Zeyar Lynn - Poetry Parnassus

လန်ဒန်ပါနက်ဆပ်စ်ကဗျာပွဲတော်ပြန် ဆရာဇေယျာလင်းနဲ့ အင်တာဗျူး

မေး 1 လန်ဒန်ပါနက်ဆပ်စ်ကဗျာပွဲတော်ကို ဆရာတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီပွဲတော်အကြောင်း အရင်ပြောပြပါဦး ဆရာ။

ဖြေ။ ဒီလန်ဒန်ပါနက်ဆပ်စ်ကဗျာပွဲတော်ကတော့ Poetry Parnassus ဖြစ်ပါတယ်။ ယူကေမှာ စီစဉ်ကျင်းပတဲ့ ကဗျာပွဲတော်တွေထဲမှာ ဒီပွဲတော်ဟာ အကြီးမားဆုံးနဲ့ အထူးခြားဆုံးဖြစ်ပါတယ်။ ကဗျာပွဲတော်ဆိုပေမယ့် ကဗျာဆရာ ၊ ဆရာမတွေတင်မဟုတ်ပဲ နိုင်ငံတကာက ထိပ်တန်းပွဲတော်ကျင်းပရေးဒါရိုက်တာတွေ ၊ အနုပညာ အစီအစဉ်ပြုလုပ်တင်ဆက်သူတွေ ၊ ဘာသာပြန် ဆရာ/ဆရာမတွေ ၊ စာပေအနုပညာရပ်ဆိုင်ရာ ပညာရှင်တွေ ၊ အသိပညာရှင်တွေ ၊ အသိပညာဗဟုသုတဖြန့်ဖြူးသူတွေ ၊ စာအုပ်ထုတ်ဝေသူတွေ ၊ စာအုပ်တိုက်ပိုင်ရှင်တွေနဲ့ အယ်ဒီတာတွေလည်းတက်ရောက်ကြတဲ့ပွဲတော်ဖြစ်ပါတယ်။ ဘာကြောင့် အထူးခြားဆုံးလည်းဆိုတော့ ကမ္ဘာမှာ အိုလံပစ်အားကစားပွဲတော်ဆင်နွှဲခဲ့တာကြာပြီဖြစ်ပေမယ့် ကဗျာပွဲတော်နှင့်တွဲချိတ်တာ ကမ္ဘာမှာ ဒါဟာ ပထမဆုံးပါပဲ။ နောက်ဆုံးလည်းဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီနှစ်လန်ဒန် အိုလံပစ်ပွဲတော်ပြီးသွားလို့ နောက်ကျင်းပတဲ့ နိုင်ငံတွေဟာ အခုလို ကဗျာပွဲတော်ပါ ပူးတွဲကျင်းပချင်မှ ကျင်းပကြမှာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ နာမည်ကို အကြံပေးတာကတော့ ဗြိတိသျှရှေ့တန်းကဗျာဆရာတစ်ဦးဖြစ်သူဆိုင်မွန်အာမီတေ့ဂ်ျ Simon Armitage ဖြစ်ပါတယ်။ ဒီပွဲတော်ကျင်းပမယ့် Southbank Centre မှာသူဟာ poet – in – residence ဧည့်ကဗျာဆရာအဖြစ်ရောက်ရှိ နေထိုင်တုန်း ဒီကဗျာပွဲတော်ကြီးကျင်းပဖို့ ဗြိတိသျှကောင်စီနဲ့ ဗြိတိသျှအနုပညာရပ်များကောင်စီကို အကြံပြုပါတယ်။ အဲဒီ အကြံကို လက်ခံအတည်ပြုလိုက်တော့ သူတောင်အံ့ဩသွားရတယ်လို့ပြောပါတယ်။ ဒီပွဲတော်ကို ပါနက်ဆပ်စ်လို့ ခေါ်ရခြင်း အကြောင်းဟာ ဂရိဒဏ္ဍာရီမှာ ပါနက်ဆပ်စ်ဟာ ကဗျာနတ်ဖြစ်တဲ့ အပိုလို Apollo နဲ့ ကဗျာဈာန်ဝင်စားဖို့ မြူဆနတ်သမီး Muse တွေနေထိုင်တဲ့ တောင်ရဲ့ အမည်ဖြစ်ပါတယ်။ `ကဗျာနတ်ရဲ့ တောင်ပေါ်ပွဲတော်´ပေါ့ဗျာ။ အိုလံပစ်အဖွဲ့ဝင်နိုင်ငံတွေဆီက ကဗျာဆရာ/ဆရာမတစ်ဦးစီဖိတ်ကြားဖို့ စီစဉ်ပါတယ်။ ပွဲတော်ဟာ ကြီးမားတဲ့အတွက် ငွေကြေးအင်အားတော်တော်ခိုင်ဖို့လိုမှာ မလွဲပါဘူး။ ကျွန်တော်သိသလောက်ကတော့ ဒီပွဲတော်ကို ကျင်းပဖို့ စရိတ်ထည့်ဝင်သူတွေ Partners and Supporters ထဲမှာ ကိုးရီးယား ယဉ်ကျေးမှု ဋ္ဌာန ၊ ကိုးရီးယားယဉ်ကျေးမှု ၊ အားကစား ၊နဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်းဆိုင်ရာဝန်ကြီးဋ္ဌာန ၊ နျူးဇီလန် အနုပညာရပ်များကောင်စီ ၊ ဩစတြေးလျ အနုပညာရပ်များကောင်စီ ၊ ဒါအီဝါ အင်္ဂလိပ် – ဂျပန်ဖေါင်ဒေးရှင်း ၊ ဗြိတိသျှ ကောင်စီ။ အစိုးရတွေအနေနဲ့ ယူကေ ၊ ဩစတြေးလျ ၊ ဩစတြီးယား ၊ ချက် ၊ အိုင်ယာလန် ၊ ဟော်လန် ၊ ကိုလံဘီယာ ၊ နယ်သာလန် ၊ အက်စ်တိုးနီးယား ၊ လီသူအေးနီးယား ၊ ဂျော်ဂျီယာ ၊ ပိုလန်တို့ပါရှိကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာ စာအုပ် ထုတ်ဝေရေးလုပ်ငန်းရှင်တွေ ၊ ကဗျာဂျာနယ် ၊ မဂ္ဂဇင်းတွေရဲ့ အထောက်အပံ့တွေလည်းရရှိပါတယ်။

