ငါ့အကြောင်းငါပြောတာ ဘာဖြစ်လဲ၊ အရိန်းဂ်ျမင့်န်တ်ပဲ

အမျိုးသားဓနရှင်ရဲ့ အရင်းဟာ ငါ့ကိုလည်းလာအနံ့ခံတယ် ၊ ဘာရမလဲလို့။
ဘာကျမ်းမှ ကြိမ်စရာမလို ၊ ဖတ်စရာမလို ၊ သိစရာမလို ၊ လိုတာပဲရှိ ၊ ပိုတာမရှိ။
ဘာနဲ့နှိုင်းရမလဲ တောင်မသိတော့ဘူး။ ကောင်းပါတယ်လို့ပဲ သူလိုကိုယ်လို။
ငါ့ပေါ်မှာ ငွေတွင်းတူးဖို့ ငါ့ကို `ဖွံ့ဖြိုးမှု´ တံဆိပ်ကပ်လိုက်တယ်။
င့ါညာဘက်လက်ခလယ်နဲ့ ငါ့ညာဘက်နားထင်တို့ပြီး မင်းကို ဆလု ရိုက်လိုက်ပါတယ်။
ငါပြောချင်တာအဲဒါ ၊ ငါ့အတွေးထဲ ၀င်လာကြတာ ဒင်းတို့ကြေးစားခွေးအ, တွေ။

(ဒီကိစ္စနဲ့ ပတ်သက်လို့ ကွဲပြားခြားနားတဲ့ ရှုထောင့်ကို ဖတ်ချင်ရင်
–––––– ကိုရိုးသားစွာရည်ညွှန်းလိုက်ပါတယ်။ အတွေးအယ်ဒီတာ/ဆင်ဆာ။)

အဓိပ္ပါယ်ရှိတဲ့ ဘ၀ဟာ လူတစ်ယောက်ရဲ့ ပခုံးပဲ။
ခြေပဲထမ်းထမ်း ၊ သမိုင်းပဲတင်တင်။ ဟေ့ကောင် ၊ ငါဟာ နဟီးလစ္စလား။
`နှင့်လိုက်လျောညီထွေစွာဆက်ဆံခြင်း´ နဲ့ ဆင်ဆင်ဆက်စပ်ဝန်းကျင် အနီးတစ်ဝိုက်မှာ။
ဒီအမှိုက်များတဲ့ အလုပ်ပဲလုပ်ချင်နေတာ ၊ စရိုက်တွေနဲ့ ဖိုက်နေရတာ ၊ ဂွိုက်ပဲ။
`လူဆိုသည်မှာ . . . ´ သူ့ဒစ္စကော့စ်ထဲ သူနေရာအပီယူထားတယ်။ မာဂျင်လိုင်းတွေနဲ့။
ယူထားတဲ့ အခြေံမူကတော့

ပြယ်ရင်းရေးနေတဲ့ ကောက်ကြောင်းပဲ။ အဘိဓမ္မာတွေ။ ဖီလော်ဖါဆော်တွေ။
ဓါတ်သဘာဝတွေ ပထမဆုံး `ခြောက်´ (အင်္ဂလိပ်လို `ကလစ်´)
အံဝင်ဂွင်ကျဖြစ်သွားခဲ့တဲ့ အချိန် (နောက်ကြောင်းပြန် ၊ လိုသလိုသတ်မှတ်) ကနေ
ဒီနေ့ခင်္ဗျားဆိုတာကြီးဖြစ်လာတဲ့အထိ။ အနိစ္စသည် နိစ္စ။
စိတ်ဟာသူ့အရိုးတွေကိုလည်းချစ်တာပဲ။
စိတ်ဟာ သူ့သွေးသူပြန်စုပ်တဲ့ သွေးစုပ်ဖုတ်ကောင်ပဲ။ လှပ။
စိတ်ဟာ စကြ၀ဠာ။ အဲဒီမှာ ဖန်ဆင်းရှင် အယူအဆတစ္ဆေခြောက်နေတယ်။

