Kay Boyle (Photo: Man Ray 1931)

ကေ ဘွိုင်းလ်

[…] တစ်ခါတုန်းက တစ်ယောက်ယောက်
ကျွန်မဘက်လှည့်ပြီး အသံတိုးတိုးနဲ့ [အခန်းထဲမှာ အခြားသူတွေလည်း
ရှိနေကြတဲ့အတွက်] ကပ်ပြောတယ်
မင်းရဲ့ အမြင်ထဲရောက်လာတဲ့ ၀ီလျံကားလော့စ် ၀ီလျမ်းစ်အာရုံဟာ
အချစ်ကလွဲလို့ အခြားဘယ်မြတ်နိုးမှု အမည်မှ မဖြစ်နိုင်ဘူး
. . . . . . . . . . . အခု ၊
အဲဒီတုန်းကလိုပဲပေါ့ ၊ ဘယ်စာအုပ်မှ ကျွန်မရေးလို့မရတော့ဘူး
ရှင်ဟာ ကျွန်မနဲ့ မရှိရင်ပေါ့။ ရှင်ဟာ ထာဝစဉ်ပဲ ကျွန်မရဲ့
နိုက်တင်ဂေးလ် ၊ ဘေ့စ်ဘော ၀ါသနာရှင် ၊ ကျွန်မရဲ့ စိတ်ကူးအာရုံတွေရဲ့
စာကြည့်တိုက်မှူး ၊
နေရောင်ထဲ ရွေ့လျားနေတဲ့ လှေကားပေါ်မှာ နေသားတကျ ၊ ဟန်မပျက်။