ပါနက်ဆပ်စ်ပွဲတော်ကို လန်ဒန်မြို့ ၊ သဲမ်စ်မြစ်ကမ်းနံဘေးက Southbank Centre မှာ ၂၆ ဇွန် ´၁၂ ကနေ ၁ ဇူလိုင် ´၁၂ အထိ ၆ရက်တိတိကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲတော်ရဲ့ အခမ်းအနားတွေကို သီးခြားခေါင်းစဉ်တွေနဲ့ ထုတ်ပြရရင် စုစုပေါင်း ၁၄မျိုးရှိပါတယ်။ World Poetry Summit (WPS) ကမ္ဘာ့ကဗျာထိပ်သီးပွဲတော်အပါအ၀င် ပါနက်ဆပ်စ်ခေါင်းစဉ် အောက်မှာကျင်းပတဲ့ အခမ်းအနားတွေ ၊ Round Table ဆိုတဲ့ စားပွဲဝိုင်းဆွေးနွေးပွဲတွေ ၊ International Poetry Fair (IPF) နိုင်ငံတကာကဗျာပွဲတော်အခမ်းအနားတွေ ၊ Book Launch (BL) ကဗျာစာအုပ်၊ ကဗျာပေါင်းချုပ်ထုတ်ဝေဖွင့်လှစ်ပွဲတွေနဲ့ နိုင်ငံတကာထိပ်တန်းကဗျာ မဂ္ဂဇင်းတွေနဲ့ မိတ်ဆက်ပွဲတွေ ၊ Anniversary Celebrations ဆိုတဲ့ ဘယ်နှကြိမ် ၊ ဘယ်နှနှစ် မြောက်အထိမ်းအမှတ်ပွဲအခမ်းအနားတွေ ၊ Rain of Poems ကောင်းကင်ကနေ ရဟတ်ယာဉ်နဲ့ ကြဲချတဲ့ ကဗျာထောင်သောင်း ချီရှိတဲ့ `ကဗျာမိုးရွာသွန်းခြင်း´ အစီအစဉ် ၊ Regional Events ဆိုတဲ့ ကမ္ဘာအရပ်အသီးသီးက ကဗျာပွဲအခမ်းအနားတွေ ၊ PEN စာရေးဆရာအသင်းကြီး စီစဉ်တင်ဆက်တဲ့ ခေါင်းစဉ်အောက်ကအခမ်းအနားတွေ ၊ Workshop အခမ်းအနားတွေအပြင် Environment ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ၊ Youth လူငယ် ၊ Children ကလေးသူငယ် ၊Women အမျိုးသမီးနဲ့ Translation ဘာသာပြန်ဆိုတဲ့ သီးခြားခေါင်းစဉ်တွေအောက်မှာ ကျင်းပတဲ့ အခမ်းအနားတွေလည်းရှိပါတယ်။ ခက်တာက အဲဒီအခမ်းအနား တွေဟာ တစ်ကြိမ်တည်း တစ်ပြိုင်တည်းပြုလုပ်ကြတာဆိုတော့ အခမ်းအနားတစ်ခုသွားတက်ရင်အခြားအခမ်းအနား ၄ – ၅ခုလောက် တက်လို့မရတော့ပဲ လွတ်သွားရပါတယ်။ အဲဒါကို ကျွန်တော်သိပ်နှမျောတာပဲ။

ကျွန်တော်တက်ခဲ့တဲ့ အခမ်းအနားတွေကတော့ အင်္ဂနေ့ ၂၆ ဇွန်မှာ WPS အောက်က Tradition vs Innovation တွေ့ဆုံဆွေးနွေးပွဲနဲ့ ပါနက်ဆပ်စ်ပွဲတော်ဖွင့်ပွဲအခမ်းအနားကဗျာရွတ်ပွဲတို့ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ထူးထူးခြားခြား ကဗျာဆရာ/ဆရာမ ၄ဦးပဲ ပါရှိပါတယ်။ ပါနက်ဆပ်စ်အကြံပေးသူ ဗြိတိသျှကဗျာဆရာ ဆိုင်မွန် အာမီတေ့ဂ်ျ ၊ အက်စ်တိုး နီးယားက ကဗျာဆရာမ ခရစ္စတီးနား အီဟင်န် ၊ စင်္ကာပူက ကဗျာဆရာ အယ်လ်ဗင်န် ပဲင် နဲ့ ကျွန်တော်ပဲဖြစ်ပါတယ်။ ပါနက်ဆပ်စ်ကဗျာပွဲတော်ကြီး တစ်ခုလုံးကို ဒီ ၄ ယောက်က ကဗျာတွေရွတ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် ။ ဗုဒ္ဓဟူးနေ့ ၂၇ ဇွန်မှာ Bones Will Crow: 15 Contemporary Burmese Poets မြန်မာ – အင်္ဂလိပ်ကဗျာစာအုပ်မှာ ကိုကိုသက်နဲ့ ပူးတွဲ ဘာသာပြန်သူဗြိတိသျှကဗျာဆရာ/အယ်ဒီတာ James Byrne ရဲ့ The Wolf ကဗျာမဂ္ဂဇင်းရဲ့ ၁၀ နှစ်မြောက် အခမ်းအနား မှာJames ရွေးချယ်တဲ့ ကဗျာဆရာ/ဆရာမ ၆ ဦးထဲက ကျွန်တော်ပါကဗျာတွေရွတ်ခဲ့ပါတယ်။ မနက်ပိုင်းမှာ PEN စာရေး ဆရာအသင်းကြီးရဲ့ ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့ပါတယ်။ ကြာသပတေးနေ့ ၂၈ ဇွန်မှာ Poetry Karaoke ဆိုတဲ့ အခမ်း အနားတက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်ဘာသာပြန်ခဲ့တဲ့ ဂျွန်အက်ရှဘရီရဲ့ ကဗျာကို မြန်မာလိုရွတ်ခဲ့ပါတယ်။ Southbank Centre Library ကဗျာစာအုပ်တွေပဲ ထားရှိတဲ့ စာကြည့်တိုက်မှာ ပါနက်ဆပ်စ်ပွဲတော်မှတ်တမ်းတင်အနေနဲ့ ကျွန်တော့်ကဗျာတစ်ပုဒ်(ဆလိုက်ရှိုး/slide Show) ကို အထူးပြုလုပ်ထားတဲ့ စက္ကူပေါ် ကျွန်တော့်လက်ရေးနဲ့ မြန်မာလို ရေးသားပြီး အဲဒီကဗျာကိုပဲ အသံသွင်းရွတ်ဖတ်နေတာကို ဗီဒီယိုရိုက်မှတ်တမ်းတင်ခဲ့ပါတယ်။ သောကြာနေ့ ၂၉ ဇွန်မနက်မှာ အီရန်ကဗျာဆရာမ မီမီခါလ်ဗတ္တီရဲ့ Advanced Creative Writing Workshop မှာတက်ရောက်ပါဝင်ဆွေးနွေးရေးသား ပြောဆိုခဲ့ပါ တယ်။ ညနေမှာ Maintenant အွန်လိုင်းကဗျာမဂ္ဂဇင်းအယ်ဒီတာ စတီဗင် ဖေါင်လာရဲ့ Celebrating the Experimental & Avant Garde အခမ်းအနားတက်ခဲ့ပါ တယ်။ စနေနေ့ ၃၀ဇွန်မှာ Bones Will Crow စာအုပ်ဖွင့်ပွဲအတွက် ထုတ်ဝေသူ Arc Publications ရဲ့ အခမ်းအနားမှာ ကျွန်တော်ကဗျာရွတ်ဖတ်ခဲ့ပါတယ်။ ကျွန်တော် လွတ်သွားတဲ့ အခမ်း အနား အစီအစဉ်တစ်ခုကတော့ Day of World Poetry on the World Service ဆိုတဲ့ BBC ရဲ့ အသံလွှင့်အစီအစဉ်ဖြစ်ပါ တယ်။ အဲဒီအသံလွှင့်အစီအစဉ်မှာ ထိုင်ဝမ် ၊ ဘရာဇီးလ် ၊ ဗီယက်နမ် ၊ ဆိုမာလီးယားက ကဗျာဆရာတစ်ဦးစီနဲ့ ကျွန်တော်ပါ ပါဝင်ဖို့ အားလုံးစီစဉ်ထားပြီးဖြစ်ပေမယ့် အဲဒီ BBC ဋ္ဌာနကို ကျွန်တော်လည်းမသွားတတ် ၊ သူတို့လည်း လာမကြို ၊ သွားရေး လာရေးဘယ်သူမှ မဆောင်ရွက်ပေးကြတဲ့အတွက် အဲဒီအစီအစဉ်မှာ ကျွန်တော်မပါလိုက်ရပါဘူး။ တနင်္ဂနွေ ၁ ဇူလိုင်မှာတော့ ကျွန်တော့်မိသားစုဆွေမျိုးကိစ္စတစ်ခုကြောင့် ဘယ်အခမ်းအနား အစီအစဉ်မှ မတက်ဖြစ်ခဲ့ပါဘူး။ အခြားအခမ်းအနားပွဲတွေမှာ လည်း ကျွန်တော်အချိန်ရှိရင်ရှိသလို ကြို့ကြားကြို့ကြားဝင်ရောက်နားထောင်ကြည့်ရှုခဲ့တာတွေလည်းရှိပါတယ်။ တော်တော် လေးဖြစ်ခဲ့တာကတော့ အဲဒီမှာ တွေ့ဆုံရင်းနှီးခွင့်ရခဲ့တဲ့ ကဗျာဆရာ/ဆရာမတွေနဲ့ပဲ ဆေးလိပ်ထွက်သောက်ရင်း ၊ ကော်ဖီ ထွက်သောက်ရင်းနဲ့ပဲ စကားလက်ဆုံကျကြပြီး အခမ်းအနားအစီအစဉ်တွေ မတက်ဖြစ်တော့တာပါပဲ။ အစီအစဉ်တွေကတော့ တစ်နေ့လုံးပါပဲ။ မနက် ၉း၀၀ကနေ ည ၁၀း၀၀နာရီ အထိပါပဲ။ အကယ်၍သာ ကျွန်တော်တို့မြန်မာကဗျာဆရာ/ဆရာမ ၅ ယောက်လောက်တက်ခွင့်ရခဲ့ရင်အခမ်းအနား အစီအစဉ်တွေခွဲတက်ကြပြီး အားလုံးပြန်စုလိုက်ရင်အချက်အလက်ဗဟုသုတ တွေ ဒီထက်မကရကြမှာပါပဲ။

