကြောင်း ကဗျာဗေဒ´လို့ Reginald Shepherd တည်းဖြတ်ထုတ်ဝေတဲ့ Lyric Postmodernisms ကဗျာပေါင်းချုပ်မှာ ရေးသားဖေါ်ပြထားပါတယ်။ သူမရဲ့ အဆိုပါ အရေးအသားထဲက ကောက်နှုတ်ချက်အချို့ကို တင်ပြလိုက်ပါတယ်။

. . . ခရိုက်စလာ ကုမ္ပဏီကထုတ်တဲ့ မော်တော်ကားတွေထဲမှာ power steering တပ်စင်လိုက်တဲ့ နှစ်မှာ ကျွန်မမွေးဖွားခဲ့ပါ တယ်။ ကျွန်မကို ကဗျာရေးဖို့ ပြင်ဆင်ပေးခဲ့တာတွေကတော့ `သဘာဝ´၊`ဂီတ´နဲ့`မမြင်ရတဲ့ အလွှာအထပ်ထပ်တွေ´ဖြစ်ပါ တယ်။ . . . ကဗျာဟာ ကျွန်မကို ရင်သပ်အံ့ဩစေတယ်။ ကလေးတွေဟာ ကဗျာကိုဘာကြောင့် ကြိုက်ကြသလဲဆိုတော့ သူတို့ကိုယ်သူတို့ သိရှိမှုနဲ့ ပကတိအရှိတရားဟာ ဆက်စပ်မှုမရှိပဲ အကြီးအကျယ်ကွာဟနေလို့ပဲ။ ကျွန်မငယ်စဉ်က အမေရိ ကန်ကဗျာဆရာမတစ်ဦးဖြစ်တဲ့ Denise Levertov ဆီစာနဲ့ရေးပြီးမေးဘူးတယ် ၊ ကလေးမအရွယ်လေးတစ်ယောက်ဟာ ကဗျာဆရာမ ဘယ်လိုဖြစ်လာနိုင်မလဲ။ သူမက ကျွန်မဆီစာပြန်လိုက်ပါတယ်။ `သမီးရဲ့ကဗျာတွေထဲမှာသူများခိုင်းတာတွေ မလုပ်နဲ့´တဲ့။ . . . နာမည်ကြီးကဗျာဆရာတစ်ယောက်ပြောတာကြားဘူးတယ်၊ `မော်ဒန်ကဗျာဆရာကြီးတွေဟာ ကဗျာကို ဖျက်ဆီးလိုက်ကြတယ်´တဲ့။ အဲဒါဘယ်လိုဖြစ်နိုင်ပါ့မလဲ။ မော်ဒန်ကဗျာဝါဒဟာ သိစိတ်ကို အသစ်တဖန်တီထွင်ခဲ့တယ် ၊ မြို့ပြ တွေမှာ နေထိုင်ကြတဲ့ ပိုင်းဆစိပ်မွှာ ဘ၀တွေကို အသစ်တဖန်စိတ်ကူးခဲ့တယ် ၊ အရှိတရားနဲ့ သော်၎င်း ၊ သဘာဝနဲ့သော်၎င်း ၊ ကင်းကွာနေတဲ့စိတ်ကို ထည့်သွင်းခဲ့တယ် ၊ မသေချာမရေရာမှု ဖြစ်စဉ်တွေကို နေရာပေးခဲ့တယ်။ . . . ၁၉၇၀ ခုနှစ်တွေတုန်း က Iowa အိုင်ယိုးဝါးမှာ ကဗျာရဲ့ စံဟာ `ကြည်လင်ပြတ်သားမှု´ဖြစ်တယ်။ ဒါပေမယ့် စံအဖြစ်ထားရှိရတဲ့ ကဗျာတွေဟာ မကြည်လင်တဲ့ အပြင်တော်တော်လေး complex ရှုပ်ထွေးနက်နဲနေကြတာတွေ့ရတယ်။ အဲဒီတုန်းက ကျွန်မအကြိုက်ဆုံး ကဗျာဆရာတွေဟာ John Ashbery ၊ Robert Hass နဲ့ John Wiener တို့ဖြစ်ကြပါတယ်။ Charles Wright နဲ့ Robert Duncan တို့ရဲ့ ကဗျာတွေကိုလည်း လေ့လာခဲ့ပါတယ်။ ဗီယက်ကောင်းလက်ထဲဆိုင်ဂွန်းမြို့ကျသွားတဲ့နှစ်မှာ ကျွန်မ ဘာကလီ က ကာလီဖိုးနီးယားတက္ကသိုလ်စတင်တက်ရောက်ခဲ့ပါတယ်။ ကျွန်မရည်ရွယ်ချက်က ရုန်းကန်နေရတဲ့ အမျိုးသမီးတွေအ ကြောင်းကဗျာရေးဖို့။ နာမည်ကြီးကဗျာဆရာကြီးတစ်ယောက်ပြောဘူးတာရှိတယ်။ `အမျိုးသမီးကဗျာဆရာမတွေမှာ လောက အမြင်/ကမ္ဘာ့အမြင်/နိုင်ငံတကာအမြင်မရှိဘူး´တဲ့။ အဲဒီ ၁၉၇၀ ခုနှစ်တွေတုန်းက ကျွန်မတို့ Feminist ကဗျာအမျိုးအစားတွေ အများကြီး တီထွင်နေကြပြီ။ ကဗျာလည်းရေး ၊ အလုပ်လည်းလုပ် ၊ မိသားစုလည်းပြုစုပျိုးထောင်ကြတဲ့ ပထမဦးဆုံးအမျိုးသမီး ကဗျာဆရာမမျိုးဆက်ပေါ့။ သူငယ်ချင်းကဗျာဆရာမတစ်ယောက်နဲ့ ကဗျာရဲ့ ပုံသဏ္ဍာန်ဖွဲ့စည်းမှုအကြောင်းပြောကြဘူးတယ်။ စိတ်ထဲ အနက်ရှိုင်းဆုံးဆင်းလိုက်ရင် စိတ်ဆိုတာ တစ်ခုတည်းမဟုတ်ပဲ အဆင့်ဆင့်/တစ်သီတစ်တန်း/အနှံ့အပြားဖြစ်တယ်။ ဒါကိုတစ်မူထူးခြားတဲ့ ၀ါကျတွေနဲ့ ပြလို့ရတယ်လေ။ မကြာသေးမီက လူငယ်ကဗျာဆရာ တစ်ယောက်က ကျွန်မကိုမေးတယ် ၊ `၈၀ ခုနှစ်တွေတုန်းက ကဗျာဆရာမတစ်ယောက်အနေနဲ့ ဘာဟာအရေးအကြီးဆုံးလဲ´။ ကျွန်မရိုးရိုးပဲဖြေလိုက်ပါတယ်။ `ရှာဖွေတွေ့ရှိတဲ့ အကောင်းဆုံးစကားလုံးကို နောက်ထပ်အကောင်းဆုံးစကားလုံးနဲ့ တွဲချိတ် ၊ ပြီး . . . စပေ့စ်ဖြည့်လိုက်ဖို့ပဲ´။ အဲဒါကျွန်မရဲ့ ကဗျာဗေဒ။ အဲဒီတုန်းက အရေးကြီးတာက အလုပ်မှန်မှန်သွားဖို့ ၊ မိသားစုကို ကောင်းကောင်းမွန်မွန်ပြုစုပျိုး ထောင်ဖို့။ အတွေ့အကြုံဟာ စာပေဆန်ရင်ဆန်မယ် ၊ သီအိုရီတော့ မဆန်ဘူး။ အဲဒီတုန်းက သမ္မတရေဂင်န်ရဲ့ ခေတ်။ ဇီးကွက်တွေ မျိုးတုံးမယ့် အန္တရာယ်ပေါ်လာတယ်။ ကဗျာထဲမှာ ပုံသဏ္ဍာန်ဖွဲ့စည်းမှု အမျိုးမျိုး ၊ သိမ်မွေ့တဲ့ အဓိပ္ပါယ်ကွဲပြားမှု တွေ ၊ တစ်ဝက်တစ်ပျက်ခံစားမှုတွေနဲ့ နိုင်ငံရေးကိစ္စတွေပါထည့်သွင်းဖို့ လိုအပ်လာခဲ့တယ်။ ကောင်းကင်နဲ့ မြေကြီးပေါင်းစပ်ဖို့။ လူငယ်ကဗျာဆရာတွေကို ပြောချင်တာက `အစဉ်အလာ(ကဗျာ)တွေရဲ့ ထောင်ချောက်တွေ ကြည့်ရှောင် ၊ ကျယ်ပြန့်တဲ့ စိတ်ထားနဲ့ရေး ၊ သေးသိမ်တဲ့ အတ္တစိတ်လေးတွေနဲ့ မရေးနဲ့ ၊ ပူးပေါင်းစရာရှိ ပူးပေါင်းပါ ၊ တထေရာတည်းလိုက်မလုပ်နဲ့´။ ဆယ်စုနှစ်တော်တော်များများ ၊ မွေးရာပါစိတ်ဓါတ်ကျရောဂါနဲ့ လုံးပမ်းရင်း စိတ်ညှို့ကုသနည်းတွေလည်း သုံးကြည့်ခဲ့ဘူး တယ်။ ဒါကိုယုတ္တိမရှိဘူး ၊ ဆင်ခြင်တုံတရားနဲ့ မကိုက်ညီဘူးပဲပြောပြော ၊ ဒါကနေရရှိတဲ့ သိမှုဗဟုသုတဟာ ကိန်းကဏန်းတွေ သိမှု ၊ ဘာသာရေးမြင့်မြတ်မှုဆိုင်ရာ သိမှုတို့လိုပဲ အရေးကြီးတယ်။ ကျွန်မရဲ့ ကဗျာရေးသားမှုကိစ္စထဲ Punk rock ၊ ဘုရားရှိ ၀ါဒ၊ feminist သီအိုရီ ၊ နဲ့ ငှက်တွေအကြောင်း ဖေါ်ပြတဲ့ စာအုပ်တွေပါ ပါဝင်လာကြတယ်။ ကျွန်မယောက်ျား Robert Hass ဟာ ကျွန်မရဲ့ co-pilot ။ အဂ္ဂိရတ် ၊ လိင်ဆက်ဆံမှု ၊ အချက်အပြုတ်။ ကဗျာရဲ့ အနားသပ်မျဉ်းတွေကို လျှော့ချလိုက်။ မိမိ ဘယ်သူဘယ်ဝါဆိုတာ ဆွဲမထားနဲ့။ အချို့က ထင်ကြတယ် ၊ ကဗျာဟာ အများပရိသတ်နားလည်ဖို့ ဖတ်ရလွယ်ကူရမယ်လို့။ ကျွန်မတော့ မထင်ဘူး။ ကဗျာထဲမှာ အပိုင်းအစတွေ ၊မယုံနိုင်စရာအဆန်းတကြယ်တွေ ၊ နားမလည်နိုင်တာတွေပါရှိဖို့လိုတယ်။ အစီအစဉ်ချမှတ်ပြီးမှ ရေးသားပြုလုပ်တဲ့ ရသဗေဒမျိုးကို ကျွန်မရှောင်တယ်။ အိပ်စပ်ပယ်ရီမင်တလ်ဖြစ်ရင်တောင်မှ အဲသလို အစီအစဉ်ချမှတ်ရေးတာမျိုး ကျွန်မ မကြိုက်ဘူး။ အချို့ကဗျာဆရာ/ဆရာမတွေက ကဗျာထဲ ခံစားမှုရေးသားခြင်းကို ဆန့်ကျင် တယ် –– ကြားခံဘာသာစကားရှိတာကို လက်မခံတဲ့ ရောမန္တိက၀ါဒလို့ဆိုတယ်။ ကဗျာဆရာမ Barbara Guest ပြောတာကို ကျွန်မလက်ခံတယ် ––`ဘယ်ကဗျာမဆိုဟာ ရေးသူရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပဲ´တဲ့။ ကဗျာကို စံတစ်ခုခုနဲ့ မတိုင်းတာပဲ ကဗျာလက်တွေ့လုပ်ဆောင်ဖို့။ လူ့ဘ၀အခြေအနေ/အနေအထားဆိုင်ရာ တစ်ခုမကတဲ့ အမြင်တွေ ၊ တိုက်ရိုက်မဟုတ်တဲ့ စောင်းပါးရိပ်ခြည်ရှုထောင့်တွေကို တင်ပြဖို့။ မယဉ်ပါးတဲ့ ဟန်တွေ ၊ မှော်ဝင်ဖွဲ့စည်းမှုတွေ ၊ ချုံ့လိုက်တဲ့ အတွေးတွေ။ ခွင့်ပြု ချက်ရ `တရားဝင်မဟုတ်တဲ့ ၊ နက်နဲတဲ့ အတွေ့အကြုံတွေ ပါဝင်တဲ့ ဆန်းသစ်တီထွင်မှု။ စာမျက်နှာတစ်ခုပေါ်မှာပဲ ရောမန္တိက ၊ သင်္ကေတ၀ါဒ ၊မော်ဒန်နဲ့ ပို့စ်မော်ဒန် အိပ်စ်ပယ်ရီမင်န်တလ်တွေဟာ အတူယှဉ်တွဲတည်ရှိလို့ရတယ်။. . . ယနေ့ကျွန်မတို့ ကဗျာဆရာ/ဆရာမ တွေရဲ့ လုပ်ငန်းတာဝန်တွေဟာဘာလဲ –– တိုင်းပြည်ပိုင်နက်တွေထဲဝင်ရောက်ကျူးကျော်သိမ်းပိုက်မှုကို ဆန့်ကျင်ဖို့ ၊ မလ္လတီနေရှင်နလ်လုပ်ငန်းကြီးတွေရဲ့ လောဘကို ဆန့်ကျင်ဖို့ ၊ `ထိမ်းသိမ်ကာကွယ်မှု´ဆိုပြီး သစ်ပင်တွေ သတ္တ၀ါတွေ မျိုးဖြုတ်နေတာတွေကို ဆန့်ကျင်ဖို့။ ကျွန်မတို့ယဉ်ကျေးမှုမှာ စိတ်ကူးဥာဏ်နွမ်းပါးမှုကို တီထွင်ဆန်းသစ်တဲ့အမြင် နဲ့ ချဉ်းကပ်ဖို့။ တက်ကြွလှုပ်ရှားတဲ့ activist ကဗျာဗေဒကတော့ ကဗျာရေးတာထက်ပိုတာပေါ့။ အမေရိကန်ကဗျာဆရာတွေ ဟာ ခက်ခဲတဲ့အမှန်တရားတွေကို သိမ်မွေ့တဲ့ နည်းတွေနဲ့ တင်ဆက်ဖို့လိုတယ်။ တစ်ခါတစ်လေ သူစိမ်းတစ်ယောက်ယောက် က ကျွန်မကို ဘယ်လိုကဗျာမျိုးတွေရေးသလဲလို့ မေးရင် သဘာဝကဗျာမဟုတ်တဲ့ alternative အခြားကဗျာမျိုးရေးတယ်လို့ ပဲဖြေပါတယ်။ အဲသလိုပြောပြီးရင် သူ့ဘက်က ဘာမှပြန်မလာတော့ပဲ သူဟာ ကဗျာသိပ်ဖတ်လေ့ဖတ်ထမရှိဘူးလို့ပြောပြီး ပြီးသွားပါတယ်။ ကျွန်မပြောလိုက်ချင်တာလေ ––`ကလေးတုန်းက ကဗျာတွေဖတ်ခဲ့ဖူးတာ မေ့သွားပြီလား။ ဘယ်သူ့မှာမဆို လောကီအာရုံတွေနက်ရှိုင်းပြည့်နှက်နေကြတာပဲဖြစ်ပါတယ်။ ကဗျာဟာ ဘယ်သူ့ကိုမှ ပစ်ပယ်တယ်လို့မရှိပါဘူး´လို့။ ကဗျာ ဆရာ/ဆရာမတစ်ယောက်ရဲ့ ဘ၀ဟာဒိုင်ယာလက်တစ်ဆန်ပါတယ် ၊အဖြေမရှိသေးတဲ့ ရုန်းကန်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒါဟာ တစ်ချိန်တည်းမှာပဲ ကြောက်စရာကောင်းသလို ပျော်စရာလည်းကောင်းပါတယ်။ ကျွန်မရဲ့ ကဗျာတွေဟာ ကျွန်မတို့ ခေတ်ရဲ့သီးခြားနဲ့စုပေါင်းစိတ်ဝိဥာဉ်အကြောင်းပြောနေတာဖြစ်သလို အဲဒီသီးခြားနဲ့ စုပေါင်းစိတ်ဝိဥာဉ်ကို ဦးတည်ပြောနေတာ လည်းဖြစ်ပါတယ်။

မှော်သစ်ခက်

နေရောင်ခြည်ဟာ မြက်ပင်လေးတွေပေါ်သူ့ရဲ့ ဦးဏှောက်နည်းစနစ်
ပစ်ချပေးတယ်။ တစ်ခါက ၊ သူဟာ ၊ မိမိတို့ကို
