ခေတ်ပြိုင်မြန်မာကဗျာရဲ့ တက်ခ်စ်တ်ချာ

ခေါင်းစဉ်မှာပါရှိတဲ့`ခေတ်ပြိုင်´မြန်မာကဗျာဆိုတဲ့ အသုံးအနှုံးကို ရှင်းလင်းချင်ပါတယ်။ ဒီအသုံးအနှုံးဟာ လွယ်မလိုနဲ့ ခက်ပြီး ရှင်းမလိုနဲ့ ရှုပ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကလာတဲ့ Contemporary ကွန်တမ်ပိုရာရီကိုယ်တိုင်ဟာ အချိန်ကာလအနက် တစ်ခု တည်းကို ဆောင်တာမဟုတ်သလို Contemporary Poetry မှာလည်း Contemporary ပိုင်းဟာ ဒီနေ့အထိအဖြေထက်မေးခွန်းတွေပဲ ထုတ်နေတဲ့ problematic ဖြစ်တဲ့ အသုံးအနှုံးပါပဲ။ ဩစတြေးလျကဗျာဆရာ Louis Armand တည်းဖြတ်တဲ့ Contemporary Poetics ရဲ့ အဖွင့် အမှာစာမှာ `ကွန်တမ်ပိုရာရီကဗျာဗေဒ´ရဲ့ အဓိပ္ပါယ်ကို အချိန်ကာလတစ်ခုခု ၊ ခေတ်ကာလတစ်ခုခုပေါ် အမှီပြုထားတာ မဟုတ်သလို ပစ္စုပ္ပန်ပေါ်လည်း အမှီပြုထားတာမဟုတ်ပဲ ‘condition of writing’ `အရေးအသား/ရေးသားပြုလုပ်မှု အခြေအနေ/အနေ အထား´ ပေါ်အမှီပြုတာ လို့ ဆိုပါတယ်။ အဲဒီ `အခြေအနေ/အနေအထား´ ဟာလည်းသမိုင်းနဲ့မကင်းသလို ‘present time of writing’ `အရေးအသား/ရေးသားပြုလုပ်မှု´ပြုနေတဲ့ ပစ္စုပ္ပန်ကာလနဲ့ အတူ ဆက်စပ်ပတ်သက်နေတဲ့ မြေလှန်ကဗျာဗေဒ(တွေ)နဲ့လည်းတိုက်ရိုက် ဆက်နွယ်နေပါတယ်။ `အရေးအသား/ရေးသားမှုပြုလုပ်နေတဲ့ကာလ´ဆိုတာဟာလည်း ပစ္စုပ္ပန်ကာလသက်သက်ကိုပြောတာမဟုတ်ပဲ ပစ္စုပ္ပန်ကာလရဲ့ အရှိတရား ၊ အသိတရားတွေပေါ်အခြေစိုက်ထားတာကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ ၊ အခုပစ္စုပ္ပန်မှာ ကျွန်တော်ဒီ ဆောင်းပါးရေးနေပြီး အခုပစ္စုပ္ပန်မှာ ဒီဆောင်းပါးကို စာဖတ်သူက ဖတ်နေတာဖြစ်ပါတယ်။ `ကွန်တမ်ပိုရာရီ´ဆိုတာ ဒီပစ္စုပ္ပန်အချိန်ကို ပြောတာထက် ဒီပစ္စုပ္ပန်ကာလမှာ ရှိနေတဲ့ အရှိတရား ၊ အသိတရားတွေရဲ့ အစုအဝေးကို ဆိုလိုတာဖြစ်ပါတယ်။ Contemporary American Poetry ကဗျာပေါင်းချုပ်ကို ကြည့်လိုက်ပြန်တော့ ၁၉၆၀ နောက်ပိုင်းကနေ ဒီဘက်အထိကို Contemporaryလို့သုံးထားတာ တွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း Contemporary ဆိုတဲ့ အသုံးအနှုံးကိုအနက်ဖွင့်ဖို့ အယူအဆအမျိုးမျိုးနဲ့ကျိုးစားကြတာတွေ့ရပါ တယ်။ တစ်နေရာမှာ ဖတ်ဖူးတာကတော့ Post-postmodernism ကာလလို့ရေးသားထားတာဖြစ်ပါတယ်။ ၁၉၉၀ ကနေ ဒီဘက်ရာစု ပေါ့။ ဆိုလိုတာက `ခေတ်ပြိုင်´ (၀ါ) `ကွန်တမ်ပိုရာရီ´ဆိုတဲ့ အသုံအနှုံးကို `ခေတ်ကာလတစ်ခုတည်းမှာ အပြိုင်ရှိနေတာ´ လို့ သတ်သတ်မှတ်မှတ်ပြောလို့မရပါဘူး။ ကဗျာ/ကဗျာဗေဒနဲ့ ပတ်သက်လာရင် `ခေတ်ပြိုင်´ဆိုတာကို အချိန်ကာလနဲ့ ပြောတာထက် ကဗျာဗေဒနဲ့ ပြောတာပိုမှန်လိမ့်မယ်လို့ယူဆပါတယ်။