London Southbank Centre မှာ ကျင်းပတဲ့ Poetry Parnassus ပွဲပြီးသွားတော့ Ledbury မြို့မှာကျင်းပတဲ့ Ledbury Literature Festival (စနေ – တနင်္ဂနွေ ၇ – ၈ ဇူလိုင်) နဲ့ Hebden Bridge မြို့မှာကျင်းပတဲ့ ပွဲတော် (တနင်္ဂနွေနေ့ ၈ ဇူလိုင်) တွေကိုပါတက်ရောက်ခဲ့ပြီး ကဗျာတွေ ကျွန်တော်ရွတ်ဖတ်ခဲ့ပါတယ်။

မေး 2 ဟုတ်ကဲ့။ ဆရာ့ကိုမှ ဘာဖြစ်လို့ ဖိတ်ခေါ်ရတာပါလဲ။ ဖိတ်ခေါ်တဲ့ အဖွဲ့အစည်းကိုလည်း သိချင်ပါတယ်။

ဖြေ။ အဲ.. အဲဒီမေးခွန်းက ဖြေရခက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်တိတိကျကျမသိရလို့ပါပဲ။ ကျွန်တော် သိသလောက်ပြောရရင်တော့ မနှစ်ကတည်းက Bones Will Crow လုပ်နေတုန်းက James နဲ့ကျွန်တော် အီးမေးလ်ပုံမှန် အဆက်အသွယ်ရှိပါတယ်။ ဒီစာအုပ်ဖွင့်ပွဲလုပ်ရင် လာနိုင်မလားလို့ ကျွန်တော့်ကိုတစ်ခါမေးဘူးပါတယ်။ စ စ ချင်းတော့ ကျွန်တော့်အတွက်လာဖို့ခက်တယ်လို့ပြောလိုက်ပါတယ်။ ဒီမှာ ကျွန်တော့်အလုပ်တွေကလည်းရှိနေတော့ ဒီအတိုင်းထားပစ် ခဲ့ဖို့မလွယ်တဲ့ကိစ္စပေါ့။ သူကတော့လာဖြစ်ဖို့တိုက်တွန်းပါတယ်။ ဒီစာအုပ်ထုတ်ဝေတဲ့ publisher တွေကလည်းလာစေချင် တယ်လို့ပြောပါတယ်။ အဲဒီမှာ လန်ဒန်မှာ ပါနက်ဆပ်စ် ကမ္ဘာ့ကဗျာပွဲတော်ကြီးလည်းကျင်းပစရာရှိပြီး အိုလံပစ်အားကစား အဖွဲ့အ၀င်နိုင်ငံအသီးသီးက ကဗျာဆရာ/ဆရာမတစ်ဦးစီဖိတ်ကြားဖို့ အစီအစဉ်ရှိကြောင်းလည်းသိရပါတယ်။ ဘယ်သူတွေ ဖိတ်ကြားမလဲဆိုတော့သူတို့ နိုင်ငံအသီးသီးမှာ ကဗျာနဲ့ပတ်သက်လို့ထင်ရှားသူလည်းဖြစ် ၊ နိုင်ငံတကာမှာဘာသာပြန်ကဗျာ စာအုပ်ထုတ်ဝေထားကြလို့ နိုင်ငံတကာကလည်းသိကြသူတွေဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းပြည်ပနာမည်ရ ပုဂ္ဂိုလ်တွေ ပေါ့။ ဒီစာအုပ်မထွက်ခင်ကတည်းက ကျွန်တော့်ကဗျာအချို့ကို ကိုကိုသက်နဲ့ James တို့က အင်္ဂလိပ်ဘာသာပြန်ပြီး ကဗျာ ဂျာနယ် ၊ မဂ္ဂဇင်းတွေမှာ ဖေါ်ပြခံခဲ့ရတာတွေရှိပါတယ်။ ဒတ်ခ်ျဘာသာစကားနဲ့လည်း ဘာသာပြန်ထားတာရှိတယ်လို့သိရပါ တယ်။ ပြီးတော့ ၊ နီးစပ်ရာ အခြားပုဂ္ဂိုလ်တွေကိုလည်းမေးမြန်းစုံစမ်းအကြံတောင်းတာတွေလည်းရှိပါတယ်။ ဥပမာ ၊ ဆရာ မောင်သာနိုး ၊ ကိုထိန်လင်း ၊ ဗစ်ကီဘိုးမင်းန် ၊ စသည်တို့ပေါ့။ ကျွန်တော်လန်ဒန်ရောက်သွားပြီးအခြားတိုင်းပြည်တွေက ကဗျာ ဆရာ/ဆရာမတွေနဲ့ တွေ့ရတော့သူတို့ကိုလည်း ကျွန်တော်မေးပါတယ်။ ဒီပွဲကို ဘယ်လိုတက်ရောက်ဖြစ်သလဲပေါ့။ သူတို့ရဲ့ publisher တွေအသီးသီးရဲ့ ဖိတ်ကြားမှုနဲ့ ရောက်လာတာလို့သိရပါတယ်။ အဲဒီတော့ ၊ ကျွန်တော်သွားရောက်ခွင့်ရခဲ့တာဟာ Bones Will Crow စာအုပ်ကြောင့်နဲ့ အဲဒီစာအုပ်ရဲ့ publisher တွေဖြစ်တဲ့ Arc Publications က Tony Ward နဲ့ Angela Jarman တို့ကြောင့်လို့ပဲထင်ပါတယ်။ လန်ဒန်ပါနက်ဆပ်စ်ပွဲအပြီး Tony နဲ့ Angela တို့နေထိုင်ရာ မြို့လေးဖြစ်တဲ့ Hebden Bridge မှာ ကျင်းပတဲ့ ကဗျာပွဲတော်မှာလည်းတက်ရောက် ကဗျာရွတ်ဖို့သူတို့ပဲ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ နောက်ကျွန်တော် သိတဲ့ တစ်ယောက်ကတော့ စင်္ကာပူကဗျာဆရာ Alvin Pang ။ သူ့ကိုလည်းဒီမြို့လေးမှာ ကဗျာရွတ်ဖို့ ဖိတ်ကြားတာဟာ သူ့ ကဗျာစာအုပ်ကို Tony နဲ့ Angela တို့ကထုတ်ပေးလို့ပဲဖြစ်ပါတယ်။ ကျွန်တော်ဒီလောက်ပဲသိပါတယ်။

