၂၈ ဇန္န၀ါရီ ၂၀၀၁ ၊ အရီဇိုးနားပြည်နယ် ၊ တူဆော်န်မြို့မှာရှိတဲ့ စီန့်ဖစ်လစ်ပ်ဘုရှားရှိခိုးကျောင်းရဲ့ စတိုခန်း / စာကြည့်ခန်းမှာ အမေရိကန်ကဗျာဆရာ ဂျက္ကဆင်န် မက္ကလိုး Jackson Mac Low ဟာ “Making Poetry Otherwise” (`ကဗျာကိုလုပ်ရိုးလုပ်စဉ်မှ လွဲ၍ `အခြားတစ်နည်းနည်း´ အားဖြင့်ပြုလုပ်ခြင်း´) ခေါင်းစဉ်နဲ့ဟောပြောခဲ့ပြီးတဲ့နောက် ပွဲအပြီးမှာ ပရိသတ်နဲ့ အမေးအဖြေတွေလုပ် ခဲ့ပါတယ်။ အဲဒီအမေးအဖြေတွေထဲက ကျွန်တော်စိတ်ဝင်စားတဲ့ အချက်လေးတွေ ကောက်နှုတ်တင်ပြတာပဲဖြစ်ပါတယ်။ ကျွန်တော် စိတ်ဝင်စားတဲ့ အရာတိုင်းကို စာဖတ်သူလည်း စိတ်ဝင်စားမယ်လို့ တိတိကျကျမပြောနိုင်ပေမယ့် (နို့ ၊ `စာဖတ်သူ´ဆိုတာ ဘာကိုပြော တာလဲ ၊ ဘယ်သူ့ကိုပြောတာလဲ ၊ ဘာစာလဲ ၊ ဘယ်လိုဖတ်တာလဲ) အဲဒီစကြ၀ဠာကြီးထဲမှာ ကျွန်တော်စိတ်ဝင်စားတာတွေနဲ့ စိတ်ဝင်စား မှုတူကောင်းတူမယ့် တစ်ယောက်ယောက်ဆီ လှမ်းလွှတ်လိုက်တာပဲဖြစ်ပါတယ်။
၁။ မေး။ ခင်္ဗျားအရေးအသား/ကဗျာတွေကိုယ်တိုင်မှာ ခင်္ဗျားစိတ်ဝင်စားတာတွေဘာရှိသလဲ။
ဖြေ။ အဲဒါကျွန်တော်စကားလုံးနဲ့ မပြောတတ်ဘူးဗျ။ တစ်ချိန်ချိန်မှာတော့ ပြောတတ်လာမယ်ထင်တာပဲ ၊ ဒါပေမယ့် ကျွန်တော် တွေ့ရှိရတဲ့ စိတ်ဝင်စားစရာဟာ `စိတ်ဝင်စားစရာ´ဟုတ်ချင်မှဟုတ်မယ်(ပြောပြီးရယ်မော)။ စိတ်ဝင်စားစရာဆိုလို့လည်း တစ် ခါတစ်လေ အဲသလိုပဲဖြစ်လာတာဗျ။ ကျွန်တော်က ကိုယ့်ကိုကိုယ်အလုပ်ပေးလိုက်တယ်လေ ၊ ၀ါကျတွေတည်ဆောက်ကြည့် တာပါပဲ။ နောက်ဆက်စကားလုံး suffix တွေပြောင်းကြည့်မယ် ၊ အထောက်အကူစကားလုံးတွေ helping words တွေဖြည့် ကြည့်မယ် ၊ ဒါမှမဟုတ် အဲဒီအထောက်အကူစကားလုံးတွေကို ပြောင်းကြည့်မယ် ၊ စကားလုံးတွေရဲ့ ရှေ့နောက်အစီအစဉ် တွေပြောင်းကြည့်မယ်။ အဲဒါတွေပေါ့။ ဆိုလိုတာက ကျွန်တော့်စိတ်ထဲ ဟပ်စပ်တယ် ၊ ကျွန်တော်အကြိုက်တွေ့တယ် ၊ အရ သာတွေ့တယ် ၊ နှစ်သက်တဲ့သဘောပေါ့။ အဲဒါကို စကားလုံးနဲ့ ရင်းအောင် ဘယ်လိုပြောရမလဲ။
