တောင်ပေါ်ကထိုးကျမလာခင် ချောင်းရေဟာ လေထဲပျံဝဲခဲ့ဘူးတယ်။
တိမ်တွေရဲ့ ဘွားဘက်တော် ရေမှုန်ရေမွှားတွေရဲ့ ရင်မှာ သက်တံကိုယ်စီ။
ငါ့မှာ လွမ်းစရာတစ်ယောက်ယောက် တစ်ချိန်တုန်းက ရှိခဲ့ဘူးပါလိမ့်မယ်။
အနာဂတ် သယံဇာတများ အလုံခြုံဆုံး ထိမ်းသိမ်းထားရှိရာ –– ခံစားမှုရဲ့
မြစ်ဖျားခံရာ –– ဦးဏှောက်ရဲ့ အမစ်ဂ်ဒါးလားမှာ
မြောက်ဝင်ရိုးစွန်း အခြေအနေ ၊ မျိုးစေ့ကိုလွမ်းစရာ အေးခဲနေစေတယ်
အသွင်ပြောင်းစမှာ ပုပ်သိုးမှုဖြစ်စဉ် စတင်ဝင်ရောက်ခြင်း လက္ခဏာတွေ
မြစ်ဟာ တောခိုသွားတယ် သွေးလေးပုလင်းသွင်းလိုက်ရတဲ့ သူထဲမှာ
လူလေးယောက်ကြီးပြင်းလာတယ် ရင်ကို နွေးထွေးစေတတ်သော
လိပ်ပြာအုပ်လိုက် စကြာဝဠာနီးပါး ပင်စည်နက်ကြီးထဲ ကိုယ်ရောင်ဖျောက်
သွားကြငါ့မှာ လွမ်းစရာ ဟောဒီဆွေးမြေ့နေတဲ့ ခရမ်းရင့် ဗန်ဒါသစ်ခွ
တစ်ခိုင်လုံး ကောက်ဝါးနေလို့ ဘာမှပြောအားမရှိခဲ့ပါ ပင်စည်နက်ကြီး
ရေခိုးရေငွေ့ အနိမ့်ဆုံးအဆင့် ၊ ဇီဝကမ္မ လှုပ်ရှားမှုမရှိသလောက်
လွမ်းစရာ တစ်ယောက်ယောက် သိုလှောင်ရုံဟာ မီးစွဲပြာဖြစ်သွားခဲ့တယ်
ဘ၀မှာ erase လုပ်ရမယ့် အရာတွေဟာ ရှိခဲ့ဘူးပါလိမ့်မယ်
တစ်ချိန်တုန်းက မမြှုပ်ရသေးတဲ့ အလောင်းကောင်တွေကြားချစ်ရသူ
မီးအိမ်နဲ့ နေ၀င်မီးငြိမ်းအမိန့်အောက်မှာ စွန့်စားရှာရသလို
တစ်ယောက်ယောက် တစ်ချိန်တုန်းက ငါ့မှာ လှိုဏ်ခေါင်းတစ်ဘက်မှာ
နင်ဝေဒနာကို သိပြီမဟုတ်လား ရီဆိုင်ကယ်လုပ်ထားတဲ့ စက္ကူ
လူသားဟာ ကျကွဲသွားတဲ့ ဖန်လူသားအစိပ်စိပ်အမြွှာမြွှာကို
လိုအပ်တဲ့ အပူချိန်ကို ပတ်ဝန်းကျင်ကျောက်ဖြုန်းတွေက မပေးနိုင်
တစ်ချိန်တုန်းက ဗျတ္တ ပန်းဆက်လမ်းမှာပေါ့
ငါဟာ ကွပ်မျက်ခံခဲ့ရတဲ့ စကားဝါ သေနာပတိ
ကွဲထွက်သွားတဲ့ ငါ့ရင်အုံကနေ တသွင်သွင်စီးဆင်းလို့
`သိုးကလေ´ တောင်ကျချောင်းတေးမသီတော့ပြီ အိုဝတ်ရည် . . .
မြစ်ဟာ စေ့စပ်ချင်တယ်တဲ့
ဝါဒဖြန့်ပိုစတာတွေနဲ့ ပိတ်ဆို့ထားတဲ့ မြို့ပြဂိတ်ဝမှာ
အဝေးက လိပ်ပြာတောင်ပံခတ်သံ
ရှိခဲ့ဘူးပါလိမ့်မယ် ငါ့မှာ
မျက်လုံးတစ်ဘက်ထဲ ငါးမျှားချိတ်ဝင်လို့
အချစ်ကို တွေ့ရှိခဲ့ရတယ် ရှိခဲ့ဘူးပါလိမ့်မယ်
လယ်ယာစိုက်ပျိုးရေးတွေ ကောမြေမှာ အသစ်ပြန်စဖို့
ကျောက်ဖြစ်ရုပ်ကြွင်းမျိုးစေ့ဟာ နာကျင်တစ်ခဲလို
Hey y y y y y y . . . . လေထဲပျံဝဲ . . .
အဝေးက လိပ်ပြာတောင်ပံခတ်သံနဲ့
ခေးအော့စ်သီအိုရီ သက်တံရောင်စဉ်ကိုယ်တွင်တောက်ပ ။ ။
ဇေယျာလင်း
14 – Oct – 12