တက်တက်ကြွကြွရှိတဲ့ နာကျင်မှုတစ်ခုပေးဘူးတယ် ၊ ဒါပေမယ့်
အဲဒါအခုမေ့မေ့ပျောက်ပျောက်ပါပဲ။ ခနော်နီခနော်နဲ့ ဗွတ်ကုလား
ငှက် ၊ လေလာရွက်လှုပ်ပင်ဟာ ဒီနေ့ ဖေါက်ထွင်းမြင်ပဲ ၊ ရေခဲခေတ်ကို
စောင့်ကြိုလို့ ၊ သစ်ကိုင်းတစ်ခုစီထဲမှာ အက္ခရာတွေပေါ်လာတယ် ၊
အမြီးဟာ အင်္ဂလိပ်အက္ခရာ Y အဖြစ်လှုပ်ခတ်လို့
ပီတိဖြာမှုနဲ့ မနီးမဝေးမှာ။
လမ်းကြောင်းပြောင်းခံရတဲ့ ချောင်းဟာ
ဝမ်းနည်းသံထွက်နေတယ် ၊ ကွင်းထဲ ငါတို့ရဲ့ မြေအောက်
ရေရှိမရှိ စူးစမ်းတဲ့ တုတ်ချောင်းယူသွားရင်ကောင်းမယ် ၊
ငါတို့ရဲ့ Y ဟာ
မြေအောက်မြုပ်နေတဲ့ ရေကို
တွေ့ကောင်းတွေ့လိမ့်မယ်။ ငါတို့မျက်နှာတွေပေါ်မှာ
အကိုင်းအခက်တွေလို အစင်းကြောင်းတွေနဲ့ ၊ တေးသံ
ညည်းရင်းနဲ့။ တက်လိုက်ဆင်းလိုက်နဲ့ ကမ္ဘာကြီးဟာ
ရေရှာတုတ်ချောင်းလိုအပ်တယ် ၊ ပြာနှမ်းနှမ်းမြူထဲမှာ
ပျက်ဆီးသွားတဲ့ရေကို
ဘေးတိုက်ဆွဲယူဖို့။ ရေဟာတန်းတူဖြစ်ချင်တယ်။
ရေဟာတန်းတူဖြစ်ချင်ပြီး ကမ္ဘာကြီးဟာ
တုတ်ချောင်းတွေ အခွံတွေရှိတဲ့ မိန်းမတွေကို လိုအပ်တယ် ၊
ဂေါက်ကွင်းလုပ်ဖို့ ချောင်းကို ဒင်းတို့တည့်မတ်လိုက်တုန်းက
ဒမ်ဇလ်ဖလိုင်းပိုးကောင်တွေကို အခွံချွတ်လိုက်တယ် ၊ ဂေါက်ကွင်းမှာ
သိပ်သိပ်သည်းသည်းရှိတဲ့ အဖြူရောင်ကမူလေးတွေလိုအပ်တုန်းက
(ဆိုးဆိုးဝါးဝါးချိုင့်ခွက်တွေ ပွထနေတဲ့ ဂေါက်သီးကိုတော့
နွားငှက်ရဲ့ အ၀ါရောင်ပုတီးလေးတွေလို မျက်လုံးတွေက
ရှောင်နိုင်ပါလိမ့်မယ်)
စည်းရိုးမှာ အပေါက်တွေရှိရင် ချစ်စရာမြင်းတွေနားကနေ
ငါတို့ ခုန်ပေါက်ပြီးဖြတ်သွားကြမယ်
ငါတို့ရဲ့ တုတ်ချောင်းကို တောက်ပတဲ့ ကွင်းထဲအောက်စိုက်
ကိုင်ထားမယ် ၊ ဂေါ်လီဖြူလိပ်ပြာစုံတွဲတွေ ၊ ပင်းနီးရော်ယလ်တွေ
ဘေးတစောင်းလဲနေတဲ့ Diet Pepsi ပလပ်စတစ်ဗူးခွံ ၊
လမ်းကြောင်းပြောင်းခံလိုက်ရတဲ့ ချောင်းနဲ့ ယခင်ချောင်းရဲ့
ကြမ်းပြင်ဟောင်းတို့ကို ငါတို့ပြောကြမယ်
ဟောဒီရေရှာကြိမ်စကြာနဲ့ မိတ်ဖွဲ့ပါ
ဟောဒီကြိမ်စကြာထဲဝင်လာပါ
ဒီမနက်မှာ မြူခိုးပါးပါးဝေလို့ ၊ ကွင်းပေါ်ကျွန်မ