အမေရိကန် ၀တ္ထုရေးဆရာမ ၊အက်ဆေးဆရာမ ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Kay Boyle ကေ ဘွိုင်းလ်ဖြစ်ပါတယ်။ ဟဲမင်း (ဂ်) ဝေးနဲ့ အပ်(ပ်)ဒိုက်(က်)တို့ကိုလူတွေက ၀တ္ထုရေးဆရာတွေ အဖြစ်ပဲသိကြတယ်။ သူတို့ဟာ ကဗျာဆရာတွေလည်းဖြစ်တယ်ဆိုတာ မသိကြဘူး။ ထို့အတူ ၊ သူမ။ ပထမ ကမ္ဘာစစ်အပြီး အမေရိကန် လူငယ်စာရေးဆရာတွေ ၊ ကဗျာဆရာတွေ ၊ ပန်းချီဆရာတွေဟာ ပါရီမြို့မှာ သွားစုကြတယ်။ modernism ရဲ့ အရှိန်အဟုန်ကြီးနေတဲ့ ကာလနဲ့ ဒေသ။ ဂါးထရု (ဒ်) စတိုင်း(န်)ဟာ ဟဲမင်း(ဂ်)ဝေးကို ၀တ္ထု ရေးတဲ့ နေရာမှာ ၀ါကျကို ပုံမှန်မသုံးပဲ ဘယ်လို ချိုးဖျက်ရမယ်လို့ သင်ပေးပြီးပြောလိုက်သေးတယ် ၊ `မင်းတို့ဟာ ပျောက်ဆုံးမျိုးဆက်ပဲ´ တဲ့။ အဲဒီတုန်းက အမေရိကန်ဟာ တောဆန်နေသေးတယ်။ ဥရောပမှာလို အနုပညာဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘူး။ modernism ကို ပြစ်တင်ရှုတ်ချကဲ့ရဲ့ နေကြတုန်း။ အမေရိကန်သားနှစ်ယောက်ဖြစ်တဲ့ အက်ဇရာပေါင်းန်ဒ်နဲ့ တီအက်စ် အဲလိယစ်တ်တို့ဟာ အမေရိကန် `တော´ကနေ ဥရောပ(အင်္ဂလန် ၊ ပြင်သစ်) `မြို့´ပေါ်ရောက်လာကြပြီး modernism ကိုဖန်တီးနေကြတဲ့အချိန်။ ဘိုင်းလ်လည်း ပါရီ ရောက်ပြီး စာပေအနုပညာသစ်ဖန်တီးရေးလှုပ်ရှားမှုမှာ ခြေစုံပစ်ဝင်လိုက်ခဲ့တယ်။ ၂၀ ရာစုရဲ့ ၂၀ ခုနှစ်တွေပေါ့။
“ကျွန်မမှာ ကဗျာကလွဲလို့ ဘာသာရေး ယုံကြည်မှု တစ်ခုမှမရှိဘူး။ ပိုး ၊ ၀ှစ်တ်မင်းန် ၊ နဲ့ ၀ီလျံကားလော့စ် ၀ီးလျမ်းစ်တို့ကို အမေရိကရဲ့ တမန်တော်တွေအဖြစ် ကျွန်မ အသိအမှတ်ပြုတယ်´´လို့ ၁၉၃၁ မှာ ဘွိုင်းလ် တရားဝင်ရေးသားထုတ်ဖေါ်ခဲ့တယ်။
ဘွိုင်းလ်ရဲ့ ကဗျာအကြောင်းရေးသားကြတဲ့ စပါနီယာနဲ့ ၀ဂ္ဂနာ – မာတင်တို့ဟာ သူမရဲ့ ကဗျာနဲ့ ပတ်သက်လို့ `လစ်ရစ်က်´လို့ မသုံးမိအောင် ရှောင်ကျဉ်ကြတယ်။ သူမရဲ့ ကဗျာဘ၀အစမှာ သူမကို ကဗျာဘက် အာရုံစူးစိုက်စေတာဟာ ဘာသာစကားရဲ့ လိုရာ ပုံသွင်းလို့ ရစေတဲ့ ပျော့ပျောင်းမှုပဲ။ ကဗျာဟာ သူမကို innovative word artistry ဆန်းသစ်တီထွင်တဲ့ စကားလုံး အနုပညာစွမ်းရည်/ လက်ရာတို့ကို ဖန်တီးဖို့ အခွင့်အလမ်းတွေပေးခဲ့တယ်။ အဲဒီတုန်းက ဒါဒါဝါဒကလည်း ပြောခဲ့ပြီးပြီ ၊ စကားလုံးအားဖြင့် ဆက်သွယ်ဆက် ဆံကြတဲ့ နေရာမှာ အဲဒီ ဆက်သွယ်မှုဟာ အမြဲမထိရောက်နိုင်ဘူးဆိုတာ။ ဘွိုင်းလ်ကိုယ်တိုင်ဟာ ဒီဒါဒါရဲ့ revolution of the word `စကားလုံး (ဝေါဟာရ) ရဲ့ တော်လှန်ရေး´မှာ တက်တက်ကြွကြွပါဝင် လှုပ်ရှားခဲ့တယ်။ ၁၉၂၉ ခုနှစ်ထုတ် transition မဂ္ဂဇင်း အမှတ် ၁၆/၁၇ မှာ ဟောသည်လို ကြေညာချက်ပါရှိခဲ့ပါတယ်။

ရိုးအီနေတဲ့ စကားလုံးတွေ ၊ ပျင်းရိဘွယ်ဝါကျဖွဲ့စည်းမှု။ ငြိမ်သက်နေတဲ့ စိတ်ပညာ ၊
သရုပ်ဖေါ်သဘာဝ ၀ါဒ တွေရဲ့ ဖိစီးအောက်မှာ ရေးသားနေကြတဲ့ ၀တ္ထုတို ၊ ၀တ္ထုရှည်၊
ကဗျာနဲ့ ပြဇာတ်တွေ ၊ နဲ့ ရှုထောင့် တစ်ခုခုကို ဖွဲ့စည်း ယူလိုမှုတွေကို
စိတ်ကုန်လာလို့ . . . ဒီနေရာမှာ မိမိတို့ ကြေညာလိုက်တယ် . . .
ပြာဋ္ဌာန်းစာအုပ်တွေ ၊ အဘိဓါန်တွေက စာပေအနုပညာဖန်တီးသူပေါ် ပြဋ္ဌာန်းထားတဲ့
အခြေခံ ပစ္စည်းဖြစ်တဲ့ စကားလုံးတွေကို စာပေအနုပညာ ဖန်တီးသူဟာ အစိတ်စိတ်
အမွှာမွှာ ဖြိုခွဲဖျက်ဆီးခွင့်ရှိတယ်။ . . . [. . . ပြီး . . . ] ပလိန်းစာဖတ်သူကို
ခေါင်းထဲထည့် စဉ်းစားစရာမလိုဘူး။

