ကွန်တမ်ပိုရာရီကဗျာတွေရဲ့ ခေတ်စားတဲ့ ရေးနည်း

ကွန်တမ်ပိုရာရီကဗျာတွေကို လေ့လာကြည့်ရင် experimental techniques တွေကို Lyric နဲ့ ဖြစ်ဖြစ် narrative ပုံစံနဲ့ ဖြစ်ဖြစ် ပေါင်းစပ်လာတာ တွေ့ရတယ်။ Image တစ်ခုဟာ နောက်ထပ် image တစ်ခုဆီ ဦးတည်သွားတယ်။ Associative မဟုတ်ရင် nonsequiturial cascades ပုံစံနဲ့။ ၀ါကျအပိုင်းအစတွေရဲ့ အဆင်ကို သမရိုးကျ ၀ါကျပြည့်နဲ့ `ဖျက်´ပစ်တယ်။ စာမျက်နှာကို visual space အနေနဲ့ သုံးတယ်။ သရုပ်ဖေါ်မှုတွေဟာ အာရုံပြောင်းမှုတွေ ၊ ပိုင်းဆစိပ်မြွာမှုတွေကို ထင်ဟပ်တယ်။ အာရုံသိမှုနဲ့ ပတ်သက်တဲ့ တွေးခေါ်မြော်မြင်မှုတွေ ပူးတွဲပါရှိတတ်တယ်။ ကဗျာတွေဟာ ပုဂ္ဂလိက ကိစ္စတွေ ၊ သမိုင်းမှတ်တမ်းတွေထဲ စူးစမ်းရှာဖွေမှုပြုပြီး အဲဒီ စူးစမ်း ရှာဖွေမှု ကိုယ်တိုင်ကို ဖြတ် – ညှပ် – ကပ် နည်းတွေနဲ့ ပြန်မှတ်တမ်းတင်တယ်။ ဒီလို အစုအဝေးတစ်ခုနဲ့ တစ်ခု ယုတ္တိ အဆက် အစပ်မဲ့ခြင်းထဲမှာပဲ အရာရာဟာ ဘာသာစကားနဲ့ တည်ဆောက်ဖွဲ့စည်းထားတာတွေပဲဖြစ်တယ်ဆိုတာကိုလည်း ပြန်ပြောတာဖြစ်တယ်။

ဒီလို ကွန်တမ်ပိုရာရီကဗျာတွေထဲမှာပဲ ထူးခြားတာကတော့ အဲဒီနည်းတွေရဲ့ နောက်ကွယ်က အယူအဆတွေကို မေးခွန်းထုတ် ခြင်းပဲဖြစ်တယ်။ ဥပမာ ၊ ပို့စ်ဘာသာစကားကဗျာနဲ့ ပို့စ်ကွန်ဖက်ရှင်နလ် ကဗျာတွေရဲ့ အလေးထားတဲ့ ကိစ္စတွေကို မေးခွန်းထုတ်တယ်။ indeterminacy နဲ့ Lyric အားပြင်းမှုဆီ ဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက်လုပ်ကြတယ်။ ဘ၀တွေ ၊ သမိုင်းတွေ ၊ ပုဂ္ဂလ အတ္တတွေ ၊ လူသားချင်းထိတွေ့ဆက်ဆံမှုတွေ ဖြစ်လာပုံတွေကို တစ်ခုမကတဲ့ ၀င်ရိုးတွေ တစ်လျှောက်ဖေါ်ပြဖို့ကြိုးစားတယ်။ အဲသလိုဖေါ်ပြဖို့ကြိုးစားတဲ့ နေရာမှာ ဒေတာအချက်အလက်တွေ အရှိန်နဲ့ လာနေကြတာနဲ့ နေ့စဉ်ဘ၀ရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေကို ပူးတွဲပေးတယ်။

တိုက်ရိုက် narrative ကို ဆန့်ကျင်ဖို့အတွက် အဆိုတွေ ၊ အမြင်တွေ ၊ တွေ့ကြုံခံစားမှု အမျှင်တွေကို ခွဲခြား ၊ ပြန်စီ ၊ ပြန်ပူး ချည်တဲ့ အလုပ်လုပ်ပေမယ့် လူတွေရဲ့ သိမြင်တွေ့ကြုံနေကျ အချိန်ဖြတ်သန်းမှုကို မဖျက်ဘူး။ အဲဒီအတွက် စီလာတဲ့ လိုင်းတွေဟာ အချိန်အားဖြင့် ဆက်ဆံမှုမရှိတော့တဲ့ ပြားချပ်ချပ် အနေအထားကြီးမဖြစ်တော့ဘူး။ လူက ဘာသာစကားရဲ့ တည်ဆောက်မှုဖြစ်သလို ကိုယ်ခန္ဓာရဲ့ လုပ်ငန်းတွေနဲ့လည်း လုံးဝပတ်သက်နေပြန်တယ်။ တွေ့ကြုံနေကျ အာရုံခံစားမှုတွေကို ကြွက်သားတွေ ထောင်းထောင်းထ ပြီး ခွန်အားပြည့်ဝတဲ့ ဘာသာစကားနဲ့ ဖေါ်ပြတယ်။ Disjunctive technique တွေကို မ `လွှတ်´ပေးပဲ လိုသလို ချုပ်ကိုင်တယ်။ ပြောချင် တဲ့ ကိစ္စတစ်ခုအတွက် သုံးတာဖြစ်တယ်။ အဆက်အစပ် ရှိရှိ မရှိရှိ ၊ ဆက်စပ်လို့ရရ မရရ ၊ လက်လွတ်စပယ်သုံးတာမျိုးမဟုတ်ဘူး။

မှတ်ချက်။ ။ Boston Review (Summer 2002) မှာ ဖေါ်ပြပါရှိတဲ့ Barbara Fischer ရဲ့ Book Reviews: Torn Awake and
Such Rich Hour ဆောင်းပါးထဲက `အမာခံ´ အချက်အလက်တွေကို ကောက်နှုတ်ဖေါ်ပြတာဖြစ်ပါတယ်။

ဇေယျာလင်း
9 – Oct – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>