ပါဝါအားလုံးဟာ အမှန်တရားတွေထုတ်လုပ် ၊ လွှဲပြောင်း ၊ ရောင်းစား ၊ ပေါင်နှံ။
မျှတမှုလှေခါးမှာ အထစ်တွေအများကြီးလပ်နေတယ်။
သုညကို တစ်ချမ်းချမ်းလိုက်ရင် လေပုပ်တွေထွက်လာဦးမယ်။
`မျှခြေမရှိတဲ့အတွက် ကမ္ဘာကြီးဟာလည်နေတယ်´ –– အက်ပီကျူးရပ်စ်
`မျှခြေမရှိတဲ့အတွက် ကမ္ဘာကြီးဟာ ဂျွမ်းပစ်နေတယ်´ ­­–– ဘာသာစကား
`င´ကတော့`၁´ရဲ့ ပြောင်းပြန်ပုံရိပ်ပဲ။ `င´ကိုရေးချ ၊`ငါ´ကိုရ၏။
`ငါ´ထဲဝင်ခြင်းဟာ မသိမှုထဲ ၀င်ခြင်းပဲ။ အ၀ိဇ္ဇာက လာပါသည်၊ ဘုရား။

ရိုးတွင်းချဉ်ဆီထဲမှာ ငါဟာလောကရဲ့ တစ်ဘက်စောင်းနင်းကံတရား။
ဒါဟာအမှန်တရား။ ဟီးဟီးဟားဟား။ ယီးတီးယားတားလာမလုပ်နဲ့။
ငြိနေတာလည်းဖြစ်နိုင်တယ်။ ရိနေတယ်ဆိုလည်း မိမိမငြင်းပါကြောင်း။
နောက်ကတစ်ကောက်ကောက်လိုက်နေတဲ့ ခွေးပိန်တစ်ကောင်
`ဟဲ့ ၊ ငါ့မှာ ကျွေးစရာဆိုလို့ ငါ့အတွက် စားစရာတောင်မရှိဘူး´။
အမြီးနှံ့ပြီး က၀ိမျက်နှာထားနဲ့ နှုတ်ခမ်းမွေးကားပြုံးပြတယ်။
သူ့သွားရည်တွေကို သူတရွှတ်ရွှတ်ပြန်လျက်လို့။
တစ်ယောက်ယောက်က တရားခွေဖွင့်လိုက်တယ် သက်သာလိုငြား
ထွက်လာတာ မြူးမြူးကြွကြွ ပေါ့ပ်သီချင်းနဲ့ ရင်သား။
အိပ်ပျော်ဖို့ တီဗွီကြည့်သူကကြည့်တယ်
အိပ်မပျော်လို့ တီဗွီကြည့်သူကကြည့်တယ်။
ဘယ်အပေါက်လိုက်ပိတ်ရမှန်းကို မသိတော့ဘူး။
ခံစားရလား။ မခံစားရဘူးလား။ ရင်ခံနေလား။ ထုံထိုင်းနေလား။

`ဒို့အမျိုးသားတိုင်းပြည်´နဲ့ တစ်နေရာရာမှာစခဲ့ဘူးကြပါလိမ့်မယ်။
ငါ့ကိုငါ ဘယ်နားသွားချထားမိပါလိမ့်နှယ်။
ကျိုးစားပမ်းစားနဲ့ တ၀ါးကြီးသန်းချပစ်လိုက်တယ်။
သဂရိတ် ၀ါး ။ ၀ါးးးးးးးးးး . . . . . ။

ငါမွေးတဲ့ စိတ် ငါ့ပြန်ခြောက်။
ငါကြောက်တဲ့ စိတ် ငါ့ပြန်မွေး။ ။

ဇေယျာလင်း
18 – Aug – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>