ငါဟာ မျိုးသုဉ်းတော့မယ့်သားမင်းဖြစ်တယ်။ ဟင့်အင်း၊ အဲဒါ ငါ့လျှပ်စစ်ဓါတ်
မဟုတ်တော့ဘူး။ ငါဟာ ရှားပါးတဲ့ ဧရာဝတီလင်းပိုင်ဖြစ်အံ့။ ယန်ဇီမြစ်မှာ
ငါမနေဘူး။ ငါဟာတရုတ်မဟာတံတိုင်းကြီးရဲ့ အုဋ်တစ်ချပ်ဖြစ်နေပြီလား။
အုဋ်ဖုတ်မြေထဲမှာ ငါ့အရိုးတွေ မီးထက်ပူပြင်းတယ်။ အဲဒါသမိုင်းပဲ။ ငါဟာ
ဘေထုပ်ထဲက တိုင်းပြည်တစ်ပြည် မဖြစ်ချင်ဘူး။ ကြည့်စမ်း၊ ငါ့နံရိုးတွေနဲ့
ကားဘော်ဒီလုပ်ထားတယ်။ ဓါတ်ဆီမဖြစ်ရပဲ ငါဟာမြောင်းဆီဖြစ်နေတယ်။
ငါဟာအသစ်စက်စက်ဘဏ်လုပ်ငန်းဖြစ်တယ်။ သင်တို့ဘိုးဘွားဘီဘင်တွေ
ငါ့ဆီလာမှတ်ပုံတင်ပါ။ ငါဟာပိုက်ရေဖြည့်ထားတဲ့ ရေသန့်ဗူးသစ်ဖြစ်တယ်။
ရေအောက်မြုပ်သွားတဲ့ရွာတွေလည်းဖြစ်တယ်။ ငါဟာဓနရှင်ဝါဒအပမ်းဖြေသွားတဲ့
ကိုယ်ဝန်ဖြစ်တယ်။ ငါဟာခေတ်ပြောင်းတော်လှန်ရေးရဲ့ ဓါးစာခံပြည်သူဖြစ်တယ်။
ငါဟာအာဏာရှင်စနစ်ရဲ့ ဘွတ်ဖိနပ်မှာ စွန်းထင်းနေတဲ့ အမှတ်ရမှုဖြစ်တယ်။
ဈေးပြိုင်စနစ်မှာ ငါဟာဈေးအမြင့်ဆုံးရသူလေးရဲ့ အပျိုမြှေးဖြစ်တယ်။ ငါဟာ
အလုပ်သမလေးရဲ့ ထမင်းချိုင့်ထဲက ထမင်းထဲမြှုပ်ထားတဲ့ ဘူးသီးကျော်တစ်ချောင်း။
နိုင်ငံတော်သစ်တည်ဆောက်ရေးဟာ ငါ့တစ်ကိုယ်လုံးမှာ ခုတ်ပိုင်းထားတာတွေချည့်ပဲ။
ငါ့ကိုယ်ငါ ဘာတည်ဆောက်ရမလဲဆိုတာ ငါသိတယ်။ ခွင့်ပြုချက်ရ ပုံစံတွေအတိုင်းပေါ့။
ငါဟာ ပလူပျံနေတဲ့ ဆောက်လုပ်ရေးမိတ္ထူတွေဖြစ်တယ်။ ငါဟာ သဘောထားကြီးတဲ့
ဥပဒေသားရေကွင်းဖြစ်တယ်။ ငါဟာ ပန်ထွက်လာသူတစ်ယောက်ဆိုရင် ကျန်ရစ်သူ
တစ်ရာဟာ ငါဖြစ်တယ်။ ဒီနေရာမှာ ငါ့လက်ဗွေကို နှိပ်တယ်။ ဒီကင်မရာရဲ့
မှန်ထဲ ငါ့တစ်ခေါင်းလုံး စိတ်တောင်မခတ် ထိုးသွင်းတယ်။ သင့်နံပါတ်ဟာ ဒါဒါဒါ
ဖြစ်တယ်ဆိုပြီး ငါဟာ နံပါတ်တစ်ခုဖြစ်သွားတယ်။ မင်းရဲ့ ခြံစောင့်ခွေးကို
ပစ်ကျွေးလိုက်တဲ့ အမဲလုံးဟာ ငါဖြစ်တယ်။ ငါဟာ ကွန်နက်ရှင်မကောင်းတဲ့
အရေးပေါ်သဘာဝဘေးအန္တရာယ်သတင်းဖြစ်တယ်။ ငါဟာ လွှတ်တော်အစည်းအဝေးမှာ
မပါရှိတဲ့ဝါကျတွေ ဖစ်တယ်။ ငါ့ကိုယ်ငါ ဘာမှမပိုင်ဘူးလို့ သိလိုက်ရတာကို
ငါ ဘာတရားမှ မကျနိုင်။ တက်နိုင်ဖျားရောက်သူဟာ တစ်ထစ်ချင်းမှာ ငါ့ကို
နင်းသွားတယ်။ အာလာဒင်မီးခွက် ငါကောက်ရပြီး မီးခွက်စောင့်ဘီလူးဟာ
ငါ့ဘာသာစကား နားမလည်ဘူး။ နတ်သမီးပုံပြင်ထဲက စုန်းမကြီးဟာ
တစ်ချိန်တုန်းက အဆိပ်ပန်းသီး ကိုက်စားမိတဲ့ နှင်းဖြူမင်းသမီးလေးပဲပေါ့။
ငါဟာ ကယ်တင်ရှင်မင်းသားကြီးရဲ့ စီးတော်မြင်း ဟီသံဇာနည်ကြီးဖြစ်တယ်။
မဟုတ်ဘူး။ ငါဟာ ကယ်တင်ရှင်မင်းသားကြီးစီးတဲ့ စီးတော်မြင်းကြီးရဲ့
ရှေ့ပြေးနမူနာ ပုံစံဖြစ်တယ်။ အဲသလိုပဲ ငါ့ကို ချေဖျက်လိုက်လို့ရတယ်။
ဘယ်လောက်ချေချေ၊ ငါဟာ ပန်ပေါင်းစည်းကြတဲ့ ရေမြှုပ်ဆဲလ်တွေဖြစ်တယ်။ ။
ဇေယျာလင်း
29 – July – 12