တစ်ချိန်တည်းမှာပဲ ရင်းလည်းရင်းနှီး ၊ စိမ်းလည်းစိမ်းတဲ့ စကားသံထဲမှာ
သယ်ဆောင်ခြင်းခံရတယ်။ ပုဂ္ဂလိကနာကျင်ခံစားမှု။ စာအုပ်ထဲမှာတော့။
အိမ်ဆိုတာ ၊ မိသားစုဆိုတာ ၊ ကိုယ်ပိုင်အိုင်ဒင်တတီဆိုတာ ၊ စစ်မှန်မှုဆိုတာ။
ယဉ်ကျေးမှုထဲမှာ အမီးဘားတွေ ၊ ဂေး အခွင့်အရေးတွေ ၊ ကိုယ်ပျောက်စစ်သင်္ဘော။
အီဒီယံလိုလူ ၊ ကလီရှေးလိုလူ ၊ ပရိုတိုဗိုင်းရပ်စ်လိုလူတွေ။ ဖွံ့ဖြိုးမှုဖြစ်စဉ်ရဲ့
ဖွံ့ဖြိုးမှုမှတ်တမ်း လိမ်ညာဖြည့်သွင်းခြင်း ။ ဦးဏှောက်သွေးကြောပြတ်ခြင်း။
ရင်သားလုံးလုံးလှလှများ အများပြည်သူရှေ့မှောက်။ ဆိုက်ဘာဆက်ခ်စ်။
အယူအဆစိမ်းတစ်ခုဟာ `ကဗျာဓါတ်´ရဲ့ နျူးကလီးယပ်စ်ထဲ ၀င်ရောက်ပြီး
အင်တီဂရေ့စ် အင်ဇိုင်းမ်အားဖြင့် အိမ်ရှင်အယူအဆနဲ့ အဓိပ္ပါယ်မပြုပဲ
ပေါင်းစပ်။ အလိုမတူသူများအစုအဝေးဟာ ကာလခြားရောက်သွားတယ်။
နယ်ပယ်သစ်ရှာဖွေသူနောက်ဝင်ရောက်ကျူးကျော်သိမ်းပိုက်သူများ ဒုနဲ့ဒေး။
ပိုစူးနစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်သွင်းမှုမှာ ဒဏ်ရာမပေါ်ဘူး။ အဖြူထည်။
နယ်ပယ်အားလုံးမှာ ဘားကုဒ်တွေနဲ့။ စကားနယ်သားတွေရဲ့ ဂုတ်တွေမှာ …။
သမိုင်းဟာ ပုံပြောင်းနေတဲ့ မှတ်ဥာဏ်ပဲ။ ငါဟာ အတိတ်နဲ့ ပစ္စုပ္ပုန်ကြား
ညပ်နေတယ်။ ဘာကို မှတ်ထားရ ၊ ဘာကိုမေ့ဖျောက်ရ ၊ ဘာကိုဘာရ။ ဘာရ
လိုက်သလို။ ချစ်သူအချင်းချင်းတင်းတင်းကြပ်ကြပ်ဖက်ပြီး ကြမ်းကြမ်းတမ်းတမ်း
စုပ်နမ်းနေကြတာကို စစ်ပွဲကငေးကြည့်နေတယ်။ ကောင်မလေးက ပိုဆိုးတယ်။
ပိုဆာတယ်။ ခြေတစ်ဖက်ဆာနေသလို
လိင်တစ်ဖက်ဆာနေရှာတယ်။ ဆာခဲ့ရတဲ့ ရှာခုနှစ်များ။ မ,ဟာပုရိသ။
တိကနဲပြီးလိုက်လို့ရတာမှမဟုတ်တာပဲ။ ပြည်ဖုံးကားလိပ်မချတတ်တဲ့
ခေတ်ကြီးဟာ ထထဖေါက်တယ်။ လူနာကို ဘာထရိ(တ်) မင့်န်(တ်) ပေးထားလဲ။
ကြမ္မာဆိုးကြီးကပဲ တပ်ဆင်ပေးလိုက်တဲ့ တောင်ပံတွေနဲ့ ဆန္ဒတွေလန်ထနေတာပဲ။
ထပျံသွားတယ် ယခင်ရာစုကနေ မရောက်လာသေးတဲ့ကာလ။ ဒါဟာနေဖို့
ကောင်းတဲ့ အကောင်းဆုံးတိုင်းပြည်ပဲလို့ အကောင်းဆုံး အကောင်း ဆုံး။
ဒါပဲသိဖို့လိုတယ်။ သင်မမေ့နိုင်တာဟာ သူ့ကိုလည်းခြောက်လှန့်ဆဲပဲ။
ဘေးဖယ်ထုတ်ခံထားရတဲ့ အရှိတရားအသိတရားကြီးတွေ မျက်စိရှေ့မှာပဲ
ကွယ်ပျောက်နေကြတယ်။ ကိုယ်ရောင်ဖျောက်သွားကြတယ်။ ကိုယ်ပျောက်
ဗီဇတွေ။ (ရေးလိုက်ရမလား။ ရေးလိုက်မယ်ကွာ။ ရေးလိုက်။)
ဗီဇာမလိုပဲ ဗီတာမင် `ဇ´တွေနေထိုင်ရာ အရပ်ဆီ။ ။
ဇေယျာလင်း
20 – Sep – 12