List (သို့မဟုတ်) Catalogue ကဗျာဟာ ကဗျာရဲ့ form ပုံသဏ္ဍာန်ဖွဲ့စည်းနည်းတွေထဲက တစ်နည်းဖြစ်ပါတယ်။ စာရင်းတစ်ခု ပြုလုပ်သလိုအချက်အလက်တွေ စီတာဖြစ်ပါတယ်။ ထင်ရှားတဲ့ List poem တွေထဲမှာ အစောပိုင်းက `ထင်ရှားသည့်အမှတ်အသား´တို့ ၊`မုတ်ဆိတ်တို့၏သွားရာလမ်းများ´တို့ရှိပါတယ်။
`ထင်ရှားသည့်အမှတ်အသား´မှ
ထင်ရှားသည့်အမှတ်အသားရောင်းရန်ရှိသည်။
ထင်ရှားသည့်အမှတ်အသား ခေတ္တခရီးထွက်သွားသည်။
ထင်ရှားသည့်အမှတ်အသားကို အထောက်အထားနှင့် တင်ပြပါ။
– – – – – – – – – – – – – – – – – – – – – – –
– – – – – – – – – – – – – – – – – – – – – – –
– – – – – – – – – – – – – – — – – – – – – – –
ထင်ရှားသည့်အမှတ်အသားအခွန်ကောက်မည်ဟုသတင်းထွက်နေပါသည်။
ထင်ရှားသည့်အမှတ်အသားမှာ အင်္ဂါအချို့မဖွံ့ဖြိုးတာတွေ့ရှိရပါသည်။
`မုတ်ဆိတ်တို့၏သွားရာလမ်းများ´မှ
မာက်စ်ရဲ့ မုတ်ဆိတ်ထဲမှာ “ကမ္ဘာ့ကာရန်မဲ့များစည်းလုံးကြ” တစ်ချောင်းပါတယ်။
ဆာတ်ကမုတ်ဆိတ်မထားတာဖြစ်တည်မှုပဓါန၀ါဒအစတဲ့
မာရီလင်ရဲ့မုတ်ဆိတ်မှာ ကမ္ဘာကြီးမီးစွဲလောင်ခဲ့
စကားလုံးကိုစမ်းလိုက်တော့ မုတ်ဆိတ်ရဲ့ အမာရွတ်တွေ့ရှိပေါ့
ပြောရေးဆိုခွင့် မုတ်ဆိတ်နှုတ်ပိတ်ခံရ
မင်းတို့အားလုံးမုတ်ဆိတ်ပျောက်ဆုံးမျိုးဆက်ပဲ
ဘုရားသခင်ဟာ မုတ်ဆိတ်နဲ့ ကြွေအံကစားနေပြီ။
ပြုလုပ်ဖွဲ့စည်းတဲ့ နေရာမှာ စကားလုံးတစ်လုံးဖြစ်ဖြစ် (ဥပမာ ၊ `မုတ်ဆိတ်´) ၊ စကားစုတစ်ခုဖြစ်ဖြစ်ကို လိုင်းတိုင်းမှာ ပါဝင်ဖွဲ့ စည်းတာဖြစ်ပါတယ်။ အဲဒီစကားလုံး/စကားစုဟာ လိုင်းတိုင်းမှာပါဝင်တဲ့အတွက် အဲဒီအရေးအသားဟာ ပရမ်းပတာမဖြစ်တော့ပဲ စုစည်း မှု မူ organizing and unifying principle ဖြစ်သွားပါတယ်။ ဒါပေမယ့် unity in diversity ပုံစံမျိုးပါပဲ။ လိုင်းတိုင်းမှာ အဲဒီစကားလုံး/ စကားစုထည့်သုံးခြင်းကြောင့် တစ်ပုဒ်လုံးမှာ unity ညီညွှတ်စုစည်းမှုရပေမယ့် အဲဒီစကားလုံး/စကားစုနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ဟာ လိုင်းတွေမှာ ကွဲပြားခြားနားပြီးသီးခြားစီရှိနေလို့ရတဲ့အတွက် ညီညွှတ်မှုနဲ့ ကွဲပြားခြားနားမှုကို တစ်ပြိုင်နက်ရရှိတာဖြစ်ပါတယ်။ အထက်အောက် hierarchy ဆက်သွယ်ချိတ်ဆက်မှုမျိုးမဟုတ်ပဲ တစ်လိုင်းစီဟာ သီးခြားစီနေလို့ရပြီး ကျန်တဲ့လိုင်းတွေနဲ့ တန်းတူ တန်ဘိုး equality ရှိတဲ့အဘောမျိုးပါပဲ။