မေး 3 အင်တာနက်မှာ ဆရာမောင်ချောနွယ်ရဲ့ ကဗျာကို အင်္ဂလိပ်လိုရွတ်တာ တွေ့မြင်နားဆင်လိုက်ရပါတယ်။ အဲဒီအကြောင်းလေးလည်းပြောပြပါဦး။

ဖြေ။ ဩော်အဲဒါကြည့်ပြီးပြီလား။ ကျွန်တော်တောင်မကြည့်ရသေးဘူး။ ကိုထိန်လင်းရဲ့ www.kaungkin.com ကထင်တယ်။ အဲဒါက ဒီလိုဗျ။ အဲဒီပွဲအခမ်းအနားတွေမှာ ဓါတ်ပုံ/ဗီဒီယိုရိုက်ခွင့်မရှိ ၊ အသံသွင်းခွင့်မရှိပါဘူး။ ပွဲအစမှာတင် အဲဒါတွေမလုပ်ဖို့ မေတ္တာရပ်ခံတားတာရှိတော့မလုပ်ကြပါဘူး။ ကျွန်တော့်အတွက်တော့ အဲဒါကျွန်တော်ဆုံးရှုံးတာပဲ။ အခုကျွန်တော့်ဒိုင်ယာရီထဲ မှတ်ထားတဲ့မှတ်စုတွေပဲရှိတယ်။ ထားပါတော့။ ဒါပေမယ့် ၊ အဲဒီကိုချောကဗျာရွတ်တဲ့အခမ်းအနားက James ရဲ့ The Wolf Magazine ရဲ့ ၁၀နှစ်မြောက်အခမ်းအနားပွဲဖြစ်ပါတယ်။ James ရဲ့ ပွဲပေါ့ဗျာ။ အဲဒီမှာ James နဲ့ ကိုထိန်လင်းတို့ကလည်း ခင်မင်ရင်းနှီးပြီးသားဆိုတော့ ကျွန်တော်ရွတ်တာကို ဗီဒီယိုရိုက်ခွင့်ရလိုက်တာပဲလို့ထင်ပါတယ်။ ကျွန်တော့်ကို အဲသလို ဗီဒီယို ရိုက်မယ်လို့လည်းကြိုပြောမထားပါဘူး။ ရွတ်ဖို့စင်ပေါ်တက်လိုက်မှ အဲဒီ ဗီဒီယိုကင်မရာကြီးနဲ့ ပက်ပင်းတိုးမိလိုက်ရတာပါ။ ကိုချောကဗျာရွတ်ဖို့ပြောတာကတော့ ကိုကိုသက်ပဲဖြစ်ပါတယ်။ Bones Will Crow မှာ ဖေါ်ပြပါရှိတဲ့ ကိုကိုသက်နဲ့ James တို့ဘာသာပြန်ထားတဲ့ `လူကြိုက်နည်းတဲ့ကောင်´ `Unpopular Chap´ဖြစ်ပါတယ်။ အဲဒီကဗျာကို အင်္ဂလိပ်လိုမရွတ်ခင် ကိုချောအကြောင်းနဲ့ သူတို့ခေတ်က ကဗျာနောက်ခံအကြောင်းနည်းနည်းပါးပါးပြောပြပြီးမှ ရွတ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ် တော်တော် ကြိုက်ကြပါတယ်။ အထူးသဖြင့် ရုရှကဗျာဆရာ အီလျာ ကာမင်းန်စကီး။ ပရိသတ်တွေရဲ့ နောက်ဆုံးမှာ မတ်တတ် ရပ်ပြီး နားထောင်နေသူပါ။ သူ့အကြောင်းဘာကြောင့်ထည့်ပြောရသလဲဆိုတော့ သူဟာ ငယ်ကတည်းက အကြားအာရုံဆုံးရှုံး ခဲ့ရသူပါ။ နားမကြားရတော့ သူက နှုတ်ခမ်းလှုပ်တာကို lip – read ဖတ်ပါတယ်။ ကျွန်တော်ရွတ်ဖတ်တာကို သူက ကျွန်တော့် နှုတ်ခမ်းအလှုပ်ကို ကြည့်ပြီးနားထောင်တယ်လို့ထင်ပါတယ်။ သူက လက်ဆွဲနှုတ်ဆက်ပြီး အရမ်းကြိုက်တယ်လို့ပြောပါတယ်။ very powerful လို့ပြောပါတယ်။