နောက်ကြောင်းပြန်ရရင် `Post – ခေတ်ပေါ်ကဗျာဗေဒမှတ်စုများ´၂ မှာ ခေတ်ပေါ်ကဗျာနဲ့ Post – ခေတ်ပေါ်ကဗျာတို့ကို အမည် ၊ နောက်ကွယ်သဘောတရားများ ၊ နဲ့ နည်းနာများလို့ အပိုင်း ၃ ပိုင်းခွဲပြီးယှဉ်ပြခဲ့ပါတယ် (၂၀၀၅)။ `ခေတ်ပြိုင်ကဗျာ´ဆိုတဲ့ အသုံးအနှုံးကို `ခေတ်ပြိုင်ကဗျာရဲ့ ပုံသဏ္ဍာန်´၃ မှာ `အစဉ်အလာကဗျာ ၊ ခေတ်ပေါ်ကဗျာနဲ့ ကွာခြားတဲ့ တတိယကဗျာအမျိုးအစားကို `ခေတ်ပြိုင်´ကဗျာလို့ကျွန်တော်ခေါ်ဝေါ်သတ်မှတ်ချင်ပါတယ်´လို့ပါရှိပါတယ်။ တစ်ဖန် `ခေတ်ပြိုင်ကဗျာကို ချဉ်းကပ်ခြင်း ၁´၄ မှာ `ကျွန်တော်နားလည်ထားသလောက်တော့ ခေတ်ပြိုင်(၀ါ) ကွန်တမ်ပိုရာရီ Contemporary ဆိုတဲ့ အသုံးအနှုံးဟာ အချိန်ကာလပြ အသုံး အနှုံးသဘောပါဝင်ပေမယ့် ဒီထက်ပိုကျယ်ဝန်းနက်ရှိုင်းပါတယ်။ ပိုပြီး complex ဖြစ်ပါတယ်။ အချိန်ကာလအပြင်နောက်ဆုံးပေါ်တွေ့ရှိ ချက်တွေ ၊ သိမှု ပိုထွန်းကားလာမှုနဲ့ သိမှုအရွေ့တွေ ၊ နောက်ဆုံးပေါ်နည်းပညာကိစ္စတွေ နက်နက်ရှိုင်းရှိုင်းပါရှိပါတယ်။ အဲဒီတော့ Contemporary Poetics နဲ့ Contemporary Poetry ခေတ်ပြိုင်ကဗျာဗေဒနဲ့ခေတ်ပြိုင်ကဗျာဆိုတာဟာလည်း ဒီသိမ်မွေ့နက်ရှိုင်းတဲ့ Contemporary ဖြစ်ခြင်းသဘောကို ထင်ဟပ်နေတာဖြစ်ပါတယ်။ Contemporary ဆိုတဲ့ အသုံးအနှုံးဟာ Postmodernism နှောင်းပိုင်း မှာ ပေါ်လာသလို Postmodernism နဲ့လည်းကင်းရှင်းတာမဟုတ်ပါဘူး။´လို့ပါရှိပြန်ပါတယ်။ ၂၀၁၂ ထုတ် `ဖြစ်နိုင်ခြေရှိသော ခေတ်ပြိုင် မြန်မာကဗျာအလားအလာများ´မှာ ပါရှိတဲ့ အထက်ပါဆောင်းပါးဟာ ၂၀၀၅ က `Post – ခေတ်ပေါ်ကဗျာဗေဒမှတ်စုများ´ကို update လုပ်ထားတာဖြစ်ပါတယ်။ ၂၀၀၅ က Post – ခေတ်ပေါ်ကဗျာဟာ `ခေတ်ပြိုင်´ကွန်တမ်ပိုရာရီကဗျာဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်ဟာ ခေတ်ပေါ်ကဗျာကို တိုက်ခိုက်ခြင်း ၊ ဘေးဖယ်ထုတ်ခြင်းသဘောမျိုးရှိလည်းမရှိခဲ့ ၊ အခုလည်းမရှိ ပါဘူး။ ကြီးစိုးလွှမ်းမိုးတဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာကနေ `ကဗျာ´ကို တတ်နိုင်သလောက်ချဲ့ထွင်လိုက်ပြီး ခေတ်ပေါ်ကဗျာမဟုတ်တဲ့ `အခြား´အော်လ်တာနေးတစ်ဗ် ကဗျာအမျိုးအစားတွေ မြန်မာကဗျာလောကမှာ ပေါ်လာစေချင်တဲ့ စေတနာလောက်ပါပဲ။ ဒီထက်လည်း ရေးကြီးခွင်ကျယ်မရှိခဲ့ ၊ အခုလည်းမရှိပါဘူး။ ပင်မရေစီးခေတ်ပေါ်ကဗျာ (အမျိုးအစား)မှသာလျှင် ကဗျာ(တစ်ခုလုံး) ဆိုတဲ့အယူအဆကို မကြိုက်ခဲ့လို့ ကဗျာကို ချဲ့လိုက်တာပါ။ အဲသလိုလုပ်ဖို့အတွက် မရှိသေးတဲ့ အရာကို ရှိလာအောင်လုပ်ဖို့ ၊ ရှိနေတဲ့ အရာနဲ့ ဘာတွေဘယ် လိုကွဲပြား သလဲ/မလဲဆိုတာ အရင်တွေးဆထောက်ပြခဲ့ရတာပါ။ ကျွန်တော်လိုချင်ခဲ့တာ LP မဟုတ်ပါဘူး။ Contemporary Poetry ပါ။ အဲဒီအချိန် ကာလတွေမှာ ကျွန်တော်ရင်းနှီးကျွမ်းဝင်နေတဲ့ ကဗျာဗေဒတွေက ဆိုဗီယက်လွန် ရုရှက postmodern ကဗျာအမျိုးအစား တွေ ၊ နျူးယောက်ဂိုဏ်းကဗျာ (အထူးသဖြင့် အက်ရှဘရီနဲ့ အိုဟာရာ) ၊ LP (အထူးသဖြင့် Charles Bernstein ၊ Bob Perelman ၊ Ron Silliman ၊ Lynn Hejinian ) ၊ Post – LP လို့စပြောတဲ့ Make Wallace နဲ့ သူညွှန်းတဲ့ PLP ကဗျာဆရာ/ဆရာမတွေ ၊ Cambridge ဂိုဏ်းက Jeremy Prynne အပြင်အခြားအမေရိကန် ၊ ဗြိတိသျှ ၊ အရှေ့ဥရောပ mainstream ကဗျာတွေ။ ပြီးတော့ Postmodern/ post-structuralism အယူအဆတွေ။ နောက်ပိုင်းမှာ ထပ်တွေ့ခဲ့ရတာတွေဟာ Elliptical poetry လို့လည်းခေါ်တဲ့ American Hybrid Poetry။ အခုနောက်ဆုံးရထားတာက Lyric Postmodernisms ။ အဲဒီတော့ Post – ခေတ်ပေါ်ကဗျာရဲ့ နောက်ခံအယူအဆနဲ့ နည်းတွေ ဟာ အဓိကအားဖြင့်တော့ LP ပေါ့။ ဒါပေမယ့် ၊ နောက်ပိုင်းခေတ်ပြိုင်ကဗျာဆောင်းပါးတွေမှာ PLP ဘက်ပိုရောက်သွားသလိုပဲ။

