ချက်နည်းပြုတ်နည်း စာအုပ်သမိုင်း (အန်ခရီအေးတစ်ဗ် ကွန်ဆက်ပ်ချူရလ် ကဗျာ)

အလယ်အလတ်အဆင့်စာအုပ်ဆိုင်မှာတောင် တင်ထားတဲ့ချက်နည်းပြုတ်နည်းစာအုပ်တွေထဲက ဟင်းလျာစားဖွယ်တွေဟာ တစ်သက်စားမကုန်နိုင်ဘူး။ ချက်ဖို့ နေနေသာသာ။ သက်သတ်လွတ်ဟင်းချက်နည်းတွေက အစ သမိုင်းဝင်ပုဂ္ဂိုလ်တွေစားခဲ့တဲ့ ဟင်းလျာ စားဖွယ်ချက်ပြုတ်နည်းများ။ ချက်နည်းပြုတ်နည်းစာအုပ်တွေဟာ အိမ်တွင်းစားသောက်မှုပြောင်းလဲရေးကို ရည်ရွယ်ကြတာဖြစ်တယ်။ နေ့စဉ် ရိုးအီနေတဲ့ အစားအစာတွေကို ခဏဘေးဖယ်ပြီး ချက်ပြုတ်ရသူကို ယာယီလွတ်လပ်မှုပေးတယ်။ စိတ်ကူးယဉ်မှုကို နေ့စဉ် ဘာဟီရထဲ ထည့်လို့ရပြီပေါ့။ နိုင်ငံရပ်ခြားသွားစရာမလိုပဲ နိုင်ငံတကာစားဖွယ်တွေကိုလည်း ချက်ပြုတ်ကြည့်ဖို့ အခွင့်အရေးတွေပေးပါတယ်။

အနောက်တိုင်းမှာ ပထမဆုံးပေါ်လာတဲ့ ချက်/ပြုတ်နည်းစာအုပ်ဟာ `ချက်ပြုတ်နည်းနဲ့ပတ်သက်လို့´ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀၀ ကဖြစ်ပါတယ်။ အက်ပီးစီးယပ်စ် အမည်တွင်တဲ့ နာမည်ကျော်စားဖိုမှူးရဲ့ နည်းတွေဖြစ်ပါတယ်။ ရောမနဲ့ ခေါမ ချက် ပြုတ်နည်းတွေဖြစ်ပါတယ်။ သူ့စာအုပ်ဟာ နောင်နှစ်တစ်ထောင်အထိ စံ အဖြစ်သတ်မှတ်သုံးစွဲခဲ့ကြရပါတယ်။ အားနည်းချက်ကတော့ အချက်အလက်/နည်းမပြည့်စုံခြင်းပဲ။ သူ့လျို့ဝှက်အတတ်ပညာတွေ သူများသိသွားမှာ စိုးရိပ်လို့ တမင်ေ၀၀ါးပစ်လိုက်တာလို့ ဆိုပါတယ်။

ဆက်လက်ရေးသားလာကြတဲ့ ချက်/ပြုတ်နည်းစာအုပ်တွေဟာ စနစ်မကျခဲ့တာတွေ့ရပါတယ်။ ဥပမာ ၊ ကိတ်မုန့်တစ်မျိုးဖုတ် နည်းပြီးရင် နောက်စာမျက်နှာမှာ ဆိတ်သားချက်နည်းပါရှိပါတယ်။ ၁၉ ရာစုမတိုင်မီက ကိုယ့်ဖါသာကိုယ်ချက်ပြုတ်စားသောက်ကြတဲ့ ပညာတတ်တွေ မရှိသလောက် နည်းပါးခဲ့ပါတယ်။ အဲဒီအတွက် စာဖတ်တတ်တဲ့ စားဖိုမှူးတွေကိုပဲ ရွေးချယ်ခန့်အပ်ခဲ့ကြပါတယ်။

ပုံနှိပ်စက် စတင်ပေါ်လာတုန်းက ချက်/ပြုတ်နည်းအရေးအသားတွေ ပိုရှင်းလင်းလာမယ်လို့ထင်ကြပေမယ့် အဲသလိုမဟုတ်ခဲ့ပါ ဘူး။ စကားလုံးတွေဟာ ရောင်းဝယ်ရေး တန်ဘိုးရှိလာတဲ့အချိန်မှာ စာခိုးချမှုတွေ အများကြီးဖြစ်ပွားခဲ့ပါတယ်။ ပြန်လည်ရေးသားထုတ် လုပ်ခြင်းမှာ မူလချက်/ပြုတ်နည်းတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့ကြပါတယ်။ `အိမ်ထောင်ရှင်မ ကောင်းရဲ့ရတနာ´(ပုံနှိပ် ၊ ၁၅၉၆)မှာ ဆိုရင် ကြက်သားဟင်းချက်နည်းထဲ စွန်ပလွံသီးခြောက် ၃-၄လုံးထည့်ဖို့ ပါရှိပါတယ်။ ဒီစာအုပ်ကိုပဲ ခိုးချတဲ့ `သစ်သီးနဲ့ပန်းမာလ်စာအုပ်´ (ပုံနှိပ် ၊ ၁၆၅၃) မှာ ဒီကြက်သားချက်နည်းပြန်ပါရှိပါတယ်။ ဒီတစ်ခါမှာတော့ စွန်ပလွံသီးခြောက် ၃-၄လုံးထည့်ရမယ့်နေရာမှာ `ကြက်ကို ကောင်းစွာစီရင်ပြီး ၃-၄ရက်လောက် ဘေးဖယ်ထားလိုက်ပြီးမှ ချက်ပြုတ်ပါ´လို့ပါရှိပါတယ်။