အကြောင်းကိစ္စတစ်ခုခုရဲ့ ဗဟိုချက် တည့်တည့်ကို ထိမှန်နိုင်စေတဲ့ ကဗျာရဲ့ စွမ်းပကားဟာ ဘယ်ကလာသလဲ။ epigrammatic brevity ထူးခြားထိရောက်တဲ့ အဆိုအမိန့်တစ်ခုကို တိုတိုတိတိဖေါ်ပြချက် ။ ကဗျာဘာသာစကားဟာ အဆုံးစွန် ဆွဲဆန့် နိုင်အားရောက်တဲ့အထိ ကိုင်တွယ်သုံးစွဲလိုက်တဲ့ ဘာသာစကားပဲဖြစ်တယ်။ သုံးရိုးသုံးစဉ် ဘာသာစကားကို သိပ်သည်းကျစ်လျစ်အောင် ပြုလုပ်တာဖြစ်တယ်။ ကဗျာ သင်စဘ၀မှာ ဘွိုင်းလ်ဟာ လစ်ရစ်က် (ကဗျာ)ဆန်တဲ့ အပိုဒ်တွေကို စကားပြေ ကြေညာချက်စာသားတွေနဲ့ ရောမွှေသုံးစွဲတဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ သူမရဲ့ အစောပိုင်းဝတ္ထုတွေမှာ သူမရဲ့ ကဗျာ voice ကိုတွေ့နေရပြီလေ။ ဥပမာထုတ်ပြ ရရင် ၁၉၂၅ မှာ ရေးခဲ့တဲ့ Process `ဖြစ်စဉ်´ (၂၀၀၁ မှာ ပုံနှိပ် ထုတ်ဝေခဲ့) နဲ့ Plagued by Nightingales `နိုင်တင်ဂေးလ်တို့ရဲ့အနှိပ် စက်ခံ´ (၁၉၃၁) တို့ဖြစ်ကြပါတယ်။ Process မှာဆိုရင် အစဉ်အလာဝါကျဖွဲ့စည်းမှုကို စိတ်ဝင်စားဘွယ် ချိုးဖျက်ထားတာတွေ တွေ့ရ ပါတယ်။ ဥပမာ ––

Twang of the switchboard hummed the heat
လျှပ်စစ်ခလုတ်ခုံရဲ့ တင်းနေတဲ့ ကြိုးပြတ်သံဟာ အပူရှိန်ကို တစီစီမြည်လိုက်တယ်

၁၉၉၂ မှာ မကွယ်လွန်မီ ဘွိုင်းလ်ဟာ စာပေအနုပညာလောကရဲ့ ချီးမွမ်းမှုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ခေတ်ပြိုင် modernist တွေလောက်တော့ အသိအမှတ်ပြု မခံခဲ့ရပါဘူး။ သူမရဲ့ အစောပိုင်းစကားပြေနဲ့ ကဗျာဟန်ကို painterly ပန်းချီဆန်တယ်လို့ စာပေပညာရှင် ချားလ်စ် အော်လ်တီယာရီက သတ်မှတ်ခဲ့ပါတယ်။ synaesthetic potential ဆင်နက်စ်သီးစီးယား (အကြားအာရုံကို `မြင်´တာ ၊ အမြင်အာရုံကို `အနံ့´ ရတာ ၊ အနံ့အာရုံကို ပါးစပ်ထဲမှာ အရသာတစ်ခုအဖြစ်ရရှိတာ စသဖြင့်)ရဲ့ အစွမ်း သတ္တိတွေ သုံးစွဲထားတာတွေ့ရတယ်လို့ပြောပါတယ်။ အထက်ပါ ဥပမာ ၀ါကျကိုပဲ ကြည့်ပါ။ ဒီလို ဆင်နက်စ်သီး စီးယား အာရုံဘယ်က ရသလဲ။