ဒီဘက်ခုနှစ်တွေပိုင်းမှာ ခေတ်ပေါ်ကဗျာနဲ့ ကွဲပြားတဲ့ ကဗျာတွေထွက်လာတာတွေ့ရပါတယ်။ လွန်းဆက်နိုးမြတ် ၊ Pemskool ၊ ခင်အောင်အေး ၊ မောင်ဒေး ၊ အောင်ပြည့်စုံ ၊ ငြိဏ်းဝေ ၊ ပန်ဒိုရာ ၊ မယ်ယွေး ၊ မောင်နေမြဲ။ ပြီးတစ်နေ့ကထွက်တဲ့ ရဲမြင့်သူရဲ့ စကားပြေ ကဗျာတွေ။ မကြာသေးခင်ကလည်း online မှာ လွန်းဆက်နိုးမြတ်နဲ့ ခေတ်ပြိုင်ကဗျာအကြောင်းပြောရင်း ကဗျာတစ်ပုဒ်ဟာ ခေတ်ပေါ် လား ၊ ခေတ်ပြိုင်လား ၊ ကြားမှာလားဆိုတာဘယ်လိုရှင်းပြရင်ကောင်းမလဲလို့ စိတ်ထဲဖြစ်လာတယ်။ တစ်ချိန်တည်းမှာဒီကိစ္စကို မောင်ဒေး နဲ့ မောင်ယုပိုင်တို့လည်းရှင်းထားတာပဲဆိုပြီးစိတ်မပါတော့ပြန်ဘူး။ ဒါပေမယ့် ၊ မြန်မာခေတ်ပြိုင်ကဗျာဟာ ဘယ်လိုမျိုးလဲလို့ တစ်ယောက် ယောက်ကမေးလာရင် ဖြေဖို့ ကျိုးစားတဲ့ အနေနဲ့ စဉ်းစားကြည့်လိုက်တော့ texture ကိုသွားတွေ့တယ်။ တက်ခ်စ်တ်ချာ။ ခေတ်ပေါ် ကဗျာနဲ့ ခေတ်ပြိုင်ကဗျာတို့ရဲ့ texture တွေဟာ ဥပမာပြောရရင် ရှိရင်းစွဲဆလွန်းကားတွေနဲ့ ၀င်လာတဲ့ ကားသစ်တွေကွာသလို ပါပဲ။

တက်ခ်စ်တ်ချာ texture ကို `ကဗျာတစ်ပုဒ်ရဲ့ ဖွဲ့စည်းမှုနည်းစနစ်´၅ မှာရှင်းပြပြီးပါပြီ။ texture ဟာ Latin စကား textura ကလာတာဖြစ်ပါတယ်။ အင်္ဂလိပ်လို to weave ၊ မြန်မာလို `အထည်ရက်သည်´ ၊ `ရက်လုပ်သည်´၊`ဇာတ်အိမ်ဖွဲ့သည်´၊`ရက်ကန်း ရှယ်သည့်နှယ် . . . ရွေ့လျားသည်´တို့ဖြစ်ပါတယ်။ texture ရဲ့ noun အဓိပ္ပါယ်ကတော့ မြန်မာလို `ပြင်´ ၊ `အသား´၊`ပိတ်သား´၊ `အထည်စသား´၊`အသားသဘော´၊`အနုအကြမ်းဖွဲ့စည်းပုံ´၊`အသားမျှင်ဖွဲ့စည်းပုံ´တို့ဖြစ်ပါတယ်။ ဒီမူရင်း texture ကနေပဲ အင်္ဂလိပ် စကား text ဖြစ်လာတာပါ။ ဘယ်စာသားမဆို ရက်လုပ်ရတာ ၊ ဖွဲ့စည်းပြုလုပ်ရတာဖြစ်တယ်ဆိုတဲ့သဘော။ (တစ်မျိုးတည်းဖွဲ့စည်းပြု လုပ်တတ်ရုံနဲ့ ဒီတစ်မျိုးတည်းရှိပြီး ဒီတစ်မျိုးတည်းသာအမှန် ၊ ဒီတစ်မျိုးတည်းနဲ့ လုပ်မှ `ရိုးသား´တယ် ၊ `အစစ်အမှန်´ ရရှိမယ်ဆိုတဲ့ စကားတွေဟာ ကိုယ့်ကိုကိုယ်ပြန်ပိတ်ဆို့တားဆီးရုံမက သူများကိုပါ လိုက်ပိတ်ဆို့ထားဆီးတဲ့ စကားတွေပဲဖြစ်ပါတယ်။) textura ရဲ့ အသုံးအနှုံးဟာ ဂရိစကားဖြစ်တဲ့ tekne ၊ အင်္ဂလိပ် technique ၊ မြန်မာလို နည်း/နည်းနာ/နည်းပညာနဲ့ လည်းဆက်နွယ်မှုရှိပါတယ်။ ဘယ်စာသား/အရေးအသားမဆိုနည်းပညာတစ်မျိုးမျိုးနဲ့ ပြုလုပ်ရတာဖြစ်ပြီးနည်းပညာမတူရင် ပစ္စည်းမတူနိုင်သလို စာသား/အရေး အသား/ကဗျာလည်းမတူနိုင်ပါဘူး။ texture ဆိုတာအဲဒီသဘောကိုပြောတာပါ။