၁၆ နဲ့ ၁၇ ရာစုတွေမှာတော့ ချက်/ပြုတ်နည်းစာအုပ်တွေရဲ့ အဓိကအကြောင်းအရာဟာ ငြိမ်ဝပ်ပိပြားရေးဖြစ်ပါတယ်။ ချက်/ ပြုတ်နည်းစာအုပ်တွေမှာ ချက်နည်းပြုတ်နည်းတွေအပြင် အိမ်တွင်းငြိမ်ဝပ်ပိပြားရေးဆိုင်ရာ အကြံပေးချက်တွေပါရှိလာပါတယ်။ နောက် ကွယ်အယူအဆကတော့ ကောင်းမွန်စွာ ချက်ပြုတ်ထားတဲ့ စားဖွယ် ၊ သူ့ဟာနဲ့သူ နေရာတကျရှိတဲ့ မီးဖိုချောင် ၊ နဲ့ စည်းကမ်းလိုက်နာ သေ၀ပ်တဲ့ ကလေးငယ်တွေဟာ တန်းတူအရေးကြီးကြတာဖြစ်ပါတယ်။ ဖရိုဖရဲဖြစ်နေတဲ့ ကာလတွေမှာ ဒီစာအုပ်တွေဟာ စည်းကမ်းတ ကျငြိမ်ဝပ်ပိပြားမှု သင်္ကေတတွေဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်ပြည်တွင်းစစ်တွေ ၊ ပြင်သစ်နဲ့ အမေရိကန်တော်လှန်ရေးအဖြစ်အပျက်ကြီးတွေ ဟာ အိမ်တွင်းစည်းကမ်းလိုက်နာ သေ၀ပ်ရေးအပေါ်ဘယ်လိုမှ အကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။ အိမ်ရဲ့ ပြင်ပမှာ ဘယ်လိုတော်လှန်ရေး ကြီးတွေဖြစ်ဖြစ် ၊ ဘယ်လို စနစ်ဟောင်းတွေဖြိုချ ဖြိုချပြီး ဘယ်လိုစနစ်သစ်တွေ တည်ဆောက် တည်ဆောက် ၊ အိမ်တွင်းမှာတော့ ငြိမ်ဝပ်ပိပြားစည်းကမ်းလိုက်နာကြရမည်ဟူသတတ်။

၁၈၅၀ ခုနှစ်တွေမှာ အီစဘယ်လာ ဘီတင်န်ဆိုသူဟာ `အိမ်တွင်းမှု စီမံခန့်ခွဲရေး´ စာအုပ်ထုတ်ဝေခဲ့ပါတယ်။ ယခင့် ယခင် ချက်/ပြုတ်နည်းစာအုပ်တွေမှာလိုပဲ ၊သူမဟာ ရှိပြီးသားတွေ ခိုးချခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဒဿနိကဗေဒဆိုင်ရာ အရေးအသားတွေ ထဲက တွေးခေါ်မြော်မြင်မှုတွေကိုပါ ခိုးယူပေါင်းစပ်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ ချက်/ပြုတ်နည်းမှာ ပါရှိတဲ့ အစာ ပလာတွေအကြောင်း ထည့်သွင်းဖေါ်ပြခဲ့တာဖြစ်ပါတယ်။ ဘယ်အစာပလာကဖြင့် ဘယ်ရာသီမှာ အလတ်ဆတ်ဆုံး ၊ ဟင်းလျာကို ဘယ် လောက်ကြာကြာချက်ပြုတ်ရမှာ ဖြစ်ကြောင်း ၊ ကုန်ကျစရိတ် ဘယ်လောက်ရှိမည်ဖြစ်ကြောင်း ၊ စသည်ဖြင့်။ ဒီလိုရေးသားတာဟာ ခေတ် နဲ့ ကိုက်ညီကြောင်း ၊ ခေတ်ကတောင်းဆိုလို့ ဖြစ်ပေါ်လာကြောင်း နှောင်းပညာရှင်တွေ ဝေဖန်ထောက်ပြခဲ့တာဖြစ်ပါတယ်။ ၁၈၅၀ ခုနှစ် တွေမှာ ဗြိတိန်မှာ စက်မှုတော်လှန်ရေးစတင်နေတာဖြစ်ပြီး တက်သစ်စလူလတ်တန်းစားဟာ အချက်အလက်တွေကို ယခင်ကထက် ပိုမို အလေးထားလာလို့ဖြစ်ပါတယ်။

