ငါ့ကိုယ်ငါ လုပ်ကြံပစ်လိုက်မယ်။ ဒီမှာကြည့် . . . .

ငါ့ကိုငါလုပ်ကြံပစ်လိုက်မယ်။ ဒီမှာကြည့် ၊ စည်းကမ်းရှိရှိ ၊
နည်းလမ်းကျစွာ ၊ ခွင့်ပြုချက်နဲ့အညီ ၊ ငါ့ဆံပင်ဖြူတွေ ငါဆွဲနှုတ်နေပြီ။
ငါဟာ crazy လား။ ရူးနေတာ ငါမဟုတ်ဘူး ၊ သူတို့တွေ။ ငါ့ကိုငါလည်း
မ crazy ဘူး။ ဘာမှ အရူးအမူးမရှိဘူး။ တစ်မူးဘိုးလည်းမသာဘူး။
တစ်မတ်တောင်မရှိဘူး။ ငါ့ကိုငါပေါက်ကွဲမှုနဲ့ ငါ့ကို ငါစုံစမ်းစစ်ဆေးလိုက်တာ
တာဝန်အရ လက်လွန်သွားလို့ ငါ့အရှေ့အလယ်ပိုင်းသေသွားတယ်။
ယာဉ်ကြောပိတ်စို့လို့ မိုးပျံတံတား ကန်ထရိုက်ငါပဲရတယ်။ မကျွမ်းမကျင်နဲ့
ငါဟာမိုးပေါ်မြောက်သွားတယ်။ ယာဉ်ကြောတွေ ထပ်ပိတ်ဆို့သွားကြတယ်။
ရေမြုပ်သွားတဲ့ လယ်ကွင်းတွေထဲမှာ ငါဟာ ယန်စီကဆင်းလာတဲ့ မိကျောင်းပဲ
မိတ်လိုက်ရာသီမို့ ဘယ်လင်းပိုင်ဖြစ်ဖြစ် ငါဖိုသံပေးနေတယ်။ `ကွင်း´ `ကွင်း´။
ပြန်လည်ဖေါ်ပြမှုတွေထဲမှာ ငါလည်းထို့အတူ တစ်ဗျည်းတစ်သရတစ်သံတစ်လုံး။
ငါဟာ ဥပဒေကိုလေးစားလိုက်နာတယ်။ မြစ်ဆုံရဲ့ ဒေါင်းအက။
ငါဟာ အချိန်မရွေးပေါက်ကွဲသွားနိုင်တယ်။ စိန – ဂျာဂျာ ချစ်ကြည်ရေး။

`ငါ့နှလုံးသားတစ်ချက်ခုန်လိုက်တိုင်းသည်´စနက်တံကို စမ်းစမ်းနေတာဖြစ်တယ်။
ငါဟာ လေထဲပေါလောပေါ်မျောနေကြတဲ့ စိုးရိမ်သောကတွေရဲ့ ဖိအားတိုင်းစက်။
ဒါဟာ ငါပြောနေတာတွေမှဟုတ်ရဲ့လား။ ငါ့ကိုဘာတွေလာပြောခိုင်းနေတာလဲ။
ငါ့အသိကို ဘာတွေပို့ချနေတာလဲ။ မဟုတ်ဘူး ၊ ငါဟာလွတ်လပ်တဲ့လူသား။
မဟုတ်ဘူး။ ငါဟာစာသားများရဲ့ ရက်ထည်။ မဟုတ်ဘူး ၊ ငါဟာ နိုင်ငံတော်
အလံလိုပဲ ၊ ရောင်စုံနဲ့။ `ရောင်စုံမီး များကြားမှာ ဂစ်တာလေးတီးလို့သာ´
ငါ့မျက်လုံးတွေဟာ ပရိတ်သတ်ထဲကနေ ငါ့ကို စစ်ဆေးသုံးသပ်နေကြတယ်။
ငါ့ကိုငါအကြမ်းပတမ်းဖက်နမ်းပြီး င့ါကိုငါပါးရိုက်ပစ်လိုက်တယ်။
လက်ကိုကြိုးတုပ်ပြီး ကင်မရာဘက်အလိုတူစွာ အွန်လိုင်းပေါ်တက်လိုက်တယ်။
ငါဟာပြစ်မှုမြောက်ပြီး အချက်အလက်မပြည့်စုံသေးတဲ့ မျက်မြင်သက်သေပဲ။
နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ငါဟာ ဆန်ကုန်မြေလေး (လုပ်ထုံးလုပ်နည်းနဲ့)
သေဒဏ်ချမှတ်လိုက်တယ်။ မမြင်ကွယ်ရာမှာ ၊ ညွှန်ကြားချက်အတိုင်း။
ငါ့ကိုအပိုင်းပိုင်းခုတ်ပြီး အရပ်ရှစ်မျက်နှာမှာ မြှုပ်နှံလိုက်ကြတယ်။
အဆိပ်ပင်တွေပေါက်လာပြီး အဆိပ်သီးတွေတောက်တဲ့လိုဈေးကောင်း။
ဘယ်သူမှမသိရအောင် ငါသေသွားခဲ့တယ်
အားလုံးသိသွားတော့ ငါ ပြန်ရှင်လာတော့တယ်။
ငါဟာ အမှန်တရားကို မူးယစ်ဆေးဝါးလို ရာဇ၀တ်သင့်စွာစွဲနေသူ
(အမှန်တရားဆိုတာဘာလဲ ၊ ငါ့ကို လူပြိန်းစကားနဲ့ ရိုက်သွင်းပါ)။
သမိုင်းဆိုင်ရာ အခန်းကဏ္ဍကို တိရိစ္ဆာန်ရုံထဲက ထမ်းဆောင်တယ်
ငါဟာ ဟိမ၀န္တာ ဠင်းတပဲ။ ဂီး . . . ၊ ဂီး . . . ။ အို ၊ ပြည်သူငဲ့ ၊
ငါ၏တေးရိပ်တွင် သင့်အားချွေးသိပ်စေအံ့။ ဂီး . . . ၊ ဂီး . . . ။
ဘီးလက်ဆောင်ရတဲ့ အချိန်မှာ ငါဟာပြုန်းတီးသွားတဲ့ ခေါင်းတုံးကောင် ။ ။

ဇေယျာလင်း
27 – Aug – `12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>