စိတ်ပညာမှာတော့ Liminal choices လို့ခေါ်တာသိရပါတယ်။ အာရုံသိမှု အစပ်မှာ ပြုလုပ်တဲ့ ရွေးချယ်မှုတွေပေါ့။ သိထားတာ၊ တတ်ထားတာတွေနဲ့ ရွေးတာလည်းမဟုတ်ဘူး။ John Cage စာရေးသလို ၊ ဂီတဖန်တီးသလိုပေါ့။ သိမှုသက်သက်မဟုတ်ဘူး။ ရွေးချယ်သုံးစွဲတဲ့အရာရော ၊ အဲဒီရွေးချယ်သုံးစွဲမှုဖြစ်စဉ်ကိုယ်နှိုက်က အာရုံသိမှုအစပ်မှာဖြစ်တာ။ စိတ်မသိ-သသိနယ်လို့ ဆိုမ လားပဲ။ စိတ်ကလာတာတော့ ဟုတ်တာပေါ့။ ပြီး ၊ စိတ်ဟာအမြဲရွေးချယ်မှု တစ်ခုမဟုတ်တစ်ခုပြုလုပ်နေတာ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ရုတ်ချည်းရွေးချယ်ဆုံးဖြတ်လိုက်တဲ့ ကိစ္စမျိုးတွေရှိမယ်ထင်ပါတယ်။ အဲဒီမှာ မြင်လိုက်တယ် ၊ ပြုလိုက်တယ် ၊ ပြုပြီးမပြင်ချင်တော့ဘူး ၊ သူ့အတိုင်းထားလိုက်တယ်။ လိုင်းခွဲတာတို့ ၊ စာလုံးကြီးတပ်တာတို့ ဘာတို့တော့ လုပ်တာပေါ့ဗျာ။ ဒါပေမယ့် အဲဒီအတိုင်းပဲ ထားလိုက်တယ်။ မပြင်တော့ဘူး။ အချို့ကလည်း ဒါမျိုးကို chance operations လို့လည်းပြောကြ တယ်။ (`ကြုံကြိုက်တိုက်ဆိုင်မှုကြောင့်ပေါ်လာသောအမြင်/အတွေး/စကားလုံးစသည်တို့ကိုပေါ်လာစဉ်ပေါ်လာတဲ့အတိုင်း သုံးစွဲလိုက်ခြင်း´လို့အကြမ်းဖျဉ်းပြောလို့ရမယ်ထင်ပါတယ် – စာရေးသူ)။ ကျွန်တော်ပြောတဲ့ဟာနဲ့ တူချင်လည်းတူ ၊ တူချင်မှ လည်းတူမှာပါ။ ကျွန်တော့်ကဗျာ/အရေးအသားပြုလုပ်ပုံတွေကိုလည်း chance operational လို့ပြောလို့ရတာတွေရှိတာကိုး။
၂။ မေး။ ဘာသာစကားကိစ္စကော။
ဖြေ။ ဘာသာစကားမှာ ဖြစ်ပျက်နေတာက အများကြီးဗျ။ idea အယူအဆတွေထက်ပိုတယ်။ ကမ္ဘာလောကကြီးကို ပြန်လည် သရုပ်ဖေါ်ရေးသားပြောဆိုတာတွေထက် ပိုတယ်။ အဲဒါတွေထက်မက ၊ ဘာသာစကားမှာ ဖြစ်နေတာတွေရှိတယ်ဗျာ။ ဘယ် သီအိုရီနဲ့ ဘယ်လောက်ပဲ ရှင်းရှင်းလင်းလင်းဖေါ်ထုတ်ပြစေဦး ၊ ဘာသာစကားဟာ လွတ်နေဦးမှာပဲ။ သက်ရှိသတ္တ၀ါတစ် ကောင်ကောင် ၊ တစ်ယောက်ယောက်လုပ်တဲ့ ဘယ်အသံမဆိုဟာ အရေးပါတယ်လို့ကျွန်တော်ထင်တယ်။ ဘဲတွေဖြစ်စေ ၊ ကြောင်တွေဖြစ်စေ ၊ ဘယ်တိရိစ္ဆာန်ဖြစ်ဖြစ်။ အရေးပါတယ်။ ဘာသာဗေဒရှုထောင့်ကကြည့်ရင်တော့ အဓိပ္ပါယ်မရှိဘူးပေါ့ ၊ ဒါပေမယ့် ဒီသတ္တ၀ါတွေထဲက ထွက်လာနေတဲ့အရာတွေဟာ expression ရှိတယ်ဗျာ။ တစ်ခုခုဖွင့်ဟဖေါ်ပြနေတာရှိတယ်ဗျာ။ သူတို့ထဲက ဘာပဲထွက်လာထွက်လာ ၊ အဲဒါသူတို့ရဲ့ ဖြစ်တည်ခြင်းရဲ့ အစိပ်အပိုင်းပဲ။ ကျွန်တော့်အနေနဲ့ပြောရရင် ကျွန်တော် လုပ်နေ(ခဲ့) တာတွေဟာ ရှိနေတာတွေကို ရှိနေစေဖို့ပဲ။ ဖြစ်နေတာတွေကို ဖြစ်နေစေဖို့ပဲ။ စကားလုံးတွေ ၊ ဘာသာစကား အပိုင်းအစတွေ ၊ အယူအဆတွေ။ ကျွန်တော့်အတွေးရဲ့ ၀န်ကိုဝင်ထမ်းခိုင်းတာမျိုးမဟုတ်ဘူး။ ကျွန်တော့်ခံစားမှုတို့ ဘာတို့ အတွက်လည်း လုပ်ခိုင်းတာမဟုတ်ဘူး။ ကျွန်တော့်စိတ်ထင်တော့ ကဗျာတော်တော်များများဟာ ခံစားမှုတွေ ၊ အတွေးတွေ ဖွင့်ဟဖေါ်ပြနေကြတုန်းပဲ။ ကျွန်တော့်ကဗျာတွေရယ် ၊ ကွန်တမ်ပိုရာရီကဗျာရယ်ကို ကျွန်တော်ကြိုက်တာကလည်းဒါပါပဲ ၊ ခံစားမှုတွေ ၊ အတွေးတွေ၊ ဘာညာသာရကာတွေဖွင့်ဟဖေါ်ထုတ်ဖို့ အသုံးပြုတာထက် ဘာသာစကားထဲ ပါဝင်ပတ်သက် ဆောင်ရွက်ဖို့ ၊ ဘာသာစကားကို ရှင်သန်နေတဲ့ အရှိတရားတစ်ခုအဖြစ် တန်ဘိုးထားတာမျိုး။
၃။ မေး။ ခင်္ဗျားကဗျာတွေကို random (အစီအစဉ်မဲ့ ၊ ကြုံသလို ၊ ဖြစ်သလို ၊ အလှည့်သင့်သလို) လို့ပြောရင် ခင်္ဗျားဘယ်လို ရှင်းမလဲ။
ဖြေ။ ဟာ ၊ ကျွန်တော် randomness (random ဖြစ်ခြင်း) ကိုဘယ်တုန်းကမှမကြိုက်ခဲ့ပါဘူးဗျာ။ ကျွန်တော်လိုချင်တာတွေဟာ တိတိကျကျ ၊ သတ်သတ်မှတ်မှတ် ရှိတဲ့ဟာတွေပါ။ Random ဆိုတာလည်း တလွဲသုံးစွဲနေတဲ့ စကားလုံးပါပဲ။ ဆိုလိုတာက chance ဆိုတဲ့ ကံအားလျော်စွာ ကြုံကြိုက်တိုက်ဆိုင်မှုဟာ random မဟုတ်ဘူးဗျ။ တစ်ခုခုကို စည်းနဲ့ကမ်းနဲ့ ပြဋ္ဌာန်းပြီး လုပ်တာဟာလည်း random မဟုတ်ဘူး။
အိပ်မွေ့ချခံရသလို မိန်းမောနေတဲ့ အချိန်မျိုးမှာ ရေးသားတဲ့ အရေးအသားတစ်မျိုးရှိတယ်ဗျ။ ခုဏ ကျွန်တော်ပြောနေတဲ့ Liminal writing ပေါ့နော်။ အဲဒီမိန်းမောမှုထဲဝင်လိုက်ထွက်လိုက်သဘောမျိုးထင်တယ်။ ဒါပေမယ့် မိန်းမောမှုမဟုတ်ပြန်ဘူး။ ဘာကြောင့်လည်းဆိုတော့ စိတ်ကသိနေလို့။ ကျွန်တော်ရေးတုန်းကတော့ သိစိတ်မပြည့်တပြည့်ပေါ့။ အသံတွေ ၊ နရီတွေ နောက် ကျွန်တော့်စိတ်ကလိုက်သွားမယ်။ စကားလုံးတစ်လုံးကနေ နောက်တစ်လုံးဆီဆက်စပ်အနက်မျိုးမျိုးနဲ့ပါသွားမယ် ၊ အထူးသဖြင့် ၀ါကျဖွဲ့စည်းမှုဆိုင်ရာ စကားလုံးအုပ်စုတွေထက် စကားလုံးတွဲတွေ ၊ ဘာဆိုဘာဆက်လာတယ် ၊ ဘာလာရင် ဘာနဲ့ ပြေးချိတ်တယ်ဆိုတာတွေ အထူးသဖြင့်ပေါ့။