အဲဒီတော့ ခေတ်ပေါ်ကဗျာရဲ့ texture နဲ့ ခေတ်ပြိုင်ကဗျာရဲ့ texture ဘာကွာသလဲ။ ယေဘူယျပြောရရင် ခေတ်ပေါ်ကဗျာရဲ့ texture ကပြေလွင် တယ် ၊ စီးဆင်းတယ် ၊ ချောမွေ့တယ် ၊ မျဉ်းကြောင်းသဘောသွားတယ် ၊ အဆုံးသပ်လိုင်းမှာ ကျေနပ်အားရမှုရ တယ် ၊ ဖတ်ရ အတန် အသင့်လွယ်တယ်။ (ဒါဟာလည်း ဖတ်ကျင့်ရသွားလို့ပါပဲ။ ဖတ်ကျင့်မရသူအတွက် ခေတ်ပေါ်ကဗျာဟာ အခုထိ စိမ်းနေမှာပါ။) `ကျက်တဲ့ ကဗျာနဲ့ စိမ်းတဲ့ကဗျာ´၆။ ခေတ်ပြိုင်ကဗျာရဲ့ textureကတော့ ခေတ်ပေါ်ရဲ့ texture နဲ့ ဆန့်ကျင်ဘက်ပါပဲ။ မပြေလွင်ဘူး။ မချောမွေ့ဘူး။ မစီးဆင်းဘူး။ မျဉ်းကြောင်းမရှိဘူး။ အဆုံးသပ်လိုင်းလို့ ထင်ပေမယ့် မည်မည်ရရမဟုတ်ပြန်ဘူး။ ဖတ်ရတာ လျှောလျှောရူရူမရှိဘူး။ ဖတ်ရခက်တယ်။ ကဗျာလို့တောင်မထင်ရဘူး။ ဒီ texture ၂ မျိုးဟာ တစ်ခုက positive ဆိုရင် ကျန်တစ်ခုက သူ့ရဲ့ negative ပါပဲ။

ဘာဖြစ်လို့ ဒီလိုကဗျာအမျိုးအစား ၂ ခုဟာ ဒီလောက်ဆန့်ကျင်ဘက် texture တွေရှိနေရသလဲဆိုတော့ ကွဲပြားခြားနားအောင် လုပ်ယူရလို့ရယ် ၊ နောက်ကွယ်သိမှုအယူအဆတွေကွဲသွားလို့ရယ်ကြောင့်ပဲဖြစ်ပါတယ်။ ဆိုလိုတာက အဲသလို texture မျိုးကို ခေတ် ပြိုင်ကဗျာကတမင်လုပ်ယူရခဲ့တာပါ။ ခေတ်ပြိုင်ကဗျာရဲ့ texture လို့ တိတိပပပြောလို့ရစေတဲ့ ၊ ခေတ်ပြိုင်ကဗျာရဲ့ texture ကိုဖြစ်ပေါ် စေတဲ့ နည်းတွေရှိပါတယ်။ Disjunctive strategies ဒစ္စဂျန့်က်တစ်ဗ်နည်းတွေ ၊ Collage Fragments ကော်လာ့ဂ်ျလုပ်ထားတဲ့ ၀ါကျ အပိုင်းအစတွေ ၊ Appropriation ရှိပြီးသားစာသားတွေယူသုံးခြင်းတွေ ၊ Intertextuality စာသားချင်းအပြန်အလှန်ဆက်စပ်မှုတွေ ၊ Destabilization of ‘I’ ကဗျာထဲက `ငါ´ရဲ့ အခြေခိုင်မှုကို နှဲ့ပြလိုက်တာတွေ ၊ Aleatory techniques တိုက်ဆိုင်ကြုံကြိုက်လို့ ၀င်လာ တာတွေကို ထည့်သုံးလိုက်တာတွေ။ ဒါတွေဟာလည်း ယခင်ကရေးပြ ၊ ရှင်းပြပြီးသားတွေပါ။

ဒစ္စဂျန့်က်တစ်ဗ်နည်းတွေဟာ ကဗျာမျက်နှာပြင်နဲ့ `အသွား´ ကိုတမင်ဖျက်ဖို့သုံးတာဖြစ်ပါတယ်။ ဇာတ်လမ်းသဘော narrativity ကိုဖျက်တယ်။ မျဉ်းကြောင်းသဘော Linearity ကိုဖျက်တယ်။ လိုင်းတစ်လိုင်း/၀ါကျတစ်ကြောင်းကနေ ဆင်ခြင်ယုတ္တိ အားဖြင့် ဆက်စပ်လိုင်း/၀ါကျပေါ်လာပြီး အဓိပ္ပါယ်တွေ ဆက်စပ်မှုပြုလုပ်ရယူခြင်းဆိုတဲ့ syllogism ကိုဖျက်တယ်။ ဘယ်လိုဖျက်သလဲ ဆိုတော့ ပိုဒ်စီပုံ ၊ လိုင်းဖွဲ့ပုံ ၊ စကားလုံးချိတ်တွဲပုံ ၊ သုံးလေ့သုံးထမရှိတဲ့ မျက်တောင်အဖွင့်အပိတ်တို့ ၊ လက်သည်းကွင်းတို့ ၊ မျဉ်းစောင်း တို့ ၊ Question mark တို့သုံးစွဲပုံတို့ဖြစ်ပါတယ်။ ပိုဒ်စီပုံကို ကြည့်ရင် ခေတ်ပြိုင်ကဗျာတော်တော်များများမှာ ပိုဒ်ခွဲတာထက်ပိုဒ်တွေဆက် လိုက်တာတွေ့ရတတ်ပါတယ်။ အဲဒီတော့ အမြင်အားဖြင့် ကဗျာပုဒ်ဟာ အပုဒ်ကြီးတစ်ပုဒ်အဖြစ်ကြပ်ခဲနေပါတယ်။ ကြည့်ရုံနဲ့ မွန်းကြပ် ရပါတယ်။ ဖတ်ကျင့်မရှိသူတွေအတွက်ဆို ပိုဆိုးတာပေါ့။ လိုင်းချိတ်ပုံကြည့်ရင်လည်း စီးဆင်းမှုထက် ပြတ်တောက်မှု disruptive ၊ discontinuous ၊ disconnected တွေဖြစ်စေတဲ့ paratactic တွေ။ လိုင်းနဲ့ ၀ါကျသဘောမှာလည်း လိုင်းတစ်လိုင်းဟာ ၀ါကျပြတ်တစ်ခု ဖြစ်နေပြီး နောက်လိုင်းဟာ အဆိုပါ ၀ါကျပြတ်ရဲ့ အပိုင်းမဟုတ်ပဲ အခြားဝါကျပိုင်းတစ်ပိုင်းဖြစ်နေတာတွေ။ အမေဋိတ်တွေသုံးတာတွေ ၊ မေးခွန်းတွေမေးလွန်းတာတွေ ၊ `ခင်္ဗျား´`ခင်္ဗျား´နဲ့ ဖတ်သူကို ကဗျာထဲကနေ လှမ်းချိတ်နေတာတွေ။ အစလိုင်းကနေအဆုံးလိုင်းအထိဖတ်လည်းပြီးရော အကြောင်း အရာတစ်ခုခုမည်မည်ရရ လက်ဆုပ်လက်ကိုင်မရလိုက်တာတွေ။ လိုင်းတွေဟာ အဆုံးသပ်လိုင်းဆီစုရုံးဦးတည်ခြင်းမရှိတာတွေ။ အဆက်အစပ်မဲ့ခြင်းနဲ့ အဆက်အစပ်မဲ့ခြင်းတို့ကို ဆက်စပ်ထားတဲ့ နည်းတွေပေါ့။ စကားလုံးတွေချိတ်တွဲတာဟာလည်းတွဲရိုးတွဲစဉ် ၊ တွဲလေ့တွဲထ ၊ သတ်မှတ်အတွဲတွေမဟုတ်ပြန်ဘူး။ အဓိပ္ပါယ်ခွတာတွေ ambiguous ၊ အဓိပ္ပါယ်တစ်ခုမကထွက်တာတွေ polysemy ၊ အဓိပ္ပါယ်မရေရာတာတွေ indeterminacy / flicker စတဲ့ effect တွေရအောင်လည်း သုံးစွဲပါတယ်။