အမေရိကန်နိုင်ငံမှာ ပထမဆုံးပြသခဲ့တဲ့ ဥရောပ modern ပန်းချီပြပွဲကို နျူးယောက်မြို့မှာ ပြသခဲ့တာဖြစ်ပါတယ်။ ၁၉၁၃။ Armory Show ။ အာမရီ အဆောက်အအုံမှာ ပြသခဲ့တာပါ။ အဲဒီပန်းချီပြပွဲကို ဘွိုင်းလ်ရဲ့ အမေဟာ ဘွိုင်းလ်ကို ခေါ်သွားပြီး ပြသခဲ့ ပါတယ်။ အဲဒီတုန်းက ဘွိုင်းလ်က ၁၁ နှစ်ပဲ ရှိသေးတယ်။ ဒူရှော့မ်ပ်ရဲ့ Nude Descending a Staircase `လှေကားထစ်အတိုင်း ဆင်းလာနေတဲ့ ၀တ်လစ်စလစ်မယ်´ ပန်းချီကားဟာ ဘွိုင်းလ်ကို အနုပညာမျက်စိဖွင့်ပေးခဲ့ပါတယ်။ ၁၉၂၂ မှာ ဘွိုင်းလ်ဟာ စင်စီ နက်တီကနေ နျူးယောက်မြို့တော်ကြီးကို ရောက်ရှိလာပြီး Broom မဂ္ဂဇင်းမှာ အယ်ဒီတာရဲ့ လက်ထောက်အဖြစ်ဝင်လုပ်ခဲ့ပါတယ်။ မဂ္ဂဇင်းလောကထဲ ပထမဆုံး အကြိမ်ရောက်လာပြီး စာပေလောကထဲ ခြေချလိုက်တဲ့ အချိန်ဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်တွေကစပြီး ဆယ်စု နှစ်တစ်ခုစီမှာ လုံးချင်းဝတ္ထုစာအုပ်တစ်အုပ်စီထွက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအနေနဲ့ ဖက်ဆစ်ဝါဒ ၊ နိုင်ငံ တော်ရဲ့ အာဏာပါဝါ ၊ ယဉ်ကျေးမှု ကို့ဒ်တွေရဲ့ တသီးပုဂ္ဂလလူသားပေါ်ပုံသွင်း ပြဋ္ဌာန်းမှု ၊ ဗီယက်နမ်စစ်ပွဲ စသည်တို့ကို ကန့်ကွက်ခဲ့ပြီး လိင်သာတူညီမျှမှု ၊ ဒါဒါဝါဒနဲ့ Amnesty International တို့ကို တက်တက်ကြွကြွ ထောက်ခံအားပေးခဲ့ပါတယ်။

ဝီလျံကားလော့စ်ဝီးလျမ်းစ်ဟာ ဘွိုင်းလ်ကို တော်တော်လွှမ်းမိုးခဲ့တာဖြစ်ပါတယ်။ ၁၉၂၆ မှာ ရေးသားတဲ့ `Career´နဲ့ ‘Hunt’ ဆိုတဲ့ ကဗျာတွေမှာ သိသိသာသာ ထင်ရှားပါတယ်။ Line fragments ၀ါကျအပိုင်းအစပဲဖြစ်တဲ့လိုင်း ၊ အဲဒီလိုင်းကို space ခြားပုံ ၊ စတာ တွေ တွေ့ရပါတယ်။ ပထမကဗျာမှာ တွေ့ရတာက ––

ငါဟာ လမ်းသစ်ကို ဖွေရှာဖို့လုပ်မယ်
ရေကို ချိုးပြီး ယပ်တောင်လုပ်မယ်
ကန္တာရကို အေးစက်နေအောင်လုပ်မယ်
နွားတွေကို မီးပြင်းတံဆိပ်ရိုက် မြင်းရိုင်းတွေကို
ယဉ်ပါးအောင် လိုက်ချိုး
ဒူးခေါင်းရဲ့ သွေးခုန်နှုန်းနဲ့

