ရေလယ်မှာ ထိုးစိုက်ထားတဲ့ ၀ါးလုံးတိုင်

ပျိုမျစ်နုနယ်ရေ ၊ မင်းကိုယ်တိုင်ဟာ အယူအဆတစ်ခုပဲ
ဦးဏှောက်ဆဲလ်တွေယိုယွင်းလာပြီး အထုံးတွေဖြစ်ကုန်လို့
အလ်ဇိုင်းမားဖြစ်တယ်ဆိုတာမျိုးမနက်ဝေလီဝေလင်းမှာ
ကမ်းနားဘက်လျှောက်ချင်တာဟာ ပျောက်ဆုံးသွားတဲ့အမှတ်
ရမှုတွေရေပေါ်အရိပ်ဖြတ်ပြေးနေတာသွားကောက်ချင်လို့လား
လှပကျော့ရှင်းတဲ့ ရွက်လှေတွေနဲ့ အုဋ်တွေသယ်လာတဲ့ သမ္ဗာန်တွေကြား
သင်္ဘောဆီချေးမည်းတွေရေပေါ်အကွက်လိုက်မျောနေတာ မှတ်ဥာဏ်
ထဲမျောနေကြတဲ့ အမှတ်ရမှုအသေအပျောက်အထုံးတွေ . . . . .
ပျိုမျစ်နုနယ်လေးရေ ၊ အဲဒီသိမှုချေးညှော်တွေထဲကပဲနေ့သစ်
ဟာဟာနေရင်းနဲ့ပဲ ပေါ်လာတော့မယ်ထင်ရတယ် သစ်မျောတစ်စ

ရဲ့ ပိုးစားပေါက်တွေထဲ ပိုးကောင်လေးတွေ ၀င်ထွက်သွားလာ
ဆန္ဒဟောင်းတွေရဲ့ အစအနလေးတွေ ပါးစပ်လေးတွေထဲကိုက်ချီ
မင်းရဲ့ ဖိနပ်မပါခြေရာလှလှနုနုညက်ညက်လေးတွေနောက်တကောက်ကောက်
စိမ့်နေတဲ့ သဲပြင်ပေါ်မှာ နွေးနေတဲ့ နှလုံးလှိုင်းပုတ်သံနဲ့ ငါ့အတိတ်မှတ်တမ်း
စကားမပြောတဲ့ ရေထဲစိမ်ထားလိုက်ရင် . . . လို့ရရင်
စိတ်ခန်းတွေရဲ့ သော့တွေငါပြန်မှတ်မိပါ့မလား ပျိုမျစ်ရေ
GPS ကကြည့်လိုက်ရင်မင်းနဲ့ ငါရဲ့ မနက်ခင်းနဲ့ လမ်းလျှောက်ခြင်း
အမှတ်စက်လေးနှစ်ခုပဲပေါ်မလား စိတ်ကူး အိပ်မက်အစက်လေးတွေ
အယူအဆတစ်ခုကို သိပ်သိပ်သည်းသည်းခံစားနေရတာ ထိုငါပဲ
ရေတိုမှတ်ဥာဏ်သိမ်းဆည်းတဲ့ ဦးဏှောက်ထဲက ဟစ်ပိုကမ်းပတ်စ်
ဓါတ်မှန်မှာ တော်တော်လေးကျုံ့လာနေပြီ ပျိုမျစ်ရေ
ငါ့သက်တမ်းတစ်ချမ်းစာ နုနယ်တဲ့ ပျိုရွယ်လမ်းလျှောက်ဟန်လေးရေ
Vitamin E cox – 2 inhibitor Aricept အလ်ဇိုင်းမားဆေး
မရှိတဲ့ ကုထုံးတွေ သဲတွင်းလေးတွေထဲ ပြေးဝင် ဂဏန်းသေးသေးလေးတွေ
စောစောစီးစီး တဂီးဂီးနဲ့ အစာတောင်းတဲ့ ဇင်ယော်လေးတွေလေထဲဝဲထ
ပြီးအသည်းခိုက်ဖွယ်အိနြေ္ဒရရ ပြန်ကျတဲ့ မင်းရဲ့ ဆံပင်လေးတို့ရေ
ပျိုမျစ်ရေ ဒါဟာငါ့ရဲ့ နောက်ဆုံးစိတ်ဓါတ်ပုံအမှတ်ရမှုပဲ ဖစ်ပါစေ
ဆက်တလိုက်တ်ကနေပဲ အမှတ်စက်လေးနှစ်ခု effect နဲ့ ပူးသွားပါစေ
ဘ၀ဟာ ယာယီဆိုရင်
အမှတ်ရမှုဟာ ပြန်မပြောပြနိုင်တဲ့ အရှည်ကြီးပဲ
လှိုဏ်ခေါင်းထဲမှာ ဘာမှမမြင်ပဲ ငါလျှောက်လှမ်းနေတယ် နုနယ်ရေ။ ။

ဇေယျာလင်း
12 – Sept – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>