ကဗျာဆရာ Robert Duncan လိုပေါ့ဗျာ။ သူ့ကဗျာတွေဟာ ဆူရီယလ်ကဗျာတွေထက် ဆက်နွယ်မှုတစ်ခုပိုရှိတယ်။ ဘာလဲ ဆိုတော့ self မိမိအတ္တက လှမ်းယူဆုပ်ကိုင်ပြီးထည့်သွင်းပေါင်းစပ်မှု မလုပ်တဲ့အပိုင်း ၊ unconscious ခေါ်လား ၊ subconscious ခေါ်လား ၊ ဒါမှမဟုတ် ၊ အဲဒီကြားကပဲလား ၊ လူရဲ့ (စိတ်ရဲ့) အလွှာတစ်ခုပေါ့ဗျာ။ အဲဒီလူရဲ့ စိတ်ထဲခဏ ဖြစ်ပြီး ပျက်သွားတာ ၊ ယူငင်သိမ်းဆည်းပေါင်းစပ်ခြင်းမခံလိုက်ရတာ ၊ အဲဒီအလွှာနဲ့ ဆက်နွယ်မှုရှိတယ်ဗျ။ Robert ဟာ သူ့ စိတ်ထဲရှိတဲ့ နယ်ပယ်တွေထဲ ၀င်ရောက်သွားလာတယ် ၊ သူ့ ဘယ်သူဘယ်ဝါဖြစ်မှုရဲ့ အစိပ်အပိုင်းတွေထဲလှည့်လည်သွား လာတယ်။ သူ့ကဗျာတော်တော်များများဟာ အဲသလိုရေးခဲ့တာတွေထင်တယ်။
၎။ မေး။ သိပ်မကြာခင်တုန်းက ဒီဘက်ခေတ်ကို သတင်းအချက်အလက်ခေတ် the age of information လို့ခေါ်ဖို့ကြိုးစားခဲ့ကြသေး တယ်။ အခုတော့ သိပ်မကြားတော့ဘူး။ ယန္တယားခေတ် ၊ စက်ပစ္စည်းခေတ်တွေနဲ့လည်းမတူပြန်ဘူး။ ခင်္ဗျားဘယ်လိုမြင်သလဲ။
ဖြေ။ ဟုတ်ပါတယ်။ ခေတ်တွေမတူတော့ဘူး။ ပို့စ်မော်ဒန်ဆိုတဲ့စကားလုံးဟာလည်း အရည်မရ ၊ အဖတ်မရ။ `အာဗွန့်ဂါ့ဒ်´တို့ ၊ `စမ်းသပ်တီထွင်´တို့ ၊ အဲသလိုစကားလုံးတွေလည်း ကျွန်တော်သဘောမတွေ့တော့ပါဘူး။ ကျွန်တော့်ကို (ဘယ်လိုကဗျာ တွေရေးသလဲ) မေးလာရင် “Otherwise writing” လို့ပဲပြောလိုက်တယ်။ သူများတွေရေးနေတာတွေနဲ့မတူတဲ့ `သူခြား´ အရေးအသားပေါ့။ `အခြားနည်း´အရေးအသားပေါ့။ အဲဒါကို ကျွန်တော် Kurt Schwitters ဆီကရတာဗျ။ `သူများလုပ်တာ တွေရဲ့ အခြားပဲကိုယ်လုပ်နေမှာပဲ´တဲ့။ ဒါပေမယ့် အဲဒါအလွန်အကျွံတော့မကောင်းဘူးထင်တယ်။ တစ်ခါတစ်လေ ၊ သူများ နည်းတူလုပ်ချင်တယ်ဆိုလည်းလုပ်ပေါ့။ အသံချိုတဲ့ ဆွန္နက်ကဗျာလှလှလေးတွေရေးနေကြတဲ့သူတွေကို ကျွန်တော်သိပါ တယ် ၊ ကျွန်တော်နဲ့ ခင်ပါတယ်။ အချို့တွေဆို အုပ်စုဖွဲ့ပြီး ဘယ်လိုရေးမယ် ၊ ဘယ်လိုမရေးဘူးဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်ကြတာတွေရှိတယ်။ ကျွန်တော့်စိတ်ထင်တော့ ဒီလိုသတ်မှတ်ပြီးရေးတာဟာ တစ်ယောက်စီအတွက်ပဲပိုကောင်းပါတယ်။ group-think အုပ်စုအတွေး ၊ အုပ်စုစဉ်းစားပုံမျိုးမဟုတ်ဘူးပေါ့ဗျာ။