ကော်လာ့ဂ်ျ (`ကော်လာ့ဂ်ျအကြောင်းတစေ့တစောင်း´၇) ကတော့ ယုတ္တိဆက်စပ်မှုမရှိတဲ့ ၀ါကျတွေ ၊ ၀ါကျအပိုင်းအစ Fragment တွေကို Juxtapose တွဲချိတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို fragment တွေ juxtapose လိုက်လို့ disjunctive ဖြစ်သွားတာနဲ့ disjunctive ဖြစ်ဖို့ fragment တွေ juxtapose ရတာလည်းဖြစ်ပါတယ်။ ဒီ fragment တွေဟာလည်း အကြောင်းအရာတစ်ခုတည်းနဲ့ ဆိုင်တဲ့ စကားလုံး ၊ စကားစု ၊ အသုံးအနှုံးတွေမဟုတ်ပဲ ကွဲပြားခြားနားတဲ့ ဘာသာစကားနယ်ပယ် discourse တွေနဲ့ ကွဲပြားခြားနားတဲ့ ဆက်စပ်ဝန်းကျင် context တွေက လာတာဖြစ်ပါတယ်။ အချို့ပညာရှင် တွေက Juxtapose နဲ့ disjunctive ကိုခွဲခြားကြပါတယ်။ တွဲချိတ်တာက juxtapose လုပ်တာပါ။ ဘာပဲတွဲချိတ်တွဲချိတ်။ disjunctive က မတူညီတဲ့ ၊ ကွဲပြားတဲ့ စာသားအပိုင်းအစတွေ (သို့) ၀ါကျပြည့်တွေကို တွဲချိတ်တာ။ Ron Silliman ရဲ့ New Sentence တွဲချိတ်ပုံမျိုး။ ပရမ်းပတာမဟုတ်ပဲ Procedural Process စည်း တစ်မျိုးမျိုးနဲ့ တွဲချိတ်တာ။ အနည်းဆုံးယုတ္တိအဓိပ္ပါယ်နဲ့ ဆက်စပ်တာမဟုတ်ပဲ ဂယက် အနက်နဲ့ ဆက်စပ်တဲ့ Associative Juxtaposition မျိုးတွေပါ။

Appropriation က ရှိပြီးသားစာသားတွေ ၊ စကားတွေကိုယူသုံးတာဖြစ်ပါတယ်။ Found Language တွေ ၊ သတင်းမီဒီင်္ယာက ၊ ကြော်ငြာလောကက ၊ ဘာသာရပ်နယ်ပယ်တွေက ၊ စတဲ့ နယ်ပယ်အမျိုးမျိုးက ကောက်ရစာသားတွေအပြင်ဖြတ်သွားဖြတ်လာဖြတ် ကနဲကြားလိုက်ရတာတွေကိုလည်း လိုအပ်သလိုယူသုံးလိုက်တာဖြစ်ပါတယ်။ LP နောက်ပိုင်းဒီဘက်ရာစုနှစ်မှာပေါ်လာတဲ့ Flarf နဲ့ Conceptual ဆိုရင်ဒီနည်းကို တော်တော်လေးသုံးပါတယ်။ Flarf မှာ Drew Gardner စထွင်လိုက်တဲ့ Googling (၀ါ) Google – sculpting ဟာ ဂူဂဲလ်ထဲ ရိုက်သွင်းလိုက်တဲ့စာသား/စကားလုံး(အတွဲအချိတ်)ကနေ ထွက်ကျလာတဲ့ နောက်ထပ်စာသားအစဉ်ကြီး ထဲက လိုရာကောက်ယူသုံးစွဲတာဖြစ်ပါတယ်။ အဲသလိုသုံးစွဲတဲ့ အချိန်မှာလည်း သူ့ချည့်သုံးစွဲတာထက် blending အခြားမတူညီတာ တစ်ခုခုနဲ့ ပေါင်းစပ်တာမျိုး ၊ လိုက်လျောညီထွေမှုမရှိတဲ့ဟာတွေတမင်တွဲချိတ်တာမျိုး ၊ ကောက်ရစာသားထဲက ပါရှိတဲ့ မူလအစီအစဉ် တွေပျက် သွားအောင်ပြန်ပြင်စီတာမျိုး ၊ cut – and – paste ဖြတ်ညှတ်ကပ်လုပ်တာမျိုးတွေလည်း ရှိပါတယ်။ ရှိပြီးသားစာသားတွေ အချင်းချင်း ပေါင်းစပ်ယူတဲ့ Intertextual လုပ်တာတွေလည်း ရှိပါတယ်။ `ကဗျာဟာ `ပင်မှည့်´လား ၊ `ဖွဲ့စပ်´လား´၈ ကိုလည်းရှုပါ။