ဖြတ်လျှောက်လိုက်တယ် ၊ ကွေ့ကွေ့ကောက်ကောက်အသံတွေဟာ
ကျွန်မကို တချွတ်ချွတ်တချွိချွိနဲ့ ချောင်းလို့ပြောတယ် ၊
ကျွန်မကို ချောင်းလို့ ပြောတယ် ကမ္ဘာကြီးဟာ
ရေရှာနေကြတဲ့ မိန်းကလေးတွေကို ကြွက်တွေနဲ့အတူ
အလုပ်တွဲလုပ်အောင် မလုပ်ပေးနိုင်လို့ ၊ ဘစ်တားဘရပ်ရှ်
ပင်ရဲ့ အပွင့်တွေကို ခူးယူပြီး အသုံးလိုရင် သိမ်းဆည်းဖို့။
သူတို့ကို ထင်ရှားအောင် အင်အားသုံးရတာ ရှက်ဖွယ်။
အဲသလို အသိပေးတာ ကျေးဇူးတင်ပါတယ် ၊ ဟိုက်ဒြိုဂျင် ၂ ဆ ၊
အဲဒီဒြပ်တွေရဲ့ အက်တမ်ဇယားကိုခေါက်ထားလိုက်ပါ ၊
ငါတို့ရဲ့ ရေရှာတုတ်ဆီ လှမ်းလာခဲ့ပါအောက်ဆီဂျင်။
မြေအောက်ရေပြင်ဆီ အရောက်လှမ်းခဲ့ပါ –– ဒီရှာဖွေတွေ့ရှိချက်ကို
ဒယ်လ်ဖီနီယမ် ၊ အင်ဂျလီကာနဲ့ မီမူးလပ်စ်ပန်းတွေဆီ
သတင်းပို့ရမယ် ၊ ရေမပေးနိုင်ရင်ဒီညပဲ ငါတို့ပြန်ကြမယ် ၊
ပြင်ပက ယူဆောင်လာပြီး စိုက်ထားတဲ့ မြက်တွေကြား ၊
ဒူဝါ ၊ ရိပ်သိမ်း ၊ သမင်ဖ၀ါးစတဲ့ နာမည်တွေရှိတဲ့
လရောင်အောက်မှာ
ငါတို့ရဲ့ တုတ်ချောင်းဟာ
Y သဏ္ဍာန်အောက်စိုက်
Yes ၊ ဟုတ်ပြီ ၊ ဟောဒီမှာ တွေ့ပြီ။ လေလာရွက်လှုပ်ပင်ရေ ၊
မလှုပ်လိုက်ပါနဲ့ ၊ အမြစ်ပျော်ပွဲတွေအများကြီးပါ ၊ ငါတို့လည်း
ငါတို့အလှည့်ရောက်ရင် ငါတို့ရဲ့ မီးစာနဲ့ ငါတို့ဆိုးသွမ်းကြလိမ့်မယ် ၊
တုတ်ဟာ ဆင့်ခေါ်လိမ့်မယ်
ပင်စတီမွန်ဒန်ဒီလိုင်းယွန်းပန်းတွေအတွက် ၊ မှိုပိုးကောင်အတွက် ၊
ကွေ့ကောက်စီးဆင်းတဲ့ချောင်းရေ ၊ အဲဒါတွေ။ မြေအောက်က
အဲဒီအရည်အသွေးတွေ။ ငါတို့အမေကို ငါတို့လွမ်းပ။ အမေရေ ၊
သမီးရေ ၊ ပိုင်းလော့ရေ ၊ ကဗျာဆရာမရေ ၊ ညီမရေ ၊ ကျောင်းသူရေ ၊
ဆရာမရေ ၊ စားပွဲထိုးမလေးရေ ၊ ရေရှာမလေးတို့ရေ ၊ မိန်းမဆန်တဲ့
ယောက်ျားတို့ရေ ၊ သူတို့စစ်တွေထဲဝင်မပါနဲ့။
Y တုတ်တံတွေကိုယူ ၊ Y ပုံသဏ္ဍာန်ရှိတဲ့ ဘာမဆိုကို
ယူ ၊ တုတ်ဟာ နှင်းစက်တွေနဲ့ စုန်းမပဲ။ တုတ်ဟာ အီလက်ထရွန်တွေ ၊
ရေခဲမြစ်တွေ ပြုလုပ်တယ်။ သင်ဟာလည်း သင့်အမေကို လွမ်းသမို့
သင့်ရဲ့ ကျိုးနေတဲ့ Y တုတ်ကို စွမ်းအားတွေ ချုပ်လှောင်ထားတဲ့