manifesto ကြေငြာစာတမ်းတွေ ဘာတွေတော့ ကျွန်တော်မကြိုက်ဘူး။ ဆူရီယလ်သမားတွေရဲ့ဟာတွေ ၊ ဖျူချာရစ္စတ်တွေရဲ့ဟာတွေ။ “ပြတိုက်အားလုံး ဖျက်ဆီးချေမှုန်းပစ်”၊ “စစ်ဟာကောင်းတယ်” ဆိုတာတွေ။ (‘anarchy မင်းမဲ့စရိုက်တွေ’လို့ တစ်ယောက်က ၀င်ပြော)။ မဟုတ်ဘူးဗျ။ anarchy မဟုတ်ဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် အတိုင်းအတာတစ်ခုအထိ anarchist လို့ သဘောထားတုန်းပဲဗျ။ ကျွန်တော့်အတွက် anarchy ဆိုတာဟာ (မင်းမဲ့စရိုက်ထက်) ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်နေကြတဲ့ ကိစ္စလို့ပဲမြင်တယ်။ သူများတွေနဲ့ ဆုံးဖြတ်ချက်တစ်ခု အတူတူချမှတ်ရမယ်ဆိုလည်း လွတ်လွတ်လပ်လပ်နဲ့ လိုလိုလားလား လုပ်တဲ့သဘောပါပဲ။ ကျွန်တော့်အနေနဲ့ anarchy ကို regulative ideal ထိန်းညှိမှုပေးတဲ့ စံနှုံးလို့မြင်ပါတယ်။ တကယ့်အနေအထားတစ်ခုမှာ ဘာလုပ်မယ်ဆိုတာကို ထိန်းညှိပေးတယ်။
ပြီးခဲ့တဲ့ ၃-၄နှစ်တုန်းက ကျွန်တော်ပြောခဲ့တဲ့စကား တစ်ခွန်းဟာ ကျွန်တော့် မိတ်ဆွေသူငယ်ချင်းတွေကို ထိတ်လန့်သွားစေခဲ့ဖူးတယ်။ `မကောင်းဆိုးရွားမှုတွေ ယှဉ်လာရင် ဆိုးရွားမှုနည်းတဲ့ဘက်ကို မဲပေးဖို့ဟာ anarchist တိုင်းရဲ့ တာဝန်ဖြစ်တယ်´ဆိုတာ။ ဒီနည်းကပဲ မေတ္တာနဲ့ ယှဉ်တဲ့နည်းလို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဘာပဲဖြစ်ဖြစ် ၊ သူ့နည်းသူ့ဟန်နဲ့ တစ်နည်းမဟုတ်တစ်နည်းဖြစ်မှာပဲ။ ဥပမာ ၊ အစိုးရပဲကြည့်။ အနိမ့်ဆုံးလစာကို မမြှင့်ပေးတာတို့ ၊ လူတွေကို သူတို့ကိုယ်ခန္ဓာတွေနဲ့ ပတ်သက်လို့ သူတို့ လုပ်ချင်တာတွေ ပေးမလုပ်တာတို့ ၊ ဥပမာ ၊ ကိုယ်ဝန်ဖျက်ချတာတို့။ ဒီမိုခရက်ပါတီထဲမှာ တော်တော်ဆိုးဝါးတဲ့ လူတွေရှိပေမယ့် နည်းနည်းပါး ပါးဖြစ်ဖြစ်ကွဲပြားခြားနားမှု သေးသေးလေးကတောင် ထူးခြားမှုဖြစ်စေတယ်လေ။ အဲဒီသေးသေးလေးအတွက်မဲပေးဖို့ ကျွန် တော်တို့မှာတာဝန်ရှိတယ်။ အဲဒါကျွန်တော်တို့မှာရှိတဲ့ အခွင့်အရေးသေးသေးလေး ၊ ပါဝါသေးသေးလေးကို လက်တွေ့အသုံး ပြုတာပဲ ဖြစ်တယ်။