ခေတ်ပြိုင်ကဗျာတွေမှာ တွေ့ရတတ်တဲ့ နောက်တစ်ခုက ကဗျာထဲက `ငါ´ကို distort ပုံဖျက် ၊ disrupt နှောက်ယှက် ၊ destabilize မခိုင်မာတော့အောင်နှဲ့ ၊ decenter ဗဟိုချက်နေရာကနေ ဖျက်တာရှိသလို Pronoun Shift နာမ်စားပြောင်းလိုက်တာတွေ လည်းရှိပါတယ်။ မြန်မာကဗျာမှာဆို `ငါ´၊ `မိမိ´၊`ကျွန်တော်´ လို့တစ်ပုဒ်ထဲမှာတွေ့ရရင် အဲဒီ ၃ ခုစလုံးက တစ်ဦးတည်းကို ကိုယ်စားပြု လားဆိုရင် ပြောရခက်ပါတယ်။ နောက်တစ်မျိုးက Voice poem တွေရဲ့ တစ်ယောက်တည်းပြောနေတဲ့ လေသံကို ဖျက်တဲ့ polyvocal technique တွေရှိပါတယ်။ ဘယ်လိုင်းကဘယ်သူတွေပြောနေမှန်းမသိရသလို တစ်လိုင်းထဲမှာတင် Voice ၂ခု ၃ ခု ချိတ်တွဲထည့်လိုက် တာလည်း ရှိပါတယ်။ နောက်ပိုင်း hybrid ကဗျာတွေမှာ တွေ့ရတာက `ငါ´ကို မဖြိုဖျက်ပေမယ့် ဒစ္စဂျန့်က်တစ်ဗ်နည်းတွေသုံးလိုက် တော့ `ငါ´ဟာ ကြီးစိုးလွှမ်းမိုးတဲ့ နေရာပျောက်သွားပြီးသူကိုယ်တိုင်မထိမ်းချုပ်နိုင်တဲ့ အနေအထားတွေထဲရောက်သွားရပါတယ်။

အထက်ပါခေတ်ပြိုင်ကဗျာရဲ့ texture ကိုဖြစ်စေတဲ့နည်းတွေကို Non – Lyric Poetic Strategies လို့လည်းခေါ်ပါတယ်။ `ငါ´ ဗဟိုပြု ၊ `ငါ´ရဲ့တွေ့ကြုံခံစားမှုကို ဖတ်သူထံတန်းတန်းမတ်မတ်ပို့ဆောင်တယ် ၊ ဘာသာစကားဟာ ကြားခံပဲဖြစ်ပါတယ်။ `ငါ´ဟာ ဘာသာစကားကို ထိမ်းချုပ်သုံးစွဲတာဖြစ်တယ် ၊ ဖတ်သူကလည်းရေးသူရဲ့ မက်ဆေ့ဂ်ျ(၀ါ)ခံစားမှုကို တည့်တည့်မတ်မတ်ပြည့်ပြည့်၀၀ ရရှိတယ်ဆိုတဲ့ ကဗျာအယူအဆနဲ့ အမျိုးအစားကို ဆန့်ကျင်တဲ့ နည်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလစ်ရစ်က်ခံစားမှုကဗျာအမျိုးအစား ဟာ ဖတ်သူတွေဆီမှာလည်း အရိုးစွဲ ၊ ပညာရေးအင်စတီကျူးရှင်းတွေကလည်း ဒီကဗျာအမျိုးအစားပဲပို့ချ ၊ မိန်းစတရီးမ်စာပေလောက ကလည်း ဒီကဗျာအမျိုးအစားကိုပဲ ဖြန့်ချိတာများတော့ တော်ရုံနဲ့ ဖျက်လို့မပျက်ပါဘူး။ ကဗျာသိမှုနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ခေတ်ပြိုင် ကဗျာသိမှုမရှိသေးသမျှ ဒီလစ်ရစ်က်ကဗျာမျိုးကိုပဲ နှစ်သက်လိုလားကြမှာ သဘာဝပါပဲ။ သို့ပေမယ့်လည်းခေတ်ပြိုင်ကဗျာဟာ နေရာ တစ်ခုရရှိလိုက်ပြီဖြစ်တဲ့အလျှောက်ထပ်ဖွံ့ဖြိုးစရာပဲရှိပါတယ်။