(မှတ်ချက်။ မြန်မာဘာသာပြန်မှာ သိပ်မပေါ်လွင်သလိုပဲ။ ရသလောက်ပေါ့။)

ဘွိုင်းလ်ရဲ့ ပုဂ္ဂိုလ်ရေးဘ၀ကတော့ ရှုပ်ထွေးပါတယ်။ အိမ်ထောင်အဆက်ဆက် ၊ သားသမီးအဆက်ဆက်နဲ့။ နိုင်ငံရပ်ခြားသွား လာနေထိုင်မှုတွေနဲ့။ ဒါတွေထက် အရေးကြီးတာက ဘွိုင်းလ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေပါပဲ။ သူမဘ၀မှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖက် ဆစ်ဝါဒ ၊ နာဇီဝါဒ စတဲ့ ဥရောပ အာဏာရှင်စနစ်တွေ ၊ အလုပ်သမား သမဂ္ဂ လှုပ်ရှားမှုတွေ ၊ စစ်ဆန့်ကျင်ရေးတွေဟာ သူမရဲ့ ကဗျာ တွေထဲလည်းရောက်ရှိခဲ့ပါတယ်။ သူမကို Political writer လို့တောင်ခေါ်လို့ရပါတယ်။ ဒါပေမယ့် ဘွိုင်းကိုယ်တိုင်ဟာ နိုင်ငံရေးကြောင့် ကဗျာရေးတယ်လို့ ပြောလည်းမပြော ၊ လက်လည်းမခံခဲ့ပါဘူး။ စာပေရေးသားပြုလုပ်လိုခြင်း ဆန္ဒဟာ နိုင်ငံရေးလှုပ်ရှားမှုထက် ပိုရှေ့ ရောက်ပါတယ်။ စာပေကို နိုင်ငံရေးထက် ပိုဦးစားပေးခဲ့ပါတယ်။ နိုင်ငံရေးလက်အောက်ခံစာပေ မဟုတ်ပါဘူး။ နိုင်ငံရေးကိစ္စတွေ ပါဝင် တဲ့စာပေပါ။