မေး 4 ဆရာအဲဒီမှာ ရွတ်ခဲ့တဲ့ ကဗျာတွေဟာ ဆရာ့ကဗျာတွေပဲလား။

ဖြေ။ မဟုတ်ပါဘူး။ ကျွန်တော့်ကိုဖိတ်တဲ့ပွဲပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော်ခေတ်ပြိုင်မြန်မာကဗျာကို ကိုယ်စားပြုတယ်လို့ သဘောထားပြီး ကျွန်တော့်ကဗျာတွေအပြင် အခြားခေတ်ပြိုင်မြန်မာကဗျာတွေကိုလည်း မြည်းစမ်းစေချင်လို့ ကျွန်တော် ကိုမိုးဝေးရဲ့ `ဗူဗူ ဇီလာ´ ၊ ကိုခင်အောင်အေးရဲ`မပျော်ရွှင်ခြင်းအရင်းကျမ်း´ ၊ အိန္ဒြာရဲ့ `လီလီ´ ၊ နဲ့ ပန်ဒိုရာရဲ့ `မြို့ပြသူလေး နဲ့ တစ်ညနေ´ တို့ကို မြန်မာ – အင်္ဂလိပ် ၂ဘာသာနဲ့ ဖတ်ပြခဲ့ပါတယ်။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အခြား voice တွေ ဘယ်လို ရှိကြလဲလို့ သိစေချင်တဲ့ သဘောပါ။ အဲဒီကဗျာတွေကိုလည်း ပရိသတ်အထူးကြိုက်နှစ်သက်ကြပါတယ်။

မေး 5 အဲဒီကဗျာပွဲတော်နဲ့ ပတ်သက်လို့ ကိုယ်ပိုင်အမြင်လေးပြောပြပါဦး ၊ ဆရာ။

ဖြေ။ အရှင်းဆုံးပြောရရင်တော့ ကဗျာမျက်စိအတော်ပွင့်ခဲ့ပြီး နိုင်ငံတကာ ကဗျာအတွေ့အကြုံအတော်ရခဲ့တာပေါ့ဗျာ။ အဲဒီမှာ ကဗျာဂိုဏ်း ၊ ကဗျာဝါဒ ၊ ကဗျာဗေဒတွေအကြောင်းပြောတာထက် ရွတ်ကြတဲ့ ကဗျာတွေရဲ့ နောက်ခံအကြောင်းကိုပဲ အကျဉ်း ပြောပြီး ကဗျာတွေရွတ်ခဲ့ကြတာပါပဲ။ အဲဒီနောက်ခံဆိုတာကလည်း ကဗျာဝါဒ ၊ ကဗျာဗေဒထက် အဆိုပါကဗျာရေးဖြစ်စေတဲ့ နောက်ခံအဖြစ်အပျက်လေးပဲဖြစ်ပါတယ်။ ကဗျာရွတ်ဖို့လာကြတဲ့အတွက် ကဗျာရွတ်တဲ့ ကိစ္စပဲလုပ်သွားကြတာလည်းဖြစ်ပါ တယ်။ ကဗျာဆရာ/ဆရာမ တစ်ဦးစီကိုလည်း မိနစ် ၂၀လောက်ပဲပေးတဲ့အတွက် ဘာမှရှည်ရှည်ဝေးဝေးမပြောကြပဲ တစ်ယောက်ကို ကဗျာ ၃ ပုဒ်လောက်စီရွတ်သွားကြတာဖြစ်ပါတယ်။ ‘Tradition and Innovation’ `အစဉ်အလာ ကဗျာနဲ့ ဆန်းသစ်တီထွင်ကဗျာ´ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲဟာလည်းတစ်နာရီပဲအချိန်ရပြီး နိုင်ငံတကာကဗျာဆရာ ၄ဦးနဲ့ presenter ရဲ့ အမေးအဖြေတွေဟာ ထဲထဲဝင်ဝင်မရှိခဲ့ပါဘူး။ Experimental Poetry ကဗျာအခမ်းအနားဟာလည်း ထိုနည်းလည်းကောင်းပါ ပဲ။ဘာကိုဘယ်လိုစမ်းသပ်တဲ့အနေနဲ့ ကဗျာတွေပြုလုပ်ကြတယ်လို့ပဲပြောပြီး အဲဒီစမ်းသပ်ကဗျာတွေကို ရွတ်ဖတ်ပြ ၊perform လုပ်ပြတာပဲတွေ့မြင်ခဲ့ရပါတယ်။ ဒီကိစ္စကို မက်စီဒိုးနီးယားကဗျာဆရာ နီကိုလာ မဒ်ဇီရော့ဗ်နဲ့လည်းပြောဖြစ်ပါသေးတယ်။ ဒီပွဲတော်မှာ ကဗျာဗေဒဆွေးနွေးပွဲတွေ များများစားစားပါရှိရင် ကောင်းမှာပဲလို့။ ပြီးတော့ ၊ ကျွန်တော်အဓိကသိချင်တဲ့ ကဗျာ ကိစ္စ ၂ ရပ်။ ပို့စ်မော်ဒန်ဝါဒကို တစ်နိုင်ငံနဲ့ တစ်နိုင်ငံလက်ခံသဘောထားပုံ ၊ အနက်ကောက်ပုံ ၊ ကျင့်သုံးပုံတို့မတူညီကြတဲ့ အတွက် နိုင်ငံအသီးသီးက ကဗျာတွေပေါ်ဘယ်လိုအကျိုးသက်ရောက်သလဲဆိုတာနဲ့ `ကွန်တမ်ပိုရာရီ´ ကိုဘယ်လိုအဓိပ္ပါယ် ဆိုကြသလဲဆိုတဲ့ ကိစ္စ။ နီကိုလာက သူလည်းဒါတွေသိရမလားလို့ လာခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ ခရိုအေးရှားကဗျာ ဆရာ ဒမီယာ ရှလိုဒန်ကလည်းဝင်ပြောပါသေးတယ်။ သူတို့ကဗျာလောကမှာလည်း အဆိုပါကိစ္စ ၂ ရပ်ဟာ ပြောစရာတွေ ဖြစ်နေပါတယ်တဲ့။ James ကိုပြောကြည့်တော့ ဒါဟာ ပွဲတော်စီစဉ်သူတွေရဲ့ အားနည်းချက်တစ်ရပ်လို့ပြောပါတယ်။ ဆလိုဗီးနီးယားက ကဗျာဆရာမ တာယာ ကရဲမ်ဘာဂါပြောတာကိုတော့ သဘောကျပါတယ်။ ဒီပို့စ်မော်ဒန်ကိစ္စတွေ ၊ ကွန်တမ် ပိုရာရီကိစ္စတွေ ၊ ကွန်တမ်ပိုရာရီဖြစ်မဖြစ်ကိစ္စတွေ ၊ ကဗျာဗေဒ ကဗျာဝါဒတွေကို အပြင်ကပဲ ဖတ်ရှုလေ့လာပြီး သူ့ကဗျာကို သူ့စံနဲ့ အကောင်းဆုံးဖြစ်အောင်ရေးတာပဲ သူ့အတွက်အရေးကြီးပါတယ်တဲ့။ ကောင်းလိုက်လေ။ ဒါပေမယ့် ဒီကိစ္စတွေကို သိစရာမလိုဘူးလို့တော့မပြောကြပါဘူး။ သူတို့နိုင်ငံတွေမှာလည်း ဘာသာစကားကဗျာရေးကြသူတွေရှိတဲ့အတွက် ဘာသာ စကားကဗျာနဲ့ သူတို့မစိမ်းကြပါဘူး။ ချားလ်စ် ဘန်းစတိုင်းန် (သူတို့က `ဘန်းစတိန်း´ ၊ James က `ဘန်းစတီးန်´ လို့အသံ ထွက်ကြပါတယ်) ရဲ့ နောက်ဆုံးထွက်တဲ့ စာအုပ်အကြောင်းပြောကြတော့ ကျွန်တော်မဖတ်ရသေးတဲ့အတွက် ဘာမှဝင်မပြော နိုင်ပဲနားပဲထောင်ခဲ့ရပါတယ်။ အဲဒီစာအုပ်ဖတ်ဖို့ကိုလည်း ကျွန်တော့်ကို တိုက်တွန်းလိုက်ကြပါသေးတယ်။ ဟုတ်ကဲ့ပါခင်္ဗျာ ၊ ရှာဖွေပြီးဖတ်ပါ့မယ်။ ဆိုလိုတာက သူတို့ဟာ ကဗျာချည်းသက်သက်ရေးကြတာမဟုတ်ပဲ စာတော်တော်ဖတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ တိုးတက်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဖတ်စရာတွေလည်း အလွယ်တကူရ ၊ ဖတ်ဖို့လည်းအချိန်ရ ၊ ဖတ်ခြင်းကိုလည်းအလုပ်တစ်ခုလို လုပ်ခွင့်ရကြတာ အားကျပါဘိဗျာ။