အထက်ပါခေတ်ပြိုင်ကဗျာရဲ့ strategies တွေဟာ အသစ်အဆန်းတွေတော့မဟုတ်ပါဘူး။ L=A=N=G=U=A=G=E P=O=E=T=R=Y နှင့်အခြားကဗျာဗေဒများ ၉ ၊ ကဗျာဘ၀ရှာတော်ပုံ၁၀ ၊ နဲ့ ဖြစ်နိုင်ချေရှိသောခေတ်ပြိုင်မြန်မာကဗျာ အလားအလာများ ၁၁ တွေမှာ ဖေါ်ပြပြီးသားတွေဖြစ်ပါတယ်။ သို့သော်လည်း ၊ အခုမြန်မာခေတ်ပြိုင်ကဗျာလို့ခေါ်လို့ရတဲ့ ကဗျာတွေရေးနေကြသူ ကဗျာ ဆရာ/ဆရာမတွေဟာ ဒီစာအုပ်တွေရဲ့ ဩဇာခံတွေလို့ လုံးဝမဆိုလိုပါဘူး။ ခေတ်ပြိုင်ကဗျာနဲ့ ပတ်သက်လို့ ဒီစာအုပ်တွေဟာ ပုံကြမ်းတစ်ခုကို လောင်းပြထားတာ ရှိတယ်လို့ပဲ ဆိုလိုတာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ `ခေတ်ပြိုင်ကဗျာ´လို့ပဲ ပတ်သက်ရာတွေ အကျုံးဝင်တဲ့ umbrella term အနေနဲ့ သုံးစွဲခဲ့တာဖြစ်ပါတယ်။ LP ၊ Post LP ၊ Flarf ၊ Post-Flarf ၊ Conceptual ၊ Post – Conceptual စတဲ့ အသုံးအနှုံးတွေဟာ သူ့ဗေဒ ၊ သူ့ဂိုဏ်းနဲ့ ရှိကောင်းရှိကြမှာ ဖြစ်ပေမယ့် ကျွန်တော့် စိတ်ထင်တော့ ခေတ်ပြိုင် (၀ါ) ကွန်တမ်ပိုရာရီဆိုတဲ့ ကောင်းကင်ဟာ ပိုကျယ်ပြန့်တယ်လို့မြင်မိပါတယ်။ လန်ဒန်ပါနက်က်ဆပ်စ် နိုင်ငံတကာ ကဗျာပွဲတော်မှာလည်း ကျွန်တော်နီးစပ်ရာ နိုင်ငံတကာ ကဗျာဆရာ/ဆရာမတေကို မေးမြန်းကြည့် ခဲ့ပါတယ်။ ဘယ်ဗေဒ ၊ ဘယ်ဂိုဏ်းဝင်ဖြစ်ပြီး ဘယ်ဗေဒ /ဘယ်ဂိုဏ်းတွေဟာ သူတို့ တိုင်းပြည်တွေမှာ ထင်ပေါ်/ခေတ်စားနေသလဲပေါ့။ သူတို့အားလုံးပြောကြတာက သူတို့ဆီမှာ contemporary ဆိုတာပဲရှိတယ်တဲ့။ ဒီ contemporary အောက်မှာ ကွဲပြားခြားနားကြတာပဲ ရှိတယ်တဲ့။ နောက်တစ်ခုက ဒီဆောင်းပါးမှာ ခေတ်ပြိုင်ကဗျာတွေ ကိုင်တွယ်ကြတဲ့ subject matter တွေ ၊ issues တွေကို ကျွန်တော် တမင်ချန်လှပ်ထားခဲ့ ပါတယ်။ texture ကို မီးမောင်းထိုးပြချင်လို့ရယ်နဲ့ သီးခြားလေ့လာပြီးထပ်မံ တင်ပြချင်လို့ရယ်ပါပဲ။

နောက်ထပ်တစ်ချက်က ခေတ်ပြိုင်/ကွန်တမ်ပိုရာရီကို range တစ်ခုအနေနဲ့ မြင်သင့်တယ်ထင်ပါတယ်။ ပင်မရေစီးခေတ်ပေါ် ကဗျာနဲ့ ဆင်ဆင်တူသော်လည်း texture အားဖြင့် ကွဲပြားတဲ့ ကဗျာမျိုးကို point တစ်ခုထားပြီး အဲဒီ point နဲ့ အဝေးဆုံး(၀ါ) ခေတ်ပေါ် ကဗျာနဲ့ အဝေးဆုံး texture တွေကို အခြား point တစ်ခုထားကြည့်ဖို့။ အခုပြောနေတဲ့ ခေတ်ပြိုင်ကဗျာတွေဟာ အဲဒီ point တစ်ခုကနေ အခြား point တစ်ခုရဲ့ မျဉ်းကြောင်းပေါ်မှာ အသီးသီးနေရာယူနေကြမှာကို မြင်ရင်လည်း မြင်လို့ရပါလိမ့်မယ်။ ဒါမှမဟုတ်လည်း အဲဒီမျဉ်း ကြောင်းပေါ် ဟိုဘက်ဒီဘက်ပြေးနေကြတာတွေ။