တီအက်စ် အဲလိယစ်တ်ရဲ့ ကျော်ကြားတဲ့ ‘Tradition and the Individual Talent’ အက်ဆေးထဲမှာ ကဗျာကို `an escape from emotion´ `emotion ကနေလွတ်မြောက်မှု´လို့ပါရှိပါတယ်။ သူပြောခဲ့တာကို ပြန်ပြောရရင် `ကဗျာဆရာရဲ့ အလုပ် the business of the poet ဟာ သာမန် emotion တွေယူပြီး ကဗျာဖြစ်လာအောင် တဖြေးဖြေးပြုလုပ်ရင်းနဲ့ နဂို emotion (တွေ) ထဲမှာ လုံးလုံးမပါဝင်တဲ့ feeling တွေကိုဖေါ်ပြဖို့ဖြစ်တယ်´။ အဲလိယစ်တ်ဟာ feeling နဲ့ emotion ကို ခွဲပြခဲ့ပါတယ်။ ကဗျာရေးသူမှာဖြစ်တဲ့ emotion ကနေပဲ ကဗျာထဲမှာ feeling ရရှိအောင် လုပ်ယူရတာဖြစ်ပါတယ်။ နောက်တစ်ခုက ပုဂ္ဂလိက ခံစားမှုကို emotion ၊ လောက လူ့အဖွဲ့အစည်းဆိုင်ရာ ခံစားမှုကို feeling လို့လည်းခွဲခြားလိုဟန်ရှိပါတယ်။ art and world အနုပညာနဲ့ ကမ္ဘာလောက ၊ personal emotion and feeling for a cause ပုဂ္ဂလိက ခံစားမှုနဲ့ အကြောင်း/အရေးကိစ္စတစ်ခုခုပေါ်ခံစားမှုရှိတာ တို့ကို အဲလိယစ်တ်က မမေ့ လျော့တာဖြစ်ပါတယ်။ ဒီ emotion နဲ့ feeling ကြားမှာ ကွဲပြားခြားနားတဲ့ နိုင်ငံရေးအကျိုးရလာဒ်တို့ ရနိုင်ချေတွေရှိပါတယ်။ ဘွိုင်းလ်ရဲ့ ကဗျာတွေကို ကြည့်ရင် လက်ဝဲဘက်ယိမ်းတယ်လို့ထင်ရပါလိမ့်မယ်။ အထူးသဖြင့် သူမရဲ့ ကဗျာတွေထဲမှာ လူမှုကိစ္စတွေကို feeling နဲ့ ရေးတဲ့အခါ။ ဒါပေမယ့် ဘွိုင်းလ်ဦးစားပေးခဲ့တာဟာ wordcraft စကားလုံးသုံးစွဲမှု အတတ်ပညာပါ။ အဲဒီအတတ်ပညာနဲ့ပဲ သူမရဲ့ ခေတ်ပြိုင်တွေနဲ့ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုကျွန်တော်တို့ဟာ modernism အစ (၁၉၁၂) နဲ့ ရာစုတစ်ခုခြားခဲ့ပါပြီ။ ဒီလို ရာစုနှစ် တစ်ခုခြားခဲ့တဲ့အတွက်လည်း modernist ကဗျာဆရာတွေရဲ့ အမျိုးမျိုးအစားစား ကွဲပြားကြတဲ့ အနုပညာ ၊ နိုင်ငံရေး ၊ လူမှုရေး အမြင်တွေပါရှိနေကြတဲ့ သူတို့ရဲ့ ကဗျာ တွေကို ပိုပြီး ပြည့်ပြည့်စုံစုံ ခံစားလို့ရပါတယ်။ ကဗျာအနုပညာနဲ့ လက်တွေ့ဘ၀တို့ရဲ့ ဆက်နွယ်မှုကို အရေးတယူထားရှိခဲ့တဲ့ ဘွိုင်းလ် ဟာ နောက်ပိုင်း modernism ရဲ့ ရသဗေဒမှေးမှိန်သွားတဲ့ အထိသူမရဲ့ ကဗျာယုံကြည်မှုကို ဆက်လက်ထိမ်းသိမ်းသွားခဲ့တာ သူမရဲ့ ကဗျာတွေကနေ သိရှိရပါတယ်။ သူမဟာ အမေရိကန် လူမျိုးပေမယ့် နိုင်ငံတက အမြင်ရှိတဲ့ cosmopolitan ဖြစ်ခြင်းကို တမင်ရွေးချယ် လက်ခံခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ကဗျာထဲမှာ တွေ့ရှိရသလိုပါပဲ ––

လူတွေဟာ
သူတို့ရဲ့ ဇာတိမြေရာသီဥတုတွေလိုပဲ ကွာခြားကြပါတယ်။
– – – – – – – – – – – – – – – – – – – – အချို့မှာတော့
ပျားလပို့ဟာ သွေးလွှတ်ကြောလို မာကြောသွားခဲ့တယ်။ ဒါပေမယ့်
အချို့မှာ အဲသလို မဟုတ်ဘူး။ သူတို့ရဲ့ တည်ရှိမှု ကိုယ်တိုင်ဟာ
နယ်ခြားမျဉ်းကို ဖေါ်ပြနေတာဖြစ်တယ် ၊ ကြိုတင်သတ်မှတ်ထားခြင်း
မရှိတဲ့ နေရာတစ်ခု ၊ ဘ၀မှာညအချိန်မတော်ပဲ ဖြစ်ဖြစ်
တစ်ယောက်တည်း ရောက်ရှိလာပြီး ကျော်ဖြတ်လိုက်ရတာ
ဘယ်လောက်ပဲကြောက်နေရင်တောင်မှ။

ဇေယျာလင်း
6 – Oct – 12

မှတ်ချက်။     ။ The Wolf မဂ္ဂဇင်း (ed . James Byrne) အမှတ် ၂၆ ၊ စပရင်း ၂၀၁၂ ၊ မှာဖေါ်ပြပါရှိတဲ့ Kay Boyle အကြောင်း Thomas Austenfeld ရေးသားတဲ့ ဆောင်းပါးမှ အချက်အလက်များကို ယူငင်ရေးသားခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>