တစ်ခုစီဟာ သူ့အကြောင်းသူသိသမျှ ထပြောကြတယ်
ငါ့နာမည်ဟာ `မင်းဟာငါ့ဘ၀ကို လင်းလက်တောက်ပစေတယ်´။
အခြားလင်းလက်တောက်ပနေကြတဲ့ ဘာတွေလဲမသိတာငါ့နားမလာကြဘူး။
ဟိုမှိန်ကျသွားတဲ့ တစ်ယောက်ပြောခဲ့သလို `ရွှေလက်က အနူလာထိတာ ဘယ်သူ့အပြစ်´။
အမှောင်ခေတ်တစ်လျှောက်လုံး ငါဟာ ဟိုပြေးကပ် ဒီပြေးပျောက်တဲ့ အရိပ်ပဲ။
သိသမျှစကားလုံးတွေ လက်ချိုးရေနေတဲ့ကြားက လက်တွေကွယ်သွားတယ်။
`လေ-ထဲ-ပျံ-တဲ့-ယာဉ်´ အဲဒါပဲသိပြီး လေယာဉ်ပျံကို မသိဘူး။
ငါတို့ဟာ ကမ္ဘာကြီးပဲ။ လ, ကမ္ဘာကြီးပဲ။ ဟိုဂြိုလ်ကြီးဟာ ငါတို့အိပ်မက်။
မြို့လယ်ကနာရီမျှော်စင်မှာ စည်တော်သံတွေ စိမ့်ထွက်နေတယ်။ စိန။
ငါတို့ဘိုးဘွားပိုင် ဘုံအိပ်မက်ထဲက မြို့ရိုးတွေကို ဖြိုဖျက်လိုက်ကြတယ်။
အမှားတွေကို အကြောင်းပြချက်နံပါတ်စဉ်မထိုးတပ်တော့ဘူးတဲ့။ မထိုး။
အမှားတွေဟာ ရေမြေတောတောင်တွေလို သဘာဝတွေဖြစ်လာတယ်။
ဘာကိုပြင်ရမလဲ။ ဘယ်လိုပြင်ရမလဲ။ ဘယ်သူပြင်မလဲ။ ပြင်ရဲပြင်ကြည့်။
စစ်ကြီးအကြာကြီးဖြစ်ခဲ့တယ်။ ငါတို့နားမလည်တာတွေအများကြီးပဲ။
ငါတို့အစုလိုက်အပြုံလိုက် သေပေးလိုက်ရတယ်။ သတ်ခံရတာလည်း သေဆုံးတာပါပဲ။
ငါတို့ပြန်ရှင်သန်ထမြောက်လာကြတယ်။ ရောဂါစိမ်းတွေအများကြီးပဲ။
ညဥ့်လယ်မှာ ရေငတ်လို့ ငါအိပ်ယာထ ၊ မီးဖွင့် ၊ ရေထသောက်တယ်။ ဂလု ၊ ဂလု။
ခြင်ထောင်ထဲမှာ မင်းခွေအိပ်နေတာ သမိုင်းခေတ်ကြီး အလုံးလိုက်ပဲ။
အိပ်ချင်မူးတူးနဲ့ မင်းဂယောင်ဂတမ်းလားမသိ ညည်းတယ် ––
`မီးပိတ် ၊ မီးပိတ် ၊ လင်းနေရင် သွေးတွေမြင်လိမ့်မယ် ၊ ဘာလုပ်နေတာလဲ´။
အပြင်ကအရှိတရားဆိုတာကြီးကို ပိတ်လိုက်သလို ငါမှောင်ချလိုက်တယ်။
ခေတ်တွေခွေအိပ်ခဲ့ကြတဲ့ အိပ်စက်မှုထဲ ငါခုန်ဆင်းလိုက်တယ်။
တစောင်းအိပ်နေတဲ့ မင့်တင်ပါးကို သာသာလေးပုတ်လိုက်ပြီး
ငါ့ကိုငါ နာမည်ပေးလိုက်တယ်။ အမှောင်ဟာ နှာခေါင်းထဲစီးမ၀င်ခင်
ရေမည်းကြီးတွေ ပါးစပ်ထဲအပြည့်နဲ့ ငါကဗျာဆန်လိုက်သေးတယ်။
`မင်းဟာ ငါ့ရဲ့ အလင်းရောင်ပဲ´။ သူများပြောခဲ့တာနားထဲစွဲနေတာ
ပဲဖြစ်မှာပါ။ ငါ့ဦးဏှောက်က အဲသလောက်တွေ မထွက်တတ်ဘူး။
ငါဟာလည်း သူများစကားတွေထဲက ဘေးထွက်ပစ္စည်းဖြစ်မှာပါ။
အဲသလိုနဲ့ အလင်းရောင်ကို ငါတို့တွင်းထဲနက်နက်ဆင်းတူးရှာကြတယ်။ ။
ဇေယျာလင်း
26 – June – 12