နိဂုံးချုပ်အားဖြင့် ၂၀၁၁ ဒီဘက်ပိုင်း (ခေတ်ပြိုင်)ကဗျာတွေဟာ `ဇေယျာလင်းအရိပ်ကနေလွတ်လာပြီ´၊ `ဇေယျာလင်းရဲ့ LP ကနေလွတ်လာပြီ´၊ `LP ကနေလွတ်လာပြီ´ဆိုတဲ့ အပြောအဆို/အရေးအသားမျိုးတွေဟာ ကျွန်တော့်အတွက်တော့ ရယ်စရာကောင်းပါ တယ်။ ကျွန်တော်ဟာ ဘယ်တုန်းကမှ ဆရာကြီးလုပ်ဖို့ ၊ ဂိုဏ်းထောင်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ သီးခြားလွတ်လပ်စွာ နေလိုတဲ့ ပင်ကိုယ်စိတ်နဲ့လည်းမကိုက်ညီပါဘူး။ ပျင်းလည်းပျင်းတတ်လွန်းလို့ပါ။ `အဖွဲ့အစည်း´ဆိုတဲ့ စကားလုံးနဲ့လည်းအလားဂျစ်ဖြစ်လို့ပါ။ ကျွန်တော်တင်ဆက်ခဲ့တာတွေဟာ ကဗျာဗေဒနဲ့ ဆိုင်ရာဆိုင်ရာ နောက်ခံအယူအဆတွေနဲ့နည်းတွေဖြစ်ပါတယ်။ နည်းတွေဟာလည်း ပုံသေနည်းတွေမဟုတ်ပါဘူး။ Open form မှာ ကြိုက်သလို`ကစား´လို့ရတဲ့နည်းတွေဖြစ်ပါတယ်။ ကိုယ်နဲ့ ဟပ်ရာနည်းတွေသုံးပြီး ဒီလို ကဗျာမျိုးတွေရေးလာတာဟာ ဇေယျာလင်းနဲ့ မဆိုင်ပါဘူး။ အင်တာနက်သုံးစွဲမှု ပိုတွင်ကျယ်လာတော့ ကိုယ့်ဖါသာကိုယ်အင်တာနက် ပေါ်က ကဗျာ Link တွေရှာပြီး ဖတ်ရှု ၊ မှတ်ယူ ၊ လေ့လာ ၊ စမ်းသပ် (စု ၊ တု ၊ ပြု) တာတွေလည်းမလွဲမသွေရှိကြပါတယ်။ Pemskool လို အချင်းချင်းအပြန်အလှန် ဖတ်ရှုဝေဖန်သုံးသပ် လေ့လာကြတာတွေ ရှိတာလည်းသိရပါတယ်။ ဥပမာ ၊ လင်းနီညိုရဲ့ သိုးထိန်း (အန္တိမ) သို့ပေးစာ (၁) နဲ့ (၂) ။ လင်းရမ္မာရဲ့ လင်းနီညို ကဗျာလေ့လာရှင်းလင်းချက်။ ပြီးတော့ လွန်းဆက်နိုးမြတ်ရဲ့ `ကဗျာနွေဦးတော်လှန်ရေး / ခေတ်ပြိုင်ကဗျာနိဒန်း´ ဆောင်းပါး ( ပိတောက်ပွင့်သစ် ၊ ၂၀၁၂) ။ ဒါကိုကောင်း တဲ့ လက္ခဏာအဖြစ် ကျွန်တော်မြင်ပါတယ်။ နိုင်ငံ တကာမှာ `ကွန်တမ်ပိုရာရီ´လို့ပြောရင် ဘယ်တုန်းက ဘာနဲ့ ခွဲထွက်လာလို့ဆိုတာ သိထားကြသလို မြန်မာမှာလည်း ခေတ်ပြိုင်ကဗျာ လို့ပြောရင် ခေတ်ပေါ်နဲ့ ဘယ်လိုကွဲပြားအောင်ခွဲထွက်ခဲ့တယ် ၊ နည်းတွေဟာ ဘယ်ကဗျာ အမျိုးအစားကနေ စတင်ပေါ်ပေါက်လာတယ် ၊ နောက်ကွယ်မှာ ဘယ်လိုသိမှု အစုအဝေးတွေရှိတယ်ဆိုတာ နားလည်ထားရင်ကောင်းပါတယ်။ `စမ်းသပ်´ တာဆိုပြီး စမ်းတ၀ါးဝါးနဲ့ အိယောင်ဝါးလုပ်မနေပဲ သိမှုနဲ့ လုပ်တာမျိုးဖြစ်စေချင်ပါတယ်။ ဘယ်နည်း တွေသုံးလိုက်လို့ ဘယ်တက်ခ်စ်တ်ချာ ပေါ်လာတယ် ၊ ဘယ် တက်ခ်စ်တ်ချာမျိုးလိုချင်လို့ ဘယ်နည်းတွေသုံးသလဲဆိုတာ သိထားရင် ကောင်းတာပေါ့။ မေးခွန်းအချုပ်ကတော့ `ကဗျာဘာကြောင့် ရေးသလဲ´ ပဲဖြစ်ပါတယ်။

ဇေယျာလင်း
22 – Sep – 12

မှတ်ချက် ။ ။
၁။ ။Contemporary Poetics (ed) Louis Armand . 2007. Northwestern University Press.
၂။ ။Post – ခေတ်ပေါ်ကဗျာဗေဒမှတ်စုများ L=A=N=G=U=A=G=E P=O=E=T=R=Y နှင့် အခြားကဗျာဗေဒများ (စမန ၁၂၈ – ၁၃၈)။ နှစ်ကာလများ။ ၂၀၀၅။
၃။ ။ခေတ်ပြိုင်ကဗျာရဲ့ ပုံသဏ္ဍာန်။ ကဗျာဘ၀ရှာတော်ပုံ (စမန ၂၅၉ – ၂၉၃)။ နှစ်ကာလများ။ ၂၀၀၉။
၎။ ။ ခေတ်ပြိုင်ကဗျာကိုချဉ်းကပ်ခြင်း ၁။ ဖြစ်နိုင်ချေရှိသောခေတ်ပြိုင်မြန်မာကဗျာအလားအလာများ (စမန ၁၇ – ၂၂) ။ နှစ်ကာလများ။ ၂၀၁၂။
၅။ ။ကဗျာတစ်ပုဒ်ရဲ့ ဖွဲ့စည်းမှုနည်းစနစ်။ ကဗျာဘ၀ရှာတော်ပုံ (စမန ၁၃၇ – ၁၄၅)။ နှစ်ကာလများ။ ၂၀၀၉။
၆။ ။ကျက်တဲ့ကဗျာနဲ့ စိမ်းတဲ့ကဗျာ။ကဗျာဘ၀ရှာတော်ပုံ(စမန ၇၇ – ၈၁)။ နှစ်ကာလများ။ ၂၀၀၉။
၇။ ။ ကော်လာ့ဂ်ျအကြောင်းတစေ့တစောင်း။ ဖြစ်နိုင်ချေရှိသောခေတ်ပြိုင်မြန်မာကဗျာအလားအလာများ (စမန ၇ – ၁၆ )။ နှစ်ကာလများ။ ၂၀၁၂။
၈။ ။ ကဗျာဟာ `ပင်မှည့်´လား၊ `ဖွဲ့စပ်´လား။ ကဗျာဘ၀ရှာတော်ပုံ (စမန ၂၀၄ – ၂၁၅)။ နှစ်ကာလများ။ ၂၀၀၉။
၉။ ။ L=A=N=G=U=A=G=E P=O=E=T=R=Y နှင့်အခြားကဗျာဗေဒများ။ နှစ်ကာလများ။ ၂၀၀၅။
၁၀။ ။ကဗျာဘ၀ရှာတော်ပုံ။ နှစ်ကာလများ။ ၂၀၀၉။
၁၁။ ။ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာများ။ နှစ်ကာလများ။ ၂၀၁၂။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>