အဲဒီပါနက်ဆပ်စ်ပွဲတော်မှာ ရွတ်ဖတ်ခဲ့ကြတဲ့ ကဗျာတွေကို ကျွန်တော်ပုဂ္ဂလိကအမြင်နဲ့ပဲ သုံးသပ်ရရင်တော့ အာဗွန်ဂါဒ် – အိပ်စ်ပယ်ရီမန်တလ် အမျိုးအစားတွေထက် mainstream lyric ပင်မရေစီး လစ်ရစ်က်အမျိုးအစားကို အခြေခံပြီး စူးရှထက်မြက်တဲ့ နိမိတ်ပုံတွေ ၊ ဆန်းသစ်လတ်ဆတ်တဲ့စကားလုံးတွဲချိတ်သုံးစွဲပုံတွေ ၊ ကဗျာ အင်နာဂျီတွေ တလျှပ်လျှပ်စီး နေတာတွေနဲ့ အံ့ဩလောက်စရာ imagination စိတ်ကူးဥာဏ်အလုပ်လုပ်ပုံတွေတွေ့ကြုံပါဝင်ခံစားခဲ့ရပါတယ်။သူတို့ရဲ့ ကဗျာ making ဟာ တကယ်ကို ထက်ထက်ရှရှပါပဲ။ အားလုံးတော့မဟုတ်ပါဘူး။ အာဖရိကနိုင်ငံတွေက ကဗျာတွေကို ကျွန်တော် သိပ်အရသာမတွေ့ခဲ့ဘူး။ ရိုးစင်းတယ်လို့ထင်ပါတယ်။ ကျွန်တော့်ကဗျာသွေးကြောထဲ အရှိန်အဟုန်နဲ့ စီးဝင်လာကြတဲ့ ကဗျာ တွေဟာ ယခင်အရှေ့ဥရောပနိုင်ငံတွေ ၊ ယခင်ဆိုဗီယက်လက်အောက်နိုင်ငံတွေက ကဗျာတွေပဲဖြစ်ပါတယ်။ အနေအထား ချင်းတူလို့လားတော့မသိဘူးပေါ့။ ကျွန်တော့်ကို `ထိ´ ခဲ့တဲ့ ကဗျာတွေကို အခွင့်သာရင် ဘာသာပြန်ဖေါ်ပြဖို့ အစီအစဉ်ရှိ ပါတယ်။ အခုလည်း အချို့ကို www.zlkontempo.com မှာ တင်ထားတာရှိပါတယ်။

မေး 6 ဟုတ်ကဲ့ပါ။ အခြားခေတ်ပေါ် ၊ ခေတ်ပြိုင်မြန်မာကဗျာ ဆရာ/ဆရာမတွေအတွက်ရော ဆရာ့လို ခုလို နိုင်ငံတကာ ကဗျာ ပွဲတော်ကြီးတက်ရောက်ဖို့ဘယ်လိုအခွင့်အရေးတွေရှိပါသလဲ။ အခွင့်အရေးပေါ်ပေါက်လာရင်လည်း ဘာတွေပြင်ဆင်ထားဖို့ လိုပါသလဲ။

ဖြေ။ ဒီမေးခွန်းကိုဖြေရမယ်ဆိုရင် ၂ ပိုင်းခွဲပြောရမှာပေါ့နော်။ ကျွန်တော်သိသလောက်ပြောရရင်တော့ မနှစ်က ကိုလံဘီယာနိုင်ငံ ၊ မဒဲရင်းမြို့မှာ ကျင်းပခဲ့တဲ့ ကဗျာပွဲတော်ကို မင်းထင်ကိုကိုကြီးတက်ရောက်ခဲ့ပါတယ်။ လန်ဒန်မှာ ကျင်းပခဲ့တဲ့ ပွဲတစ်ခုမှာလည်း ခင်အောင်အေးတက်ရောက်ခဲ့ပြီး အောင်ချိမ့်ရဲ့ `တောလား´ကို ဖတ်ကြားခဲ့တယ်လို့သိရပါတယ်။ သူကမြန်မာလိုဖတ်ပြီး ကိုကိုသက်နဲ့ James တို့ရဲ့ အင်္ဂလိပ်ဘာသာပြန်ကို James က ဖတ်ခဲ့ပါတယ်။ ပြီး ၊ အင်ဒိုနီးရှား ၊ ဘာလီမှာ ကျင်းပခဲ့တဲ့ပွဲကို မောင်ပြည့်မင်းနဲ့ မောင်ဒေးတို့တက်ရောက်ခဲ့ကြပါတယ်။ ဒီနှစ်ထဲမှာပဲ ၊ ဘာလင်ကဗျာပွဲတော်ကို ခင်အောင်အေးတက်ရောက် စရာရှိပြီး လန်ဒန်ပွဲတော်တစ်ခုတက်ရောက်ဖို့ သစ္စာနီနဲ့ အိန္ဒြာတို့ကို ဖိတ်ကြားထားတယ်လို့သိရပါတယ်။

