ဒီနေ့ဟာအ,နေတယ်။ အအ,အိပ်မက်ထဲလိုပဲ။
အအ,အိပ်မက်ကို ပလုံးပထွေးပြောနေသလိုပဲ။
သတင်းဆိုးတွေရဲ့ လေဟုန်လှိုင်းစီးလို့။ စစ်ပွဲတွေ ၊
ဆန္ဒပြပွဲတွေ ၊ လူမဆန်ညှဉ်းပမ်းနှိပ်စက်မှုတွေ။ ၀င်းပ။
ပြတ်နေတဲ့ ငါ့လက်ထဲကြက်တူရွေးတွေ ၊ မိကျောင်းတွေ
ငါထိုးသွင်းကြည့်တယ် ၊ မီးလင်းမလား ၊ တရားရမလား။
ခေတ်စားတဲ့ `ဒီ´စကားလုံးကို လျှာပေါ်လှိမ့်ပြီးတင်ကြည့်တယ်။
မီးကျွမ်းထားတဲ့ ကလေးအလောင်းမည်းနက်လိုခါးသက်။
ကျောင်းဆင်းချိန်မှာ ဗုံးပေါက်ကွဲခဲ့တယ်။ ငါဟာဘာလဲ ၊
ငါဟာ အက်ကွဲနေတဲ့ မှန်တစ်ချပ်ရဲ့ သံပတ်ချို့ယွင်းလူရုပ်ပဲ။
ငါ့အပြစ်ဟာ ကျွဲနွားတင်ယာဉ်ပေါ်မှာ လူဟန်ဆောင်လိုမှု။
`အလင်း´ဆိုတာ ပါဠိလိုလို ၊ ဂရိလိုလို ၊ ဂရီးဂရီးပဲမြည်နေတဲ့
နွံနစ်ဘီး။ ဒီအချိန်လောက်ပုံသွင်းကောင်းတာ ဆူးပုံနဲ့။
တစ်ခုခုဖြစ်လာဖို့ ၊ တစ်ဦးတစ်ယောက် (ဖြစ်လိုဖြစ်ငြား)
ဖြစ်လာဖို့ ၊ တည့်တည့်လာနေတဲ့ ဓါးမြှောင်ရဲ့ အရှိန်ကို
တွက်ဆဖို့ ၊ စိတ်မ၀င်စားတော့ဘူး။ သစ်သားစက်ဝိုင်းပြားဆီကိုပဲ
ကျောကိုပိုဖိကပ်ထားလိုက်တော့တယ်။ စိတ်ချပါ။
သူဟာ ဓါးပေါက်ကျွမ်းကျင်တဲ့ ဆပ်ကပ်ဝိဇ္ဇာပါ။ ပရိသတ်တွေဟာ
ဟယ်ကနဲဟင်ကနဲ (သမိုင်းကို အာဏာနဲ့ တည်ဆောက်ထားတဲ့
မြေပုံအယိုအယွင်းထဲမှာ ဘာသာစကားဟာ အာမေဋိတ်ပဲဖြစ်တော့တယ်)။
သူတို့ထဲမှာ ဘယ်နှယောက်ဟာ
ငါ့သွေးကို အလဟဿဆာလောင်နေကြသလဲ။ သူတို့အတွက် စိတ်ဆိုတာ
နက်နက်တူးထားတဲ့ ကတုတ်ကျင်းလား။ ဗုံးကြဲစစ်လေယာဉ်လိုအပြုံးတွေနဲ့။
ကံစမ်းပွဲပေါ့။ (ငါဟာကံစမ်းမဲပါ)။ မဟုတ်ရင်လီဆယ်မှုကြီး
တည်ဆောက်ချက်ထဲမှာ ငါဟာ မြေကြီးထဲစီးကျနေတဲ့ သဒ္ဒါ ––
ဘာသာကြားစကားအသွားအလာတစ်ခုဟာ ဘာသာခြားတစ်ခုလို။
အခုလိုနေတာဘာလဲ။ စာကလေး ၊ ဖွတ် ၊ MIG
(အာတမ် မီကိုရန်းနဲ့ မီခါအီးလ် ဂရီဗစ်ခ်ျတို့ တည်ဆောက်ခဲ့တဲ့
ဆိုဗီယက်ဖိုက်တာဂျက်)။ ပွဲဦးထွက်မှာ ငါဟာ
နိုင်ငံမဲ့ ဖြစ်သွားတယ်။ ဘ၀ဆိုတာ တိုက်ပွဲအလီလီပဲတဲ့။
ဘ၀ဆိုတာ ငြိမ်းချမ်းမှု မဟုတ်ဘူးလား။
ချွတ်ချွတ်အသံကြားလို့ အလိုအလျှောက်တုန့်ပြန်မှုနဲ့
သေနတ်ကို ငါမောင်းတင်ပြီး ချိန်လိုက်တယ်
`ကမူးပဲလာလာ ၊ ကမဲပဲလာလာ
ဆာတ့်ပဲလာလာ ၊ ဆိတ်ပဲလာလာ´
တစ်ယောက်တည်းရှင်ရမယ်ဆိုရင် ဘုရားသခင်ရှိဖို့လိုဦးမလား။
နွေးထွေးတဲ့နေရောင်ခြည်အောက်မှာ
အပင်ပေါ်က လိမ္မော်သီးတွေ ၀င်ပြီး အ,နေတယ်။ ။
ဇေယျာလင်း
17 – Jan – 13