အကယ်၍ တစ်နေ့တာတွေ့ကြုံခံစားမှုတွေကို ညမအိပ်ခင်
နောက်ကြောင်းပြန်ဆန်ခါတင် အရည်ရွှင်ရွှင်ပွတ်သပ်ပြီး
အရသာရှိရှိ အပျော်ရွှင်ခဲ့ရဆုံးဟာ ဘာလဲလို့ မြှူကြည့်ရင်
ဥပမာ ၊ ငွေကြေးအချပ်ကြီး အချပ်သေးတွေ ကြီးစဉ်ငယ်လိုက်
စီရမယ်ဆိုရင် ဘယ်ဟာ အကြီးဆုံးအချပ်ဖြစ်မလဲ ––
ငွေဟာ မကောင်းမှုရဲ့ ဇာစ်မြစ် ဒုစရိုက်ရဲ့ မိခင်
ယောက်ျားလေးတွေ ငွေရှိရင် ပျက်ဆီးပြီး မိန်းကလေးတွေ
ငွေမရှိရင် ပျက်ဆီးတယ် ငွေဟာ ပျော်ရွှင်မှုကို ၀ယ်လို့မရဘူး
ငွေဟာ ကမ္ဘာကြီးကို လည်ပတ်စေတယ် ငွေမရှိရင် အချစ်
မရှိဘူး ငွေနဲ့ အချစ်ကိုဝယ်လို့မရဘူး ငွေကျွန်ဖြစ်မယ့်အစား
အချစ်ရဲ့ ကျေးကျွန်ပဲဖြစ်ချင်တယ် ကိုယ့်အရှက်နဲ့ သိက္ခာ
ငွေနဲ့ဘယ်တော့မှ မလဲဘူး ဘယ်သူမဆိုဟာ သူ့တန်ဘိုးနဲ့သူ
တန်ဘိုးနဲ့ ကိုက်ညီတဲ့ ငွေသားရှိရင် ဘယ်သူမဆိုကို ၀ယ်လို့ရ
ငွေသာလျှင် အမိ ငွေသာလျှင် အဖ မရှိလို့ မလှူ မလှူလို့မရှိ
ငွေရှင်ကြေးရှင်တို့ရဲ့ အာဏာနဲ့ အမှန်တရားငွေများငွေနိုင်
ငွေရှိမှ လူရာဝင်တယ် သုံးစရာမရှိရင် သိပ်စိတ်အားငယ်တာပဲ
ငွေထားရာနေ ငွေစေရာသွား ငွေများတရားနိုင် ငွေအားခါးကိုင်
ပြဒါးသေ တစ်ပြည်ဝ ငွေဟာ တစ်ပြည်လုံးကို စားပစ်လိုက်တယ်
ငွေရဲ့ သားသတ်ရုံတွေ ငွေရဲ့ သွေးလူး လှေခါးထစ်တွေ ငွေရဲ့ တန်ပြန်
တော်လှန်ရေးတွေ ရေနံဈေးကွက်မှာ နိုင်ငံရေးတန်ဘိုးလဲလှယ်နှုန်း
ပြည်သူကို မီးထိုးပြငွေသား အမှောင်ချငွေမှာ ဒီမိုကရေစီမရှိဘူး
ဆင်းရဲသားမြို့မှာ ချမ်းသာမှုဒဏ် ဝေမျှခံစားလို ငွေရဲ့ အနံ့မှာ
ထွန့်ထွန့်လူး ငွေတွန်သံကြားရင် ကာမမီးတစ်ခုလို တဖြန်းဖြန်း
`ငွေရဲ့ အလှသဘာဝကို စကားလုံး ၂၅၀ ထက် မနည်းဖေါ်ပြပါ´
ဒို့လိုငွေအရေးသုံးပါး ဒို့ငွေဒို့မြို့တော် ဒို့ပါတီ ဒို့အစိုးရ
မြွေပေါက်တစ်ချက်တည်း ငွေပေါက်တစ်ဆွေလုံး ငြိမ်ဝပ်ပိ
`ပြား´တစ်ရာ= တစ်ကျပ်တည်း တရုပ်တွေ စက္ကူငွေ ရှို့သလို
ငွေမစင်တွင်းနက်ထဲ ရွှေစင်ဆင်းသက်ရတော့မယ် . . ဩော်
အဖေပင် အတင်းတွန်းထိုးနေလေတော့ ငွေရဲ့ သီအိုရီမှာ
သက်သေပြချက်ဟာ ငွေပဲဖြစ်တယ် ရှင်ကျွန်မကို နမ်းတာ
ငါးစိမ်းသည် ဈေးဦးပေါက် ငွေသား ငါးဘန်းကို တဖျပ်ဖျပ်
ပုတ်သလို အပျိုရည်အသက် ငွေစက္ကူ ဘယ်နှရွက် ငွေငွေချင်း
ခြေမြင် ငွေမြင် လင်လုပ် ငွေ့သတင်း ငွေချင်းဆောင် ဆိုက္ကလုံးကို
မုန်းတယ် ငွေကလုန်းကို ချစ်တယ် `ငွေဟာ ကဗျာတစ်မျိုးပဲ´
`ဆန်တစ်ပြည် ဘယ်နှကျပ် ဘယ်သူ့ခေါင်းကိုဖြတ်´ တစ်ကိုယ်လုံး
စိန်စီထားချင်တယ် အသပြာဂြိုလ်သား . . . . –––
ဘယ်ပျော်ရွှင်မှုဟာ အချပ်ကြီးလဲ ညနေက ကိုင်ခဲ့ရတဲ့ ကျပ်
တစ်သောင်းတန် အသစ်စက်စက် မာမာ ကျွပ်ကျွပ် အနံ့စူးစူး
ဒီနေ့မှာ အခံစားရဆုံးပါပဲ။ အားးးးးးးးးးးးး။ ။
ဇေယျာလင်း
5 – Oct – 12