၅။ မေး။ အခုအကုန်းလုံးဟာ သူတို့ဆိုင်ရာဆိုင်ရာနယ်ပယ်လေးတွေကို ကာကွယ်နေကြရတယ်။ ကဗျာလောကမှာကော ၊ ခင်္ဗျားရဲ့ နယ်ပယ်ကို ကာကွယ်ရသလား။
ဖြေ။ အနုပညာလောကတစ်ခုလုံးမှာပါပဲ ၊ လူတွေဟာသူတို့ရဲ့နယ်ပယ်တစ်ခုမဟုတ်တစ်ခုကို အမြဲကာကွယ်နေကြရတာပဲလေ။ ဘာကြောင့်လဲဆိုတော့ တစ်ပိုင်းအားဖြင့် ယခင်က လုပ်ခဲ့ဖူးတာတွေနဲ့ကွာခြားလို့ရယ် ၊ ပြီးတော့ ၊ group-think နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူများနဲ့ မတူတာ ကိုယ်လုပ်ချင်လို့ ၊ လုပ်လို့ရဖို့ ၊ ကိုယ့်အတွက်အရေးကြီးတယ်ထင်တာလုပ်ဖို့ အတွက် သူများကို တိုက်ခိုက်ရတာလည်းရှိတာပေါ့။ များသောအားဖြင့်တော့ ကိုယ်ကပဲ တိုက်ခိုက်ခံရတာပါပဲ။
၆။ မေး။ ခင်္ဗျားရဲ့ ကဗျာ/အရေးအသားတွေရဲ့ နိုင်ငံရေးအကျိုးသက်ရောက်မှုကော . . .
ဖြေ။ ကျွန်တော်ဟာ ကဗျာပုဒ် poem အတွက်ပဲရေးတာဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်ပိုပိုသတိပြုလာနေမိတယ်။ ကျွန်တော်ဟာ နိုင်ငံရေးအတွက် ၊ ဘာသာရေးအတွက် ၊ အခြားဘာအယူအဆတွေအတွက်စသဖြင့် ကဗျာရေးတာမဟုတ်ပါဘူး။ ကဗျာပုဒ်ကို ထွက်ရှိဖြစ်တည်ဖို့သာလျှင် အထိကပါ။ အဲဒါကို အနုပညာဟာ အနုပညာအတွက် သီအိုရီလို့ပဲ ပြောချင်ပြောကြပလေ့စေ ၊ ကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ ဒီနေရာပဲ။ အဲဒီကိစ္စမှာ ပျော်လား မပျော်ဘူးလားဆိုရင် ကျွန်တော့်အကြိုက် taste ထက် ကျွန်တော့်လုပ်ငန်း တာဝန် task ပါပဲ။ အလုပ်တစ်ခုလိုပါပဲ။
ပထမအက – ရှိပြီးသားတွေကို အသစ်ပြုလုပ်ခြင်း
သူ့ကိုသူ သက်တောင့်သက်သာရှိအောင်နေလိုက်တယ်
ပြီး ၊ ပါဆယ်ထုပ်တွေကို တစ်ခုနဲ့ တစ်ခုယှဉ်ကြည့်တယ်။
ပြီး ၊ ဖန်ကို ပွက်ပွက်ဆူအောင်သူလုပ်လိုက်တယ်
နိုင်ငံရေးကိစ္စတွေလည်းပေးဝင်စေတယ်
ပြီး ၊ လာနေပြီ။