ပြီး ၊ တစ်လိုင်းစီဟာ ကာလအားဖြင့်ကြည့်ရင် တစ်ချိန်တည်းတစ်ပြိုင်တည်းဆိုတဲ့ simultaneity ဖြစ်နေတဲ့ သဘောကို တွေ့ရပါလိမ့်မယ်။
ရှုထောင့်အမျိုးမျိုးကို လိုင်းတစ်လိုင်းစီမှာ ဖေါ်ပြလို့ရတဲ့အတွက် လိုင်းတိုင်းမှာပါဝင်တဲ့ စကားလုံး/စကားစုနဲ့ ပတ်သက်လို့ ရှုထောင့်အမျိုးမျိုးကနေမြင်လို့ရ/ဖေါ်ပြလို့ရပါတယ်။
အလေးအနက်နဲ့အပေါ့အပျက် ၊ ကြီးစိုးလွှမ်းမိုးတဲ့ စကားလုံးတွေနဲ့ ကြီးစိုးလွှမ်းမိုးခံစကားလုံးတွေ ၊ အထက်စီးရအကြောင်း အရာနဲ့ မာဂျင်နလိုက်ဇ် ဘေးဖယ်ထုတ်ခံအကြောင်းအရာတွေ ၊ မြင့်မြတ်တဲ့ သဘောနဲ့ နိမ့်ကျတဲ့သဘောတွေ ၊ အထွဋ်အမြတ်စကားလုံး နဲ့ ဘန်းစကားတွေ ၊ ပီယ၀ါစာနဲ့ ဖရုဿဝါစာတွေစတဲ့ ဒစ္စကော့စ် တွေ ပေါင်းစပ်ပြလို့ရပါတယ်။ Bakhtin ရဲ့ အထက် ၊ အနိမ့်တို့နေရာ ပြောင်းပြန်လှန်ရောမွှေလိုက်တဲ့ ကာနီဗလ် Carnival သဘောလည်းတွေ့ရပါတယ်။
ဇာတ်လမ်းသဘော narrative ကို တမင်ဖျက်တဲ့ anti – narrative မျိုး ၊ ဒါမှမဟုတ်လုံးဝရှောင်တဲ့ non – narrative သဘောတွေလည်းပါရှိပါတယ်။ တစ်ခုခုကို ဦးတည်ပြောချင်တာ မျိုးမဟုတ်ပဲ တစ်ခုခုကို အမြင်ပေါင်းစုံ/ထောင့်ပေါင်းစုံကနေ `ဖွာ´ လိုက်တာလည်းဖြစ်ပါတယ်။ အဖွင့်/အစလည်းမရှိ ၊ အဆုံးသပ်/အပိတ်/လင်းပွင့်မှု epiphany လည်းမရှိတဲ့ အပွင့်စနစ်ဖြစ်ပါတယ်။
ကိုချောရဲ့ ကဗျာတစ်ချို့မှာ ဒီလို List သုံးတာတွေ့ရပါတယ်။ သူပြောချင်တဲ့အကြောင်းအရာအောက်မှာ ထည့်သွင်းသုံးစွဲတဲ့ နိမိတ်ပုံ စာရင်း List of images တွေတွေ့ရပါတယ်။ List ပြုလုပ်ပုံတူပေမယ့် လုပ်ငန်းဆောင်တာ function နဲ့ ရည်ရွယ်ချက် intention တို့မတူတဲ့သဘောပါ။ ဒါပေမယ့် ကိုချောရဲ့ ကဗျာတွေထဲက List သုံးစွဲပုံကိုလည်း လေးလေးနက်နက်လေ့လာသင့်ပါတယ်။
အကယ်၍ဒီ List (၀ါ) catalogue ပုံစံကို Lyric `ငါ´နဲ့ တွဲလိုက်ရင်ဘယ်လိုဖြစ်မလဲ။
`ငါ´ကို ပုံသေ (၀ါ)တစ်ဦးတည်းရဲ့ `ငါ´ ၊ ကိုယ်စားပြု ပုဂ္ဂလအတ္တ Representative self ၊ ဒါမှမဟုတ် တစ်ယောက်တည်းရဲ့ စကားသံ voice အဖြစ်ထားတာထက် အဲဒီ `ငါ´ကို `ဖွာ´လိုက်ရင်ကော။