ကွင်းပေါ်ဖြတ်ယူသွားလိုက် ၊ သနားစဖွယ်ချောင်းငယ်လေးရယ် ၊
သူတို့ရဲ့ စနစ်ထဲကျရောက်နေရှာတယ် ၊ သင့်ရဲ့ မြေအောက်ရေပြင်ကို
မြှင့်တင်ဖို့ ၊ ပုံမှားရိုက်တဲ့ ဥကနေ ကာကွယ်ပေးမယ့် အသိုက်တွေ
ဆောက်နေတဲ့ ၀ါဘလာငှက်နဲ့ ရေဟာ တန်းတူဖြစ်ရဖို့ ၊
ကာလီဖိုးနီးယားကို ၂ ပိုင်း ပိုင်းလိုက်တဲ့ နေရာကွဲကြောင်းကို
အဲဒီသစ်ခက်နဲ့ ပြန်ချုပ်ဖို့။
တစ်စက်စီ ၊ တစ်စက်စီ ၊ ရိုးစင်းတဲ့ ရေစက်တွေလာလိမ့်မယ် ၊
အဂ္ဂရီကိုလာက မှော်ကြိမ်စကြာကို မသုံးဖို့ ငါတို့ကို သတိပေးပေမယ့်
သင်ကတော့ မုချလာရမှာပဲလေ ၊ ကိစ္စဟာ အလေးအနက်ဖြစ်ခဲ့ပြီ။
တုပ်နှောင်ရာမှာ ၊ မြေကြီးထဲမှာ သင့်ရဲ့ တုတ်ရေလက်မှတ်တွေ
ကနေ စွမ်းအင်ကို ယူဆောင်လာခဲ့ ၊
ရင်းမြစ်တစ်ခုကနေ နိုးထလာတဲ့ ကမ္ဘာကြီးရဲ့ လောင်ဂျီတွဒ်မျဉ်း ၊
ပလုံးပထွေးနဲ့ ပလွတ်ပလွတ် ပြောနေတာတွေဆီ နားစွင့်လို့ ၊
ရှေးဟောင်းကွင်းသစ်ပေါ်မှာ သူတို့အတွက် လှိုင်းတွန့်အလျားတစ်ခု
ငါတို့ပြုလုပ်ပေးလိုက်မယ် ––

(ချားလ်စ် ဘန်းစတိုင်းသို့)
ဘရင်ဒါ ဟစ်လ်မင်းန်
(Brenda Hillman ရဲ့ ‘Enchanted Twig’)

(မှတ်ချက်။ ။ ဘရင်ဒါ ဟစ်လ်မင်းန်ဟာ ကဗျာပေါင်းချုပ် ခွန်နှစ်အုပ်ရေးသား ထုတ်ဝေခဲ့ပြီး မကြာမီမှာပဲ နောက်တစ်အုပ် ထွက်လာတော့မှာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ထုတ် Pieces of Air in the Epic (၂၀၀၅) ကဗျာပေါင်းချုပ်ဟာ ၀ီလျံ ၊ ကားလို့စ် ၊ ၀ီလျမ်းစ် ကဗျာဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ သူမဟာ ကာလီဖိုးနီးယား ၊ မိုရာဂါမှာရှိတဲ့ စိန့်မေရီကောလိပ်မှာ ကဗျာပါမောက္ခဖြစ်ပါတယ်။ ဆန်ဖရန် စစ္စကို ၊ Bay Area မှာ ငြိမ်းချမ်းရေးအတွက် ပန်းနုရောင်အမှတ်အသား အမျိုးသမီးများရဲ့ အကြမ်းမဖက် လှုပ်ရှားတက်ကြွတဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ ကဗျာဆရာ Robert Hass နဲ့ အိမ်ထောင်တည်ထောင်ထားပါတယ်။)

ဇေယျာလင်း
19 – Jan – 13

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>