အဲဒီတော့ ၊ မေးခွန်းရဲ့ ပထမပိုင်းကိုပြောရရင် မြန်မာကဗျာဆရာ/ဆရာမတွေအတွက် နိုင်ငံခြားမှာ ၊ နိုင်ငံတကာ ကဗျာ ပွဲတော်တွေမှာ တက်ရောက်ဖို့ အခွင့်အရေးတွေ ပိုမိုရှိလာကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပွင့်လင်းလာမှု ၊ နိုင်ငံတကာရဲ့ နွေးနွေးထွေးထွေးလက်ခံလာမှု ၊ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာပြန်လည်ရရှိလာမှုတို့ရဲ့ အကျိုးဆက်အားဖြင့် မြန်မာ ကဗျာ အခြေအနေ ၊ အနေအထားကို စိတ်ဝင်စားမှု ပိုမိုရှိလာကြတဲ့အတွက် ရှေ့ဆက်နိုင်ငံ တကာကဗျာပွဲတော်တွေမှာ ဖိတ်ကြားခံကြရလိမ့်မယ်လို့ထင်ပါတယ်။ ဘယ်လိုပွဲမျိုးတွေရှိသလဲဆိုတော့ အနီးစပ်ဆုံးပြောရရင် အာဆီယံကဗျာ ပွဲတော် ၊South East Asia Write စာပေပွဲတော်၊ စင်္ကာပူကဗျာပွဲတော် ၊ကိုးရီးယားကဗျာပွဲတော် ၊ ကိုးရီးယား – အာဆီယံကဗျာ ပွဲတော် ၊ အာရှပစိဖိတ်ကဗျာပွဲတော်ဆိုတာတွေရှိကြပါတယ်။ ဟိုတုန်းကတော့ အာဆီယံပွဲတော်ဆိုရင် အစိုးရအချင်းချင်းပဲ အသိပေးတဲ့ G to G ကိစ္စဆိုတော့ကျွန်တော်တို့ အရပ်သားတွေအနေနဲ့ မသိခဲ့ရပါဘူး။ သိရင်လည်းပါဝင်တက်ရောက်ခွင့်မရ ခဲ့ကြပါဘူး။ ဒီနှစ်ဇန္န၀ါရီမှာ ဗီယက်နမ်မှာ ကျင်းပတဲ့ ဗီယက်နမ် – အာရှပစိဖိတ်ကဗျာပွဲတော်ကို ကျင်းပခဲ့တာ ကျွန်တော်တို့ မသိခဲ့ရပါဘူး။ ပွဲပြီးလို့အင်တာနက်မှာ သတင်းတင်လို့သာသိလိုက်ရတာဖြစ်ပါတယ်။ အဲသလိုမျိုးတွေပေါ့နော်။ အဆက် အသွယ်မရှိတာတွေ ၊ ချောင်ထိုးခံထားရတာတွေ ၊ မသိမသာ (သို့မဟုတ် ၊ သိသိသာသာ) မျက်ကွယ်ပြုခံထားရတာတွေဟာ အခုတော့ ယခင်ကလို ဆိုးဆိုးဝါးဝါးကြီးမရှိတော့ဘူးလို့ထင်ပါတယ်။

နောက်တစ်ခုက ဘယ်သူက ၊ ဘယ်တိုင်းပြည်က ၊ ဘယ်အဖွဲ့အစည်းက ခေါ်မလဲဆိုတဲ့ ကိစ္စ။ ဒါဟာလည်း နိုင်ငံတကာ ကဗျာ network နဲ့ အများကြီးဆိုင်ပါတယ်။ ဥပမာ ၊ လန်ဒန်မှာ ကျွန်တော်တွေ့ဆုံရင်းနှီးခဲ့ရတဲ့ စင်္ကပူကဗျာဆရာ/အယ်ဒီ တာ Alvin Pang ဆိုရင် သူစင်္ကာပူပြန်ရောက်ရောက်ချင်းကျွန်တော့်ကို အီးမေးလ်တစ်စောင်ပို့လိုက်ပါတယ်။ Bones Will Crow စာအုပ်ကနေ လက်ရှိမြန်မာကဗျာအနေအထားကို သူသိလိုက်ရတော့ သူတော်တော်လေးစိတ်ဝင်စားသွားတာကို ဩစတြေးလျက သူ့မိတ်ဆွေကဗျာဆရာ/အယ်ဒီတာတွေကို သူဖေါက်သည်ချမိကြောင်း ၊ အဲဒီဩစတြေးလျက ပုဂ္ဂိုလ်တွေ ဟာလည်း ချက်ချင်းပဲ မြန်မာကဗျာတွေကို စိတ်ဝင်တစားသိရှိလိုကြောင်းဆိုတဲ့ သတင်းပါရှိပါတယ်။ မရှေးမနှောင်းပါပဲ၊ ဩစတြေးလျက ကဗျာမဂ္ဂဇင်း အယ်ဒီတာတစ်ယောက်ဟာ ကျွန်တော့်ကို အီးမေးလ်တစ်စောင်ပို့ပါတယ်။ သူ့မဂ္ဂဇင်းမှာ ဖေါ်ပြဖို့ မြန်မာကဗျာဆရာ/ဆရာမ ၆ဦးရဲ့ ကဗျာတစ်ပုဒ်စီကို အင်္ဂလိပ်ဘာသာပြန်ပြီးသူ့ဆီပို့ပေးဖို့။ အဲဒါလည်းတတ်နိုင်သ လောက် လုပ်ရပါဦးမယ်။ ဆိုလိုတာက ၊ network ပါ။ အဲဒီ network ကတစ်ဆင့် sponsor ၊ အဲဒီကတစ်ဆင့် ကဗျာပွဲတော် တက်ရောက်ဖို့ ဖိတ်ခေါ်စာ။ ဒါမျိုးတွေဟာ ကျွန်တော်တို့ဆီမှာ ပန်းချီနဲ့ ပါဖေါ့မင့်စ်လောကမှာရှိခဲ့တာကြာပါပြီ။ ကဗျာမှာတော့ အခုမှစနေပြီလို့ထင်ပါတယ်။ ကောင်းသော အလားအလာတွေ အမှန်တကယ်မြင်ပါတယ်။ မကြာမီကပဲ၊ မောင်ဒေးစီစဉ်တဲ့ ယိုးဒယား လေ့လာရေးခရီး အစီအစဉ်မှာ မိုးဝေး ၊ စုမီအောင် ၊ မိုးသက်ဟန် ၊ မြေမှုန်လွင်နဲ့ အခြားဆရာ/ဆရာမတွေ ပါဝင်ခဲ့ ကြတယ်လို့ကြားသိရပါတယ်။