ပြင်သစ်မှာတော့ ချက်/ပြုတ်နည်းစာအုပ်တွေဟာ ၁၉ ရာစုအကုန်လောက်မှာပေါ်လာခဲ့တာဖြစ်ပါတယ်။ ရေးသားသူတွေက တော့ ဆူပါစားဖိုမှူးတွေဖြစ်ကြပါတယ်။ သူတို့ဟာ ပြင်သစ်ချက်နည်းပြုတ်နည်းကို တစ်လုံးတစ်ဝန်း တစ်ပေါင်းတစ်စည်းဖြစ်အောင် စနစ် တကျပြုစုခဲ့ကြတာဖြစ်ပါတယ်။ ဩဂပ်စ် အက်စ်ကော်ဖီယေးရဲ့ `ချက်နည်းပြုတ်နည်းလမ်းညွှန်´ (၁၉၀၂) ဟာ ဆိုရင်ဖြင့် ရှေးဟောင်း ကျောက်စာမှာ ထွင်းထားသည့်အလား အားလုံးတရိုတသေလိုက်နာခဲ့ရတဲ့ စာအုပ်ဖြစ်ခဲ့ပါတယ်။

အမေရိကန်မှာတော့ တစ်မျိုး။ ဖဲနီ ဖါးမားဆိုသူဟာ အမေရိကန်ချက်နည်းပြုတ်နည်းကို သိပ္ပံပညာရပ်အဆင့်အထိ မြှင့်တင် ရေးသားခဲ့တာ တွေ့ရပါတယ်။ သူမရဲ့ `ဘော်စတွန် ချက်နည်းပြုတ်နည်း သင်တန်းကျောင်းသုံးပြဋ္ဌာန်းစာအုပ်´ မှာဆိုရင်ဖြင့် `ယဉ် ကျေးမှု တိုးတက်ထွန်းကားလာသည်နှင့် အမျှ ချက်နည်းပြုတ်နည်းလည်း တိုးတက်ထွန်းကားလာခဲ့ပေပြီ´ လို့ ကြေညာခဲ့ပါတယ်။ သူမရဲ့ ချက်နည်းပြုတ်နည်းတွေဟာ ဓါတုဗေဒ စမ်းသပ်ခန်းထဲက စမ်းသပ်ချက် အရေးအသားတွေနဲ့ တောင်တူနေတာ တွေ့ရပါတယ်။

၁၉၅၀ မှာ အလ္လဇ္ဇဘက်တ် ဒါဝပ်ဆိုသူဟာ ဗြိတိန်မှာ ချက်နည်းပြုတ်နည်းဆိုင်ရာ ဆန်းသစ်တီထွင်မှုကြီးတစ်ရပ်ပြုလုပ်ခဲ့ပါ တယ်။ သူမရဲ့ `မြေထဲပင်လယ်အစားအစာ´ထဲမှာ ချက်နည်းပြုတ်နည်းအပြင် ရနံ့တွေ ၊ အသံတွေပါထည့်ရေးခဲ့ပါတယ်။ ထူးခြားတာက သူမရဲ့ ချက်နည်းပြုတ်နည်းတွေမှာ ပါရှိတဲ့ အစာပလာတွေဟာ ရှားပါးတာတွေ ၊ ၀ယ်ယူရရှိဖို့ မလွယ်နိုင်တာတွေဖြစ်ပါတယ်။ သူမရဲ့ စာသားကိုပဲ ပြန်ကိုးကားရရင် “စာဖတ်သူဟာ ဒီစာအုပ်ထဲက ဟင်းလျာတွေ မချက်နိုင်ရင်တောင်မှ စိတ်ကူးကြည့်ရင်ပဲ သူတို့အတွက် အကျိုးရှိပါလိမ့်မယ်။´´ ဖတ်ညွှန်းရေးသူတစ်ယောက်ရဲ့ သုံးသပ်ချက်က မိပါတယ်။ ဒါဝပ်ရဲ့ ချက်/ပြုတ်နည်းစာအုပ်ဟာ တကယ့် ချက်နည်းပြုတ်နည်းတွေထက် ဖြစ်လာနိုင်ချေ ချက်နည်းပြုတ်နည်းအသစ်အဆန်းတွေကို စိတ်ကူးအရသာခံခိုင်းတာပဲဖြစ်ပါသတဲ့။

ဇေယျာလင်း 16 – Oct – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>