ပါရမီမရှိစလောက်နဲ့ အတတ်ပညာချို့ငဲ့မှုတွေကြား
အသက်ကတော့ သူ့ဖါသာသူ ရှင်နေမှာပါပဲ ရေကလေးတိုက်
အမှန်တရားဆိုတာလေးဘာလေးနဲ့ အရူးဆေးကျွေးထားရုံပါပဲ
နာမည်တစ်ခုညှစ်ကြည့်ဖို့က မလွယ်ဘူး အထူးသဖြင့် ရေခမ်းကြယ်ကျွမ်း
အိတ်နွမ်းထဲက သံချေးစားစနက်တံကိုပဲ အာသာပြေ
ဆိုတော့ကာ ဘယ်သူ့ဩဇာ ငါဒကာခံရမလဲ လျက်စရာ ဘယ်သူ့ဘွတ်
ဆွဲလိုက်တဲ့ ပိုက်ထဲမှာ ရေသူမ အပျိုမှေးဆွေးနဲ့ ရေအောက်သင်္ဘောပျက်
မှတ်တမ်း အဲ့ထဲမှာ ငါ့နာမည်ဟာ ရေစားပွစိ ကြွေသွားတယ်ထင်ပေါ့
နောက်ဆုံးပေါ် ၁၀ နှစ်ဟောင်းကားနဲ့ ကမ္ဘာကြီးရဲ့ ကချေသည်တိုင်းပြည်
မထင်မှတ်ပဲ ဒီကို ငါရောက်ခဲ့တယ် မထင်မှတ်ပဲ ဆုလာဘ်ထဲမှာ ငါ့နှလုံးသား
အလန့်တကြားနဲ့ သေချာကြည့်လိုက်မှ မိတ်အင်ချိုင်းနား ရေဒီယိုစုတ်လေး
ဂျစ်ဂျစ်ဂျစ်ဂျစ်နဲ့ `အနာဂတ္တအသံ´ ပုရစ်တွေ ၀ိုင်းအုံကိုက်စားနေကြ
ဇာတ်လမ်းဖြစ်မလာဘူး ဇာတ်ညွှန်းဟာ ဒါရိုက်တာရဲ့ ကာရိုက်တာကို ဖတ်မရ
ကာဘရိုက်တာလည်းကွဲ ဂက်စကစ်တွေ ဘောစေ့တွေ ကြွေနေပြီ
ဖွတ်ချပ်တိုးတက်မှုနဲ့ ရှေ့ဘီး ၂ ဘီးစလုံးပြုတ်ထွက်တော့မယ်သားရေ
အဖေ့ကို ငွေလေးဘာလေး ဒီလမ်းပဲလိုက်တော့မယ် အာနာနဲ့ ဆားငံရေ
ဆိုကြပါစို့ မေးကြပြီ ဆိုကြပါစို့`ငါ´ရဲ့ ကာလပေါက်ဈေးနဲ့ သမိုင်းတန်ဘိုး
စာသားဟောင်းတွေ ရောင်းဝယ်ဖေါက်ကားခေတ်ပြိုင် အရေခြုံကုမ္ပဏီလိမိတက်
လေသံကတော့ ပြတ်သားပါရဲ့ ဈေးတည့်ပြီးမှ ဟိုဟာမကိုင်ရ ဒီဟာမထိရ မိန်းမလို
ဗဟိုချက်ရဲ့ ကြမ်းပြင်အောက်မှာ ဟူးဟူးဟူး လေဟာနယ်ကြီး
တစ်ချို့နှစ်တွေ လတွေဆို ကျွန်တော်/ကျွန်မ လုံးလုံး အသက်မရှင်ဘူး
နောက်ဆုံးဆိုခဲ့ရင်ပေါ့ နောက်ဆုံးတော့ (အကိုရေ) နောက်ဆုံးပျောက်ဆုံး
နေတယ် ဦးဏှောက်နဲ့ နှလုံးသားဆက်နွယ်မှု ဟန်ဒဲလ်ရဲ့ စုံညီသီအိုရီ (၁၈၆၁)
နံရံတစ်ချပ်ပဲ ခြားကြတယ် ပိုးကိုက်ပေါက်လေးတွေကနေ ဆက်သွယ်တယ်
ကြိုးစားရဦးမှာပဲပေါ့ သမုဒ္ဒရာထဲက ကျွန်းထီးထီးလေးတွေလို
ခေတ်ကြီးဟာ ငါ့ကို မနာလိုဖြစ်နေတာ ရေဆန်လမ်းပဲ နိုင်ချင်တယ် win ချင်တယ်
စကားလုံးနဲ့ စိတ်ဆက်ကြောင်းလွဲမှု ကြည်ပြာရောင်ကောင်းကင်ကြီးအလား
ဒီအချိန်မှာ ငါ့ကို အရုပ်လိုထောင်ပြီး သူတို့သားရေကွင်း ပစ်တမ်းကစားနေမလား
ငါဒီနေရာက မရွေ့တော့ဘူး ဆူးချွန်တစ်ခုမှာ ငါ့ကိုငါစိုက်ထားတယ်
ခေတ်ဆိုတာကြီးဟာ ကွင်းပြင်မှာ ကိုယ်တုံးလုံးနဲ့ အော်ဟစ်ပြေးလွှားနေတယ်
`ငါ` ဆိုတာလေးဟာ ကွင်းပြင်မှာ ခေတ်တုံးလုံးနဲ့ အော်ဟစ်ပြေးလွှားနေတယ် ။ ။
ဇေယျာလင်း
25 – Oct – 12