မေးခွန်းရဲ့ ဒုတိယပိုင်းကိုပြောရရင်တော့ အဲသလိုအခွင့်အလမ်းတွေပေါ်ပေါက်လာတဲ့အခါ မိမိတို့ဘက်က ဘာတွေရှိထားသင့် ၊ ဘာတွေပြင်ဆင်ထားသင့်တယ်ဆိုတာပေါ့။ အနည်းဆုံးတော့ ကိုယ်ပိုင်လုံးချင်းကဗျာစာအုပ်ထုတ်ဘူးရမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့်အပြောမဟုတ်ပါဘူး။ သူတို့ရဲ့ စံပါ။ ကဗျာစာအုပ်ထုတ်ဘူးခြင်းအားဖြင့် ကဗျာလောကမှာ အမည်ရသူအဖြစ်သူတို့ သတ်မှတ်ကြလို့ပါ။ပြီးတော့ ပြည်တွင်းပြည်ပ အထင်ကရ ကဗျာဆုတွေရရှိထားသူ။ ပြည်ပကဗျာဂျာနယ် ၊ မဂ္ဂဇင်းတွေမှာ အင်္ဂလိပ်ဘာသာပြန်ဖေါ်ပြပါရှိသူ။ ပြည်တွင်းလောကမှာ အများသိနာမည်ရှိပြီးသူ။ ပြည်တွင်းကဗျာအနေအထားကို နှံ့နှံ့စပ်စပ် သိထားတာအပြင် နိုင်ငံတကာကဗျာတွေ ၊ ကဗျာဆရာ/ဆရာမတွေအကြောင်းတီးမိခေါက်မိထားသူ။ ပြည်တွင်းကဗျာဖွံ့ဖြိုးရေး လုပ်ငန်းများလှုပ်ရှားဆောင်ရွက်သူ။ ကဗျာ network တွေက သိထားသူပေါ့ဗျာ။ ဘာကြောင့်လည်းဆိုတော့ ဘယ်သူ့ကို ဖိတ်ကြားမလဲဆိုတဲ့ ကိစ္စဟာ တစ်ယောက်တည်း ၊ အဖွဲ့အစည်းတစ်ခုတည်းက ဆုံးဖြတ်မှာ မဟုတ်ပဲ ဖိတ်ကြားလိုတဲ့ ပုဂ္ဂိုလ် အကြောင်း network ကတစ်ဆင့် မေးမြန်းစုံစမ်းကြမှာဖြစ်ပါတယ်။ ပွဲတော်တွေမှာ စကားပြန်တွေရှိပေမယ့် အင်္ဂလိပ်ဘာသာ စကားတတ်ခြင်း ၊ မတတ်ခြင်းဟာလည်း အရေးပါတဲ့ ကိစ္စတစ်ခုပါပဲ။ ကဗျာအကြောင်းဆွေးနွေးပြောဆိုကြမယ်ဆိုရင် စကား ပြန်နဲ့ အလုပ်မဖြစ်တာတွေရှိလို့ပါ။ ကဗျာဆရာ/ဆရာမအချင်းချင်းတွေ့ဆုံပြောဆိုကြရင်လည်း အင်္ဂလိပ်စကားမပြောတတ် တဲ့အတွက် ၀ိုင်းထဲမှာပဲ ဘေးရောက်နေရပါတယ်။ လန်ဒန်ပွဲမှာ အဲသလိုကဗျာဆရာ/ဆရာမတွေကို တွေ့ခဲ့ရပါတယ်။ သူတို့ ဆီကဘာစကားမှမရတာမျိုး ၊ သူတို့ပြောနေတာကို ဘယ်လိုမှနားမလည်တာမျိုးဆိုရင် စကားဟာသူတို့ဆီမရောက်တော့ပဲ သူတို့ကိုကျော်ကျော်သွားတဲ့အဖြစ်ရောက်ရှိသွားပါတော့တယ်။ အားလည်းနာ ၊ အားလည်းမနာတော့ပါဘူး။ နောက်ဆုံးတစ်ခု ပြောရရင်တော့ ကိုယ်ရေးမှတ်တမ်း biography လေးပြည့်ပြည့်စုံစုံ ရှိထားရင်ကောင်းတာပေါ့။ ဒါဟာ ပုံမှန် procedure ကို ပြောတာပါ။ ဒါတွေတစ်ခုမှမရှိပဲ အရမ်းကံကောင်းပြီး ဖိတ်ကြားခံရတာတွေလည်း မရှိဘူးလို့ မပြောနိုင်ပါဘူး။ ကိုယ့်ကဗျာ အလုပ်ကို ကိုယ်ယုံယုံကြည်ကြည်နဲ့ စွဲစွဲမြဲမြဲစိုက်စိုက်မြိုက်မြိုက်လုပ်နေဖို့အဓိကပါပဲ။

မေး 7 ဒီပါနက်ဆပ်စ်ပွဲတော်တက်ရောက်ခွင့်ရရှိလို့ ဆရာ့အတွက် ဘယ်လိုအကျိုးရှိခဲ့ပါသလဲ။ ခေတ်ပြိုင်မြန်မာကဗျာလောကအတွက်ကော ဘယ်လိုအကျိုးရှိခဲ့ပါသလဲ။

ဖြေ။ အထက်ပါပြောခဲ့သလိုပါပဲ ၊ ကျွန်တော့်တစ်ကိုယ်စာအတွက် ကဗျာလင်းပွင့်မှုတွေရခဲ့ပါတယ်။ ခေတ်ပြိုင်မြန်မာကဗျာလောက အတွက် ဘယ်လိုအကျိုးရှိခဲ့သလဲဆိုရင် နိုင်ငံတကာကဗျာဆရာ/ဆရာမတွေနဲ့ ပရိသတ်တွေရဲ့ အသိထဲမှာ မြန်မာဆိုတာရယ် ၊ခေတ်ပြိုင်မြန်မာကဗျာဆိုတာရယ်ကိုစွဲမှတ်သွားကြတာပဲဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကို မသိသူတွေအများကြီး ပါ။ ဒေါ်စုကိုသိပြီး မြန်မာကို မသိကြပါဘူး။ အဲဒါ သူတို့အပြစ်ပဲထားပါတော့။ အခုတော့ သိသွားကြပြီပေါ့။ မြန်မာဆိုတာ ကမ္ဘာကြီးရဲ့ ဘယ်နားမှာ ၊ ဘယ်လိုအမှောင်ကျခဲ့ပြီး အခုဘယ်လိုပွင့်လင်းလာချိန်မှာဘယ်လိုအန္တရာယ်တွေနဲ့ကြုံ ၊ ဘယ်လို အနာဂတ်တွေတည်ဆောက်စရာစိမ်ခေါ်မှုတွေရှိနေတာ ၊ စသည်ဖြင့်ပေါ့။ ပြီးတော့ ၊ ဟောဒီမှာ ၊ ခေတ်ပြိုင်မြန်မာကဗျာတွေ ဟာ ဒီလိုရှိတယ် ၊ ဒီလိုအဆင့်အတန်းရှိတယ် ၊ ဒီလိုရင်ဘောင်တန်းနိုင်တယ်ဆိုတာပေါ့။ အထက်မှာ ပြောခဲ့သလို မြန်မာနဲ့ ခေတ်ပြိုင်မြန်မာကဗျာကို အာရုံစူးစိုက်စိတ်ဝင်စားမှုပြုလာကြပြီပေါ့။ ဒါပေမယ့် ၊ ကျွန်တော်တို့ခေတ်ပြိုင်ကဗျာတွေ ဒီထက် ဖွံ့ဖြိုးဖို့ အားသွန်ခွန်စိုက်လုပ်ကြရပါဦးမယ်။ အခုနိုင်ငံတကာက သိလိုက်ရတဲ့ ခေတ်ပြိုင်မြန်မာကဗျာတွေအပြင် နိုင်ငံတကာက မသိကြရသေးတဲ့ ခေတ်ပြိုင်မြန်မာကဗျာတွေကိုလည်း သူတို့သိအောင် လုပ်ကြရမှာ ဖြစ်ပါတယ်။

မေးမြန်းသူ – ခိုင်ပြည့်စုံ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>