ဘယ်သူ့`ငါ´ ၊ ဘယ်သူ့ကိုယ်စားပြု ၊ ဘယ်သူ့အသံမှန်းမသိတော့အောင် ၊ (၀ါ) ဘယ်သူမဆိုလည်းဖြစ်နိုင်အောင် `ဖွင့်´ ချလိုက်ရင်ကော။
တစ်ပုဒ်လုံးက `ငါ´အကြောင်းဖြစ်ပေမယ့် `ငါ´ဗဟိုပြုကဗျာပုံစံလည်းမဟုတ်တော့ပါဘူး။ ဗဟိုပြုစရာ `ငါ´ ဟာလည်းပုံသေ တစ်ဦးတစ်ယောက်မဟုတ်တော့ပြန်ဘူး။ အဲတော့ ၊ ဗဟိုပြုခြင်းလည်းပျက်ရော။
ဖတ်သူဘက်ကကြည့်ရင် `ငါ´ဗဟိုပြု ကဗျာတွေထဲက `ငါ´ ၊ သို့မဟုတ် `ငါ´လို့ မပါရှိရင်တောင် တစ်ဦးတစ်ယောက်က ပုံသေပြောနေတဲ့ Voice ထဲကို ဖတ်သူက ၀င်ပူးပြီး ဖတ်ရှုခံစားနားလည်တယ်လို့အဆိုရှိပါတယ်။ ဒီလိုကဗျာမျိုးပဲ ဖတ်တာများရင် `ငါ´ (၀ါ) Voice ပုံသေမရှိတဲ့ ကဗျာတွေ ၊ ဒါမှမဟုတ် ပုံသေတစ်ဦးတစ်ယောက်ရဲ့`ငါ´မဟုတ်ရင် ၊ Voice switch တွေလုပ်ထားရင် အမှီ ပြုစရာ ၊ ကျောက်ချစရာ ၊ ၀င်ပူးဖတ်စရာမရှိတဲ့အ တွက်ပြောစရာတော့ဖြစ်မယ်ထင်ပါတယ်။ အဲသလို ၀င်ပူးရမှမဟုတ်ပဲ ဖတ်သူ ကိုယ်တိုင်ဟာ လေပေါ်ကနေအောက်ခြေမြင်ကွင်းတွေလို ၀ဲလည်ရှုမှတ်ရတာ ကြိုက်ရင်တော့လည်း ဒီလိုကဗျာအဆင်မျိုးတွေကို နှစ်သက်နားလည်မယ်ထင်ပါတယ်။
အကယ်၍ ကဗျာရဲ့ လိုင်းတိုင်းမှာ `ငါ´ပါပေမယ့် `ငါ´ဗဟိုပြုကဗျာမဟုတ်ရင် ၊`ငါ´တွေပေး/ပြထားပြီး အဲဒီ`ငါ´ဟာ ဘယ်သူဆိုတာပျောက်ကွယ်နေရင် ၊ Unidentified ‘I’ နဲ့ missing Person ‘I’ တွေဖြစ်နေရင် အဲဒီ`ငါ´တွေကိုပဲ လိုက်ဖြည့်တွေးကြည့် တတ်ရင် တန်ဘိုးဖြည့်စွက်လိုက်တဲ့ အရသာ value – added taste ကိုရရင်လည်းရသွားမှာပဲပေါ့။ ဖတ်သူရဲ့ ဖတ်ကျင့်နဲ့ ပဲဆိုင်ပါလိမ့်မယ်။
အဲသလိုသဘောမျိုးနဲ့ `ငါဟာမီးစွဲလောင်နေတဲ့ မီးသတ်ကားဖြစ်တယ်´ကို ရေးတာဖြစ်ပါတယ်။ ခေါင်းစဉ်ဟာ ကဗျာတစ်ပုဒ် လုံးကို ကိုယ်စားမပြု၊ ကဗျာတစ်ပုဒ်လုံးရဲ့ အကြောင်းမဟုတ်ပဲ သူကိုယ်တိုင်ဟာ ကဗျာရဲ့ လိုင်းတစ်လိုင်းဖြစ်နေပါတော့တယ်။ ခေါင်းစဉ် အဖြစ်နေရာပေးထားပေမယ့် အနှစ်သာရအားဖြင့် ကဗျာထဲက အခြားလိုင်းတွေလို equal လိုင်းပဲဖြစ်ပါတယ်။ သူ့ကိုမကြိုက်ရင် သူ့နေရာ မှာအခြားဘယ်လိုင်းမဆိုအစားထိုးလို့ရအောင် `ဖွင့်´ ထားတဲ့ သဘောပါပဲ။
ဇေယျာလင်း
14 – Sep – 12