မကြာခင်ပဲ ၊ သူဟာ ရွှေကူရှင်တွေပေးနေတာမဟုတ်ရင်
ပေးသလိုလိုရှိနေတယ် ၊
ထင်မြင်ချက်တွေပြောဆို ၊
အထိတ်တလန့်တွေဖြစ်စေ ၊
အမှားလို့ထင်ရတဲ့ အချက်တစ်ချက်ကို ထောက်ပြရင်း
ထင်သလိုမဟုတ်မှန်းသက်သေပြနေပြန်တယ် ၊
ပြီး ၊ ထွက်ခွာသွားခြင်းအားဖြင့် နာကျင်မနေရင်
လှိုင်းတွေထနေတယ်။
စောင့်မျှော်ခြင်းအလုပ်နည်းနည်းပါးပါးလုပ်ပြီး
သူဟာ တစ်ယောက်ယောက်ကို အောဂလီဆန်သွားစေတယ်
ပြီး ၊ အရာဝတ္ထုတွေကို အမည်တွေပေးတယ်။
ဒီထက်ခဏကြတော့ သူဟာ ပစ္စည်းတွေနဲ့ ထွက်သွားတယ်
ပြီး ၊ တစ်ယောက်ယောက်ကို တစ်ခုခုအတွက်ဆုချလိုက်တယ်
ဒါမှမဟုတ် တစ်ခုခုအောက်ဝင်သွားတော့တယ်။ ။
ဂျက္ကဆင် မက္ကလိုး
(‘1st Dance – Making Things New – 6 February 1964’ The Pronouns – A Collection of 40 Dances – For the Dancers မှ)
ဂျက္ကဆင် မက္ကလိုး (၁၉၂၂ – ၂၀၀၄)ဟာ ထင်ရှားတဲ့ အမေရိကန်ကဗျာဆရာ ၊ ပါဖေါမင့်စ် အနုပညာရှင်နဲ့ ဂီတပညာရှင်ဖြစ် ပါတယ်။ ဂါးထရု (ဒ်) စတိုင်းန်ရဲ့ ဩဇာလွှမ်းမိုးမှုရှိခဲ့တယ်လို့ပြောပါတယ်။ ဗုဒ္ဓ၀ါဒနဲ့ ဖီလော်ဆော်ဖီကိုလည်း လက်ခံခဲ့ပါတယ်။ ဂျွန် ကေ့ (ဂ်ျ) နဲ့အတူ ကဗျာလက်တွေ့ထဲ chance (aleatoric) operations တင်ဆက်လာသူအဖြစ်အသိအမှတ်ပြုခံရပါတယ်။ asymmetric ၊ (အချိုးမညီတဲ့) structure ၊ serial (အစဉ်တန်းအလိုက်ရေးတဲ့) technique ၊ simultaneity (တစ်ချိန်တစ်ပြိုင်တည်းဖြစ်ခြင်း) of performance ၊ နဲ့ အစဉ်အလာနဲ့ ဆန်းသစ်တီထွင်မှု ၂ မျိုးစလုံးသုံးတဲ့ ဖွဲ့စည်းမှု နည်းစနစ်တွေကြောင့် ကေ့(ဂ်ျ) အပါအ၀င် ၊ မက္ကလိုး ကိုလည်း သူ့ခေတ်အခါရဲ့ အရေးပါတဲ့ ကဗျာစမ်းသပ်တီထွင်သူအဖြစ်အသိအမှတ်ပြုကြပါတယ်။
မက္ကလိုးဟာ နောက်ပိုင်းပေါ်လာတဲ့ LANGUAGE POETRY/WRITING ပေါ်တစ်ဖန်ဩဇာလွှမ်းမိုးပြီး ၂၁ ရာစုမှာ ထင်ရှားလာ တဲ့ Conceptual Poetry/ Writing ပေါ်မှာလည်းဆက်လက်လွှမ်းမိုးပါတယ်။ ဘာသာစကားကဗျာနဲ့ ကွန်ဆက်ပ် ချူယလ်ကဗျာ/ အရေး အသားတို့ကို ထဲထဲဝင်ဝင် လေ့လာရင် မက္ကလိုးကို ပစ်ပယ်လို့ မရဘူးလို့ပဲပြောပါရစေ။
ဇေယျာလင်း
2 – Oct – 12