အလိုတူစပ်ယှက်ခြင်းဟာ
အခြေခံ
လူမှုတည်ဆောက်ချက်ပဲ သာမန်နေ့စဉ်တွေ့ကြုံမှု
တောင်ကျချောင်းရေတို့ရဲ့ ရွက်ဝါလူးဂီတ
မင်းရဲ့ ခေါင်းမာမာနဲ့ အရွဲ့တိုက်တက်တဲ့ အကျင့် ငါလွမ်းနေပြီ
(အလွမ်းဟာ
ဆောက်ပြီးစ နှလုံးသားမှာ နေထိုင်ဖို့
အခွန်ပေါ့) အဲဒီတယောပြားပေါ်မှာ
မင်းလည်းပြန်တွေးတိုင်း သံဆန်း ဇာတ်လမ်းဆင်ခဲ့တာ
ဘယ်ပို့ချမှုတွေရဲ့ အာမေဋိတ် အတိတ်လှန် နိဿရည်း
လုပ်ခဲ့ကြတာ
သဘာဝ
လုပ်ပြီးပြီးချင်း ယဉ်ကျေးမှု ကွန်ယက်ထဲလိပ်ပြာ
စကားတွေဖြစ်လာတယ် ဘယ်သူဘယ်ဝါတွေ ဖြစ်လာတယ်
ဘာသာစကားမဲ့ စာချုပ်တစ်ခုလိုဖြစ်လာတယ်
ကျေးလက်လပြည့်ည ကောက်ရိုးပုံမှသည် နယ်ပယ်သစ်များ
မြို့ပြဗီဇ ကူးလူးစမ်းသပ်ဖွံ့ဖြိုးမှုများ . . . . .
ခရီးသွားခြင်းဟာ
ခရီးကို တစ်ပါတည်းပြုလုပ်တယ်
မင်းဟာ ငါ့ကို တစ်စိပ်စား ငါဟာ မင်းကို တစ်ပိုင်းသောက်ခဲ့တယ်
သစ်တော်သီးနဲ့ ပန်းသီး ဘယ်နိမိတ်ပုံမှာ ဘယ်သူပိုရွှမ်း/ရွှန်း
ဝန်ထုပ်ဝန်ပိုးလို
အထုပ်လေးကို
ကြည်ကြည်သာသာဖြည်လိုက်ကြရုံသာ
ရက်ရက်စက်စက် အာရုံတစ်ခုမက်မက် မောမော မျဉ်းကျော်မဏ္ဍပ်
ဆုံဖြစ်အောင်ဆုံလိုက်ကြတဲ့ မျက်လုံးဝင်ရိုး အထားအသို
ဘေးဖယ်ထုတ်ခံခဲ့ရမှုတွေ အများကြီး သုံးစွဲလိုက်ရတယ်
မင်းလည်းမှန်ထဲမှာ မင်းကို မင်းမကြည့်မိအောင်
ငါလည်း မင်းထဲမှာ ငါ့ကို ငါမရှောင်မိအောင်
အရိုးသားဆုံး အစဉ်အလာရဲ့ စာသား
ဒီဂရီတူ (နီးပါး) အနက်ကောက် (တည်ဆောက်)
သဒ္ဒါသစ်ထဲ တောတိုးခဲ့ကြတယ်
အလိုပါ ပါဝါကျင့်သုံးမှု ၊ ကိုယ့်နာမည်ကိုယ်ပြန်ရေးခဲ့ကြတဲ့
ဖိတ်စာ အိပ်နေတဲ့ စိတ်ထဲမှာ အချိန်ပြည့် နိုးနေတဲ့ အာရုံ
အဲဒီစူးရှ ရနံ့ရောထဲ မြေပုံဖြစ်လာတော့မယ့် ဟန်လူမှုဘဝ
(အ)ကတိုက် ကရိုက်ပြဇာတ်မှာ ဇာတ်ကွက် မထင်ရှားတာ
ဘာကန့်လန့်ကာရဲ့ ဖရိမ်တွေ
စိတ္တဇီဝဗေဒရဲ့ လိုအပ်ချက်တစ်ခုလို
ငါတို့ အပြန်အလှန်တွင်တွင် ပြုလုပ်ဖွဲ့စည်းခဲ့ကြတယ်
အလွမ်းရဲ့ လမ်းဟာ
ပန်းတိုင်ဆိုရင်ပေါ့
အာရုံများဖွဲ့စပ်ရာ ဆက်စပ်ဝန်းကျင်ပြင်ညီဟာ
ဟိုးအဝေးကနေ မင်းရဲ့ ပါရာဒိုင်းအရွေ့ ငေးကြည့်နေရှာရော့မယ်
အဲသလို အထားအသိုထဲ တရွေ့ရွေ့
တက်လာကြတဲ့ လပြည့်ဝန်းတွေ သတ်မှတ်ချက်
ကောင်းကင်မှာ ဒွိယံ ပျံသန်းသွားကြတဲ့ သိင်္ဃာရ သင်္ကေတတွေ ။ ။
ဇေယျာလင်း
9 – Oct – 12