တံတားပေါ်မှာ

ပြင်းထန်တဲ့ အဇျတ္တ ဝေဒနာခံစားရချက်ကိုဖေါ်ပြနေတဲ့ လူပုံဏ္ဍာန်
ပုံ ပုံပန်း သဏ္ဍာန် ပြင်းထန်တဲ့ ပြင်းထန်တဲ့
အဇျတ္တ အဇျတ္တရဲ့ နောက်ခံ နောက်ခံရှုခင်းရှေ့မှာ /ထဲမှာ/ဟာ
နောက်ခံရှုခင်းတစ်ခုလုံးကိုယ်တိုင်ဟာ
အုတ်အော်သောင်းတင်းဆူညံနေတဲ့ လိမ္မော်နီကောင်းကင်ကြီး
အုတ်အုတ်ကျက်ကျက်စူးစူးဝါးဝါးဟစ်အော်ဟပြဲနေတဲ့
လိမ္မော်နီကောင်းကင်ကြီး မဟန်နိုင်တော့ပဲ ရွေ့လှုပ်နေတာ
ကောင်းကင်ကြီးရွေ့လှုပ် နီရဲ လိမ္မော်တောက်ရှပြတ်ကြောင်းတွေ

တစ်ညနေခင်း၌ မိမိသည်လူသွားလမ်းကလေးတစ်လျှောက်လမ်းလျှောက်သွား
နေလျှက်ရှိ၏။ လမ်းကလေး၏တစ်ဘက်တွင် မြို့တော်ကြီးရှိနေပြီး
အခြားတစ်ဘက်တွင်မူ မြစ်စွယ်၏ ချောက်ကမ်းပါးကြီးရှိချေ၏။ မိမိသည်
မောပမ်းနေပြီး နာမကျန်းဖြစ်နေချေသည်။ မြစ်စွယ်ကို ကျော်၍မိမိကြည့်
လိုက်သော် နေလုံးသည်ကျနေပြီး တိမ်များသည် သွေးနီရောင်သို့ပြောင်း
စပြုနေချေပြီ။ သဘာဝလောကကြီးတစ်ခုလုံးထဲ ဟစ်အော်သံတစ်ခု
ဖြတ်သွားသကဲ့သို့ မိမိခံစားလိုက်ရသည်။ ထိုဟစ်အော်သံကို မိမိနားနှင့်
ကြားလိုက်ရသည်ထင့်။

တစ်ဘက်မှာ သားသတ်ရုံ။ အခြားတစ်ဘက်မှာ အရူးထောင်။ ညီမလေးဟာ
အရူးထောင်မှာ နှစ်ရှည်လူနာ။

တောက်ရှပြတ်ကြောင်းတွေ။ နောက်ခံရှုခင်းတစ်ခုလုံးကိုယ်တိုင်ဟာ။
ကိုယ်တိုင်ဟာ။ ပြင်းထန်တဲ့။ ပြင်းထန်တဲ့

အဲဒီလိင်မသဲကွဲတဲ့ ထူးဆန်းသတ္တ၀ါ
ပီရူးမှာ တူးဖေါ်ရရှိတဲ့ မမ္မီရုပ်အလောင်းလိုပဲ
သန္ဓေကွေးကွေးလို မြှုပ်နှံခံရတဲ့အတိုင်း မျက်နှာ
လက်နှစ်ဘက်ဟာ ပါးတစ်ဘက်ဆီမှာကပ်လို့

လူပုံသဏ္ဍာန်/ခံစားရခက်/ကိုယ်တိုင်ဟာ

မိမိအတ္တမှ ပြတ်တောက်စူးရှ လိမ္မော်နီကောင်းကင်ကြီး
မြစ်စွယ်ထဲမှာ လှိုင်းလုံးတွေ တအုံးအုံးရိုက်သံဟာ
မိမိချောက်ကမ်းပါးနံရံတွေကို ကိုင်လှုပ်တယ်
ပြင်းထန်တဲ့ မိမိသဏ္ဍာန်လိုလိုပုံပန်း

မဟုတ်ဘူး

လက်မခံလိုက်ပါနဲ့ အဲဒီခံစားချက်တွေဟာ ငါမဟုတ်ဘူး
လက်ခံလိုက်ပါ အဲဒါငါ့ခံစားချက်တွေမဟုတ်ဘူး
ငါ့ကိုငါကွင်းတိုက်နေတဲ့ လက်ဟာ ငါ့လက်မဟုတ်ဘူး
ငါ့ယောနိထဲ ၀င်ထွက်နေတဲ့ လိင်တံကို ငါငေးစိုက်ကြည့်နေတယ်
ငါဘာမှမခံစားရဘူး
အဲဒါတွေ ပြင်းထန်ခံစားနေတာ ငါမဟုတ်ဘူး
ဝေဒနာပြင်းထန်ခံစားနေရပုံ ရှိသော ထိုပုံသဏ္ဍာန်သည်
ခံစားမှု အကျပ်အတည်း တစ်ခုအတွင်း လှိုင်းလုံးကြီးများ
တစ်လုံးပြီးတစ်လုံးဆင့်ကဲ ဆင့်ကဲ ရိုက်နှက်ခံနေရသည့်
ပလုံးပထွေးသဏ္ဍာန်ဦးခွံရိုးအဖြစ် အဆင့်နိမ့် လျှောကျ . . . . . . .

အဲဒါဘာ မက်သဒ်ခေါ်လဲ။ ဘာတက္ကနိ(က်)လဲ။ သင့်မျက်နှာ။

“ထိတ်လန့်နေရမှု ၊ ကြေကွဲနေရမှု ၊ နဲ့ သေခြင်းတရား
နတ်မိမယ်သုံးပါး ——
မွေးကတည်းက မိမိကို ရိုက်ပုတ်လာခဲ့တာ´´

သွေးထဲမှာ သဘာဝတရားကြီးရဲ့
ပြင်းထန်စူးဝါးအော်ဟစ်နေတာ
ဝရုန်းသုန်းကား စီးနေတယ်
ထွက်ပေါက်ရှိငြား ပါးစပ်ကိုဆွဲဖြဲ

ငါနေကောင်းနေတယ်
နေမကောင်းနေတာ ငါမဟုတ်ဘူး

သွေးရောင်နီရဲ လိမ္မော်တောက်ရှပြတ်ကြောင်း
ထောင်းလမောင်းကြေ
သားသတ်ရုံနဲ့ အရူးထောင်
အရောင်တွေဟာ စူးရှဟစ်အော်နေကြတယ်

တစ်ညနေမှာ မိတ်ဆွေနှစ်ယောက်နဲ့
လမ်းလျှောက်လာနေတာ . . . .
အဲဒီပုံပန်းသဏ္ဍာန်ဟာ ငါမဟုတ်ဘူး

ငါဟာကောင်းကင်မှာ
လိမ္မော်နီရဲ့ ဟစ်အော်သံကြီး
ကောင်းကင်ဟာငါပဲ ပြတ်ကြောင်းကြီးတွေ
ထိမ်းချုပ်မရ စူးစူးရှရှ

“နှလုံးသားဝိဥာဉ်ကို လေ့လာခြင်း
မိမိကိုယ်တိုင်ရဲ့ နှလုံးသား ၀ိဥာဉ်´´

၉၁ x ၇၃.၅ စင်တီမီတာ

စူးစူးရှရှအော်ဟစ်နေခြင်းကြောင့် မျက်နှာ၏ပုံပန်းသဏ္ဍာန်အချိုးပျက်နေသည်ကို
တွေ့ရှိရ။ မျက်နှာသည် အထက်သို့ ရှည်လျားထိုးတက်လျှက် ရှိပြီးလှုပ်ရှားမှုသည်
ကောင်းးကင်၏ ပြင်ညီအတိုင်းပုခက်လွှဲသကဲ့သို့ ဘယ်ညာလွှဲရိုက်နေလေသည်။
–– လှိုင်း [ `ရေ´ကိုရှု ] [ ရူပဗေဒ – အလင်း သို့မဟုတ် အသံ ]
–– လှိုင်းလုံးများရွေ့လျားသကဲ့သို့ဖြစ်စေသည်
–– မျက်နှာပြင်ပေါ်လှိုင်းလုံးများရွေ့နေပုံသဏ္ဍာန်ဖြစ်စေသည်
–– အကြောအမျှင်များ တဆတ်ဆတ်လှုပ်ခါနေသော လှိုင်းသဏ္ဍာန်

သားသတ်ရုံမှ သတ်ဖြတ်ခံနေရသော သတ္တ၀ါအော်ဟစ်သံများနှင့်
အရူးထောင်တွင် အကျဉ်းကျခံနေရသော လူနာများ၏ အော်ဟစ်သံတို့
ရောထွေးသွားကြသောအခါ
ကြားရသူအတွက် တော်တော်စိတ်မသက်မသာဖြစ်ရကြောင်း
ပြောကြ

ပြောကြ

“လမ်းတစ်လျှောက်မှာ
မိမိနဲ့ မိမိရဲ့ သူငယ်ချင်းနှစ်ယောက်သာ ––
နေ၀င်သွားချိန်မှာ
ရုတ်တရက်ကောင်းကင်ကြီးဟာ သွေးပမာ ––
ကြေကွဲမှုရဲ့ ပင့်သက်မိမိမှာ ခံစား
စုတ်ဖြဲခံလိုက်ရသလို နာကျင်နှလုံးသား
မိမိရပ်လိုက်တယ် စည်းရိုးမှာ မှီလိုက်တယ်
သေလုမျောပါး အမောဖေါက်
မြစ်စွယ်ပေါ်လွင့်ပါးနေကြတဲ့ တိမ်တွေဟာ
သွေးညှီနံ့နဲ့ တတောက်တောက်
သူငယ်ချင်းနှစ်ယောက် ဆက်လျှောက်သွားကြတယ်
မိမိဟာ အဲဒီမှာ ခြေစုံရပ်ပြီး တုန်လှုပ်နေတော့တယ်
ရင်ထဲမှာ ပွင့်ဟနေတဲ့ ဒဏ်ရာကြီး
မိမိနားနဲ့ ဆတ်ဆတ်ခါကြားလိုက်တယ်
သဘာဝတရားကြီးထဲ တိုးလျှိုပေါက်စီးဝင်သွားတဲ့
အံ့မခန်းကြီးမား ထူးခြား စူးစူးဝါးဝါး
အော်သံကြီး။´´

တသီးပုဂ္ဂလကိုယ်ရည်ကိုယ်သွေးမရှိတဲ့ လူသဏ္ဍာန်
သူ့အော်သံကြီးထဲမှာပဲ လုံးလုံး
အကျဉ်းချုံး အကျဉ်းကျ
အဆီအနှစ်ထုတ်ထားတဲ့ သိပ်သည်းဆသက်သက်
ပုံပျက်မျက်နှာ တစ်ခုလုံးဟာ ဝေဒနာ ပေါင်းချွေးပြန်

ဆံပင်မရှိ
ဝေဒနာ ဖိစီးခံသတ္တ၀ါ
သစ်တော်သီး ထောင်ထားတဲ့ ဦးခေါင်း
လက်နှစ်ဘက် ကြောက်မက်စွာ ပါးတစ်ဘက်ဆီမှာ
သံမှိုနှက် ၀က်အူရစ်ဆုပ်ထားသလို
ပါးစပ်ဟာ ဧရာမအသံတိတ်အော်သံကြီးရဲ့ အရွယ်အစား
သူ့အဇျတ္တဝေဒနာ ပမာဏအမျှပြဲဟ
အော်သံကြီးမှာ ကောင်းကင်ပါခြောက်ခြားသွေးပျက်
ကောင်းကင်ပါ အုတ်အုတ်ကျက်ကျက် သွေးချောင်းစီး

သတ္တ၀ါကြီးရဲ့ အော်သံဟာ
သတ္တ၀ါကြီးကို အားလုံးနဲ့
အဆက်ဖြတ်လိုက်တယ်

နော်ဝေနိုင်ငံ ၊ အော်စ်လိုမြို့တော်ပြတိုက်မှာ
ပန်းဆိုးတန်းတံတားမှာ
သမ္မတ ကုန်းကျော်တံတားမှာ
ဗန္ဓုလတံတားမှာ
လှည်းတန်း ၊ ရွှေဂုံတိုင်ကုန်းကျော်တံတားတွေမှာ

The Scream
The Cry
The Shriek

သူ့အဇျတ္တဝေဒနာပမာဏအမျှပြဲဟ
ဧရာမ `၀´လုံးကြီးေ`၀´ဒနာရဲ့ မူလ ၊ သမူဟ ၊ သဟဇာတ ပြဲဟ

ဇေယျာလင်